Skip to content

အယ်နီညိုကြောင့်ပိုပူလာတဲ့နွေရာသီမှာ ကိုယ်ခံအားနဲ့ အလှအပအတွက် သဘာဝအဖျော်ယမကာများ

လက်ရှိမှာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို ဖြတ်သန်းနေရပြီနော်။ မိုးလေဝသပညာရှင်တွေရဲ့ သတိ ပေးချက်အရ ဒီနှစ် ၂၀၂၆ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပါ သမိုင်း မှတ်တိုင်သစ်တစ်ခု ထူလာနိုင်တယ်လို့ သိရပါတယ်။

အယ်လ်နီညိုရဲ့ နောက်ဆက်တွဲအရှိန်၊ Heat Dome ဖြစ်စဉ်နဲ့ ကမ္ဘာကြီးပူနွေးလာမှုတို့ကြောင့် ဒီနှစ်ရဲ့ ပျမ်းမျှ အပူချိန်ဟာ စံချိန်တင် ၁.၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ပါတယ်။ အိမ်နီးချင်း ထိုင်း နိုင်ငံမှာ အပူချိန် ၄၂-၄၃ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး မြန်မာနိုင်ငံအတွက် လည်း သတိထားရမယ့် အခြေအနေပါ။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပူချိန် မြင့်တက်ပြီး ရန်ကုန်၊ ဧရာဝတီလို ကမ်းရိုးတန်းဒေသတွေမှာတော့ စိုထိုင်းဆများတဲ့ မွန်းကြပ်ဖွယ်ရာ ရာသီဥတုမျိုး ကို ကြုံတွေ့ရဖို့ ရှိပါတယ်။

ဒီလိုပြင်းထန်တဲ့ အပူဒဏ်ကို ကျော်ဖြတ်နိုင်ဖို့ ရေဓာတ်ဖြည့်တင်းဖို့နဲ့ ခန္ဓာကိုယ်တွင်းအပူကို လျှော့ချ ဖို့က အဓိကကျပါတယ်။ ဒီဆောင်းပါးမှာတော့ ပူပြင်းတဲ့ ရာသီဥတုမှာ ကျန်းမာရေးနဲ့ အလှအပအတွက် အထူးအထောက်အကူပြုမယ့် သဘာဝအဖျော်ယမကာနှစ်မျိုးအကြောင်း ဖော်ပြပေးချင်ပါတယ်။ ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့အရာတွေ၊ ကိုယ့်ဒေသထွက်ပစ္စည်းလေးတွေကို သုံးပြီး ကျန်းမာ ရေးထွက်‌ပေါက်ရှာတဲ့အလေ့အကျင့်လေးကို မျှဝေလိုက်ပါတယ်။

၁။ စွန့်ပစ်ပစ္စည်းမှသည် အဖိုးတန် စူပါအစားအစာ- Cascara (ကော်ဖီသီးခွံခြောက်)

ကော်ဖီချစ်သူတွေ သတိထားမိကြမယ်ထင်ပါတယ်။ ကော်ဖီစေ့ထုတ်ပြီးလို့ ကျန်ခဲ့တဲ့ ကော်ဖီချယ်ရီသီး ရဲ့ အခွံကို Cascara လို့ခေါ်ပါတယ်။ စပိန်ဘာသာအရ “အခွံ” လို့ အဓိပ္ပာယ်ရပြီး ယခင်က စွန့်ပစ် ပစ္စည်းလို့သတ်မှတ်ခဲ့ကြပေမယ့် ယခုအခါမှာတော့ ကမ္ဘာကျော် စူပါအစားအစာ တစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါပြီ။

သူ့အရသာနဲ့ ထူးခြားချက်ကကော်ဖီနဲ့မတူဘဲ စတော်ဘယ်ရီ၊ ဇီးသီးခြောက်၊ မက်မွန်သီးခြောက်တို့လို ချိုချဉ်မွှေး အရသာရှိပြီး ရေနွေးဖျော်သောက်ပါက သစ်သီးလက်ဖက်ရည်ကြမ်း (Herbal Tea) အဖြစ် သောက်သုံးနိုင်ပါတယ်။ လန်းဆန်းစေတဲ့ ကဖင်းဓာတ် အနည်းငယ်သာပါဝင်တာကြောင့် ရင်တုန်စရာ မလိုဘဲ စိတ်ကို ကြည်လင်စေပါတယ်။ နေပူထဲက ပြန်လာချိန်သောက်မယ်ဆို ကိုယ်ခန္ဓာအပူအအေးကို အမြန်မျှတစေမှာပါ။

ကျန်းမာရေးအတွက် ကောင်းကျိုးများကတော့

ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) ကြွယ်ဝစွာပါဝင်ပါတယ်။ Polyphenols နဲ့ Hydrocinnamic acids ဓာတ်တွေ မြင့်မားတာကြောင့် ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ဦးနှောက်အတွင်း BDNF ပရိုတင်းကို တိုးပွားစေပြီး မှတ်ဉာဏ်ကောင်းမွန်စေကာ အသည်းအဆီဖုံးခြင်း (NAFLD)၊ အသည်းခြောက်ခြင်း (Cirrhosis) နဲ့ အသည်းအမာရွတ်ဖြစ်ခြင်း (Fibrosis) တို့ကိုပါ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

Prebiotic Fiber ပါဝင်တာကြောင့် အူလမ်းကြောင်းအတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အားကောင်းစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ Polyphenols ဓာတ်ကလည်း သွေးဖိအား ကို ထိန်းညှိပေးပြီး ကိုလက်စထရော (Cholesterol) ပမာဏကို ကောင်းမွန်စေကာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ် (Metabolic Function) တွေကို ထောက်ပံ့ပေးပါတယ်။

အခုလိုစွန့်ပစ်ပစ္စည်းကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲလိုက်ခြင်းက တောင်သူတွေအတွက် အပိုဝင်ငွေရရှိစေရုံတင်မက Zero Waste စနစ်ကိုပါ ဖော်ဆောင်ပေးပါတယ်။ ယခုဆိုရင် အရည် အသွေးမြင့် Cascara အခြောက်တွေဟာ ကော်ဖီစေ့အချို့ထက်တောင် ဈေးပိုကြီးတတ်ပါတယ်။

၂။ နွေရာသီအတွက် သဘာဝအအေးစာဆေးကုလားမ (Basil Seeds)

မြန်မာတွေနဲ့ ရင်းနှီးပြီးသား ဆေးကုလားမလေးဟာ ရေခဲသုတ်၊ ဖာလူဒါထဲက အလှဆင်ပစ္စည်းလေး တစ်ခုမျှသာ မဟုတ်ပါဘူး။ အာရှနိုင်ငံတွေမှာ Sabja သို့မဟုတ် Tukmaria လို့ လူသိများပါတယ်။ ရုက္ခဗေဒအမည်အားဖြင့် Ocimum basilicum ဖြစ်ပြီး ပင်စိမ်းပင် (Sweet Basil) ကနေ ရရှိတာ ဖြစ်ပါတယ်။ ချီယာစေ့ (Chia Seeds) နဲ့ မှားတတ်ပေမယ့် ဆေးကုလားမက အမည်းရောင်စစ်စစ် (Jet Black) ဖြစ်ပြီး မျက်ရည်စက်ပုံ ပုံသဏ္ဌာန် ရှိပါတယ်။ ရေစိမ်လိုက်တာနဲ့ Glucomannan လို့ခေါ်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က ရေကို မိမိအလေးချိန်ထက် အဆပေါင်းများစွာ စုပ်ယူကာ ဂျယ်လီလို အဖြူရောင်အလွှာလေး ချက်ချင်းဖြစ်ပေါ်လာပါတယ်။

ကျန်းမာရေးအတွက် ကောင်းကျိုးတွေကတော့

အာယုဗ္ဗေဒ ဆေးပညာအရ ဆေးကုလားမဟာ ခန္ဓာကိုယ်တွင်း အပူချိန်ကို ထိရောက်စွာ လျှော့ချ ပေးနိုင်ပြီး အပူကန်ခြင်း၊ နှာခေါင်းသွေးလျှံခြင်းနဲ့ အပူကြောင့်ဖြစ်တဲ့ အရေပြားနီမြန်းခြင်းတို့ကို သက်သာစေပါတယ်။ ဒါကြောင့် ဒီနွေရာသီအတွက် အကောင်းဆုံး သဘာဝဆေး ဖြစ်ပါတယ်။ အစာမစားမီ ဆေးကုလားမစိမ်ရည်သောက်ပေးခြင်းက ဗိုက်ပြည့်စေပြီး အစာစားချင်စိတ် (Cravings) ကို လျှော့ချပေးကာ အစာထဲက သကြားဓာတ် သွေးထဲဝင်ရောက်မှုကိုလည်း နှေးကွေးစေပါတယ်။ ဒါကြောင့် Type 2 ဆီးချိုသမားများအတွက် အထူးသင့်လျော်ပါတယ်။

ဆေးကုလားမ ထမင်းစားဇွန်း၁ ဇွန်းမှာ အမျှင်ဓာတ် ၇ ဂရမ်ခန့် ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး မကောင်းတဲ့ ကိုလက်စထရော (LDL) ကို ဖယ်ရှားပေးကာ သွေးကြောတွေကို သန့်စင်စေတဲ့အတွက် သွေးတိုးရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

Beta-caryophyllene ဒြပ်ပေါင်းကြောင့် အဆစ်အမြစ်ရောင်ရမ်းမှု၊ ဂေါက်ရောဂါ၊ ခေါင်းကိုက်ခြင်းနဲ့ အူလမ်းကြောင်း မအီမသာဖြစ်ခြင်း (IBS) တို့မှာ နာကျင်မှုကို လျင်မြန်စွာ သက်သာစေပါတယ်။

Antioxidants နဲ့ Flavonoids ကြွယ်ဝတာကြောင့် အသားအရေ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပြီး အရေးအကြောင်းတွေကို လျှော့ချပေးပါတယ်။ သံဓာတ် (Iron) ပါဝင်မှုက ဦးရေပြား သွေးလည်ပတ်မှု ကောင်းစေပြီး ဆံပင်သန်စွမ်းဖို့ အားပေးပါတယ်။ ဆေးကုလားမအမှုန့်ကို အုန်းဆီနဲ့ ရောစပ်ပြီး လိမ်းပေးရင် နှင်းခူ (Psoriasis) နဲ့ အရေပြားယားယံမှုတွေကိုလည်း သက်သာစေပါတယ်။

စိတ်ဖိစီးမှုများတဲ့အခါ ဆေးကုလားမစိမ်ထားတဲ့ ရေတစ်ခွက် သောက်သုံးခြင်းဟာ စိတ်လှုပ်ရှားမှုကို ငြိမ်သက်စေပြီး Stress Hormones (စိတ်ဖိစီးမှုဟော်မုန်း) တွေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပြုချက်များက ဆိုပါတယ်။

သတိပြုရန်

အစေ့အခြောက်ကို အစိမ်းလိုက် မျိုချခြင်း လုံးဝမပြုရပါ။ အစာအိမ်ထဲမှာ ပွလာပြီး အစာလမ်း ကြောင်း ပိတ်ဆို့တတ်လို့ ဖြစ်ပါတယ်။ ရေ သို့မဟုတ် ဖျော်ရည် ဖန်ခွက်ထဲသို့ ဆေးကုလားမ ထမင်းစားဇွန်း၁ ဇွန်းထည့်ကာ အနည်းဆုံး ၅ မိနစ်မှ ၁၅ မိနစ်အထိ စိမ်ပြီးမှ သောက်သုံးရပါမယ်။

အမျှင်ဓာတ် အရမ်းများတာကြောင့် ဆေးကုလားမစားတဲ့နေ့မှာ ရေများများသောက်ဖို့ လိုပါတယ်။ ရေမလောက်ရင် ဝမ်းပိတ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ အလွန်အကျွံ စားသုံးပါက အီစထ ရိုဂျင် (Estrogen) ဟော်မုန်းပမာဏကို သက်ရောက်မှုရှိနိုင်လို့ ဆင်ခြင်သင့်ပါ တယ်။ သွေးကျစေတဲ့ အာနိသင်ရှိတာကြောင့် ခွဲစိတ်မှုမပြုလုပ်မီ အနည်းဆုံး (၂) ပတ်အလိုမှာ စားသုံးမှု ရပ်နားထားသင့် ပါတယ်။

ဒီနှစ် ပြင်းထန်တဲ့ နွေရာသီရဲ့ အပူဒဏ်ကို ကာကွယ်ဖို့ ဈေးကြီးတဲ့ ဖြည့်စွက်စာတွေ၊ ဓာတုပစ္စည်းပါတဲ့ အဖျော်ယမကာတွေကို အားမကိုးချင်သူတွေအတွက် သဘာဝက တန်ဖိုးနည်းအာဟာရနှစ်ခုကို ပေးထားပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ဈေးနှုန်းလေးတွေက တော့ ၅၀ဂရမ်ကို ၃၅၀၀ကျပ် လောက်ကျသင့်ပါတယ်။

ဒီနွေရာသီမှာ ကိုယ်ခံအားကောင်းပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်နဲ့အတူ အပူဒဏ်ကို အနိုင်ယူနိုင်ကြပါစေ။

Ref:geman-medical-journal.eu , vn express.com

တင်ဇာအောင်သည် ၂၀၁၂တွင် အလုပ်သင်သတင်းထောက်အနေဖြင့် မီဒီယာလောကသို့ စတင်ဝင် ရောက်ပြီး ကော်ပီအယ်ဒီတာ၊ အမှုဆောင်အယ်ဒီတာအလုပ်များ ၂၀၂၁ထိလုပ်ကိုင်ခဲ့သည်။ သိပ္ပံဘွဲ့ကို ဇီဝဓာတုဘာသာရပ်ဖြင့်ရရှိခဲ့ပြီး Food safety, HACCP ကျွမ်းကျင်လက်မှတ်များရရှိထားပြီး လက်ရှိ တွင် စားသောက်ကုန်ထုတ်လုပ် ဖြန့်ဖြူးရေးဈေးကွက် အတွင်း Executive တယောက်အဖြစ် လုပ်ကိုင် လျက်ရှိသည်။

လူကြိုက်များသောဆောင်းပါးများ