သနပ်ခါးလို့ ဆိုလိုက်တာနဲ့ မြန်မာလူမျိုးတွေရဲ့ နေ့စဉ်ဘဝမှာ ခွဲခြားလို့မရတဲ့ အလှအပနဲ့ ကျန်းမာရေး အဖော်မွန်တစ်ခုလည်း ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက လိမ်းခြယ်ခဲ့တဲ့ သနပ်ခါးဟာ အလှအပအတွက် သာမက ဆေးဖက်ဝင်တယ်ဆိုတာကို သိပြီးကြပြီလား။ ဒါဆိုရင် အခုလိုပူပြင်းတဲ့ ရာသီအတွက် ပိုမို အသုံးဝင်တဲ့ သနပ်ခါးအကြောင်းလေးကို ဒီနေ့ ဝေမျှပေးချင်ပါတယ်။
သနပ်ခါးဟာ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုထက်မကဘဲ ကျန်းမာရေးနဲ့ အလှအပအတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ သဘာဝရဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ရှေးယခင်ကတည်းက ဘိုးဘွားများ လက်ဆင့်ကမ်းလာခဲ့ကြတဲ့ သနပ်ခါးသွေးလိမ်းတဲ့ အလေ့အထဆိုတာက ယနေ့ခေတ် သိပ္ပံနည်းကျ လေ့လာမှုများအရလည်း အသားအရေအတွက် များစွာအကျိုးပြုကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
သနပ်ခါးဟာ သဘာဝကပေးတဲ့ Skin Care လို့တောင် ဆိုနိုင်ပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုများအရ သနပ်ခါးအခေါက်မှာ Marmesin နဲ့ Scopoletin ဆိုတဲ့ ဓာတ်ပေါင်းများ ပါဝင်တာကြောင့် နေရောင်ခြည်မှာပါဝင်တဲ့ UV-A နဲ့ UV-B ရောင်ခြည်များကို စုပ်ယူနိုင်စွမ်းရှိပြီး အရေပြားဆဲလ်များ ပျက်စီးခြင်းနဲ့ DNA damage ဖြစ်ခြင်းကို တားဆီးပေးတဲ့ Natural Suncream အဖြစ် လုပ်ဆောင်ပေးပါတယ်။ လိမ်းလိုက်တဲ့အခါ စိမ့်ခနဲ အေးမြသွားစေပြီး အသားအရေကို ကြည်လင်လန်းဆန်းစေပါတယ်။
နောက်ပြီးတော့ အဆီပြန်တာကို သက်သာစေပြီး ပိုးသတ်အာနိသင်ရှိလို့ ဝက်ခြံဖုတွေကို ချပ်ရပ်စေပြီး ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေကို နုပျိုစေပြီး အရေးအကြောင်းဖြစ်ပေါ်မှုကို လျှော့ချပေးပါတယ်။ သနပ်ခါးမှာ ပါဝင်တဲ့ Coumarin ဓာတ်က ဘက်တီးရီးယားများကို သေစေနိုင်တဲ့အပြင် မှိုရောဂါများကိုလည်း တားဆီးပေးနိုင်ပါတယ်။ အသားအရေ ညိုမည်းစေတဲ့ Melanin ထုတ်လုပ်မှုကို ထိန်းချုပ်ပေးနိုင်တာကြောင့် အမည်းစက်နဲ့ နေလောင်ကွက်များကို မှေးမှိန်စေပါတယ်။ ဒါ့ကြောင့် သနပ်ခါးကို ပုံမှန်လိမ်းပေးခြင်းဖြင့် အရေပြားယားယံခြင်းနဲ့ အဖုအပိမ့်များ ထွက်ခြင်းကို သက်သာစေပါတယ်။
ဆယ်ကျော်သက်အရွယ်နဲ့ အဆီပြန်တတ်တဲ့ အသားအရေရှိသူများအတွက် သနပ်ခါးဟာ အကောင်းဆုံးသော သဘာဝဆေးတစ်ခွက်ဖြစ်တယ်။ သနပ်ခါးရဲ့ အေးမြတဲ့ ဂုဏ်သတ္တိဟာ ချွေးပေါက်များကို ကျဉ်းစေပြီး အသားအရေမှ အဆီထွက်နှုန်းကို မျှတအောင် ထိန်းညှိပေးပါတယ်။ ဒါတွေအပြင် သနပ်ခါးမှာ Polyphenols နဲ့ Flavonoids များစွာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဆေးပညာအရ Free Radicals (ဆဲလ်များကို ပျက်စီးစေသော ဓာတ်များ) ကို တိုက်ဖျက်ပေးခြင်းဖြင့် အရေပြား ရောင်ရမ်းမှုကို လျော့ကျစေတာ (Anti-inflammatory) ၊ အရေးအကြောင်းဖြစ်ပေါ်တာကို နှေးကွေးစေတာ (Anti-aging) တွေကို ကူညီပေးပါတယ်။ ဒါကြောင့် နေပူထဲသို့ မကြာခဏ ထွက်ရသူများအနေနဲ့ သနပ်ခါးကို အခံလိမ်းပေးခြင်းနည်းနဲ့ နေလောင်ကွက် (Pigmentation) ဖြစ်ပေါ်တာကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
ဒါတင်မကသေးပါဘူး။ ပူပြင်းရာသီမှာ ဖြစ်ပေါ်တတ်တဲ့ အပူနာတွေကိုလည်း သက်သာစေတာကြောင့် အိမ်တွင်းကုထုံးနည်းလမ်းတွေကို ဆက်ပြီး ဝေမျှလိုက်ပါတယ်။
• အပူကြောင့်ဖြစ်တဲ့ အဖုအပိမ့်နဲ့ အနာတွေ၊ ခန္ဓာကိုယ်မှာ အပူအောင်းပြီး ထွက်လာတဲ့ အပူဖု၊ အပူနာတွေအတွက် သနပ်ခါးကို ပျစ်ပျစ်လေးသွေးပြီး နာတဲ့နေရာမှာ အုံပေးထားပါ။
• ချွေးအောင်းပြီး ယားယံတဲ့ အပူဖု (မိတ်) တွေအတွက် သနပ်ခါးအနှစ်ကို နနွင်း အနည်းငယ်နဲ့ ရောစပ်ပြီး လိမ်းပေးပါ။
• မျက်စိအပူတက်ပြီး မျက်ခွံမှာ အပူနာ (စွံနာ) ထွက်ချင်သလို ဖြစ်လာရင် သနပ်ခါးကို အနှစ်ရအောင်သွေးပြီး မျက်ခွံပေါ်မှာ ခပ်ထူထူလေး ကွင်းပြီး လိမ်းပေးထားပါ။
• နေပူထဲ အကြာကြီးနေမိလို့ အသားအရေ နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တဲ့ အပူနာမျိုးဆိုရင် သနပ်ခါးကို ရေများများနဲ့ ကျဲကျဲလေးသွေးပြီး လိမ်းပေးပါ။
• ဝက်ခြံဖုများအပေါ်မှာ သနပ်ခါးအနှစ်ကို ခပ်ပျစ်ပျစ် တို့ပေးထားရင် ဝက်ခြံရောင်ရမ်းမှုကို လျော့ကျစေပြီး အနာကျက်မြန်စေပါသည်။
သတိထားရမယ့် အချက်လေးတော့ ရှိပါသေးတယ်။ သနပ်ခါးဟာ သဘာဝစစ်စစ် ဖြစ်လေလေ အာနိသင် ပိုထက်မြက်လေလေပါပဲ။ တာရှည်ခံဆေးနဲ့ အရောင်ဆိုးဆေးတွေ ပါဝင်တတ်တဲ့ အသင့်သုံး သနပ်ခါးဘူးတွေထက် သနပ်ခါးတုံးကို ကိုယ်တိုင်သွေးလိမ်းတာက အသားအရေအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ သနပ်ခါးကို လိမ်းလိုက်တဲ့အခါ ခံစားရတဲ့ အေးမြမှုက အရေပြားပေါ်ရှိ သွေးကြောငယ်လေးများကို ကျဉ်းစေပြီး (Vasoconstriction) အပူရှိန်ကြောင့် နီမြန်းခြင်း (Erythema) ကို လျင်မြန်စွာ လျော့ကျစေပါတယ်။ အပူဒဏ်ကြောင့်ဖြစ်တဲ့ အရေပြားယားယံမှု (Prickly heat) အတွက် ဆေးပညာအရ အလွန်ထိရောက်သော ကုထုံးတစ်ခုလည်း ဖြစ်ပါတယ်။
ဒီ့အပြင်ကိုမှ သနပ်ခါးလိုပဲ သဘာဝကပေးတဲ့ ဆေးဖက်ဝင် လိမ်းခြယ်စရာတွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့ မြန်မာ့ရိုးရာဆေးဖက်ဝင်အပင်တွေနဲ့ အမွှေးနံ့သာတွေထဲမှာ ကရမက်၊ နံ့သာဖြူနဲ့ တောင်နံကြီးတို့ဟာ ထင်ရှားပါတယ်။ ဒါတွေကို ဆက်ပြီး ဝေမျှလိုက်ချင်ပါတယ်။
**ပထမအနေနဲ့ ကရမက်ပါ။**
မြန်မာ့ရိုးရာ နံ့သာခြောက်မျိုးတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အလွန်မွှေးပျံ့သော ရနံ့ရှိတဲ့ အဖိုးတန်သစ်မွှေးတစ်မျိုး ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုမှာ ရှေးကတည်းက အလှအပနဲ့ ကျန်းမာရေးအတွက် အသုံးပြုခဲ့ကြပါတယ်။ မျက်နှာလိမ်းခြယ်ရာမှာ အေးမြစေပြီး အသားအရေကို ကြည်လင်စေပါတယ်။ ကိုယ်လက်မအီမသာဖြစ်တာ၊ အညောင်းအညာဖြစ်တာတွေအတွက် လိမ်းကျံပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကိုကြည်လင်စေပြီး အမွှေးနံ့သာအဖြစ် ပူဇော်ရာမှာလည်း သုံးပါတယ်။ ရှေးယခင်ကတည်းက ကရမက်တုံးကို ကျောက်ပျဉ်မှာ သွေးပြီး လိမ်းခြယ်ကြပါတယ်။ သနပ်ခါးနဲ့ ရောစပ်ပြီး လိမ်းပါက ပိုမိုမွှေးပျံ့ပြီး အသားအရေကို ကြည်လင်စေပါတယ်။ အသားအရေ ယားယံခြင်းနဲ့ ဖုပိန်ခြင်းများအတွက် လိမ်းဆေးအဖြစ် သုံးလို့ရပါတယ်။
**နောက်တစ်ခုကတော့ နံ့သာဖြူပါ။**
မြန်မာ့ရိုးရာ နံ့သာမျိုးတွေထဲမှာ အလွန်တန်ဖိုးကြီးပြီး အဆင့်အတန်းမြင့်မားတဲ့ နံ့သာတစ်မျိုးဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာပါ အဖိုးတန်တဲ့ အမွှေးနံ့သာပင် ဖြစ်ပါတယ်။ နံ့သာဖြူက အခြားနံ့သာများထက် ပိုမိုစွဲမက်ဖွယ်ကောင်းပြီး နူးညံ့သိမ်မွေ့တဲ့ “အေးမွှေး” ရနံ့ရှိပါတယ်။ အပင်ရဲ့ အကာထက် အနှစ် (Heartwood) က ပိုမိုအဖိုးတန်ပြီး အဆီ (Essential Oil) ပါဝင်မှု အများဆုံးဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်မှာ နံ့သာဖြူအနံ့က နှစ်ပေါင်းများစွာကြာအောင် တည်တံ့နေတတ်ခြင်း ဖြစ်ပါတယ်။ အသားအရေကို အေးမြစေတဲ့ ဂုဏ်သတ္တိရှိလို့ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ဒဏ်တွေအတွက် အထူးကောင်းမွန်ပါတယ်။ သူ့ရဲ့ရနံ့ဟာ စိတ်ကိုငြိမ်သက်စေပြီး တရားရှုမှတ်တဲ့အခါ ဒါမှမဟုတ် အိပ်မပျော်တဲ့ရောဂါတွေအတွက် အကူအညီဖြစ်စေပါတယ်။ ဘာသာရေးအခမ်းအနားတွေနဲ့ ဘုရားဆင်းတုတော်တွေကို ရေသပ္ပာယ်ရာမှာ အဓိကအသုံးပြုပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ကို တည်ငြိမ်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။
ကရမက်နဲ့ နံ့သာဖြူ ကွာခြားချက်ကတော့ ကရမက်က ပိုပြီး အနံ့စူးရှပြီး အသားမှာ အညိုရောင်ဘက် သန်းတတ်ပါတယ်။ အပူငြိမ်းရာတွင် ပိုပြီး အစွမ်းထက်ပါတယ်။ နံသာဖြူကတော့ အနံ့က ပိုပြီး နူးညံ့ပြီး ဈေးနှုန်းအရ ကရမက်ထက် တန်ဖိုးကြီးလေ့ရှိပါတယ်။
**နောက်ဆုံးတစ်ခုက တောင်နံကြီးပါ။**
တောင်နံကြီးဟာ တောင်ပေါ်ဒေသတွေမှာ အများဆုံးထွက်ရှိပြီး ဆေးဖက်ဝင်အပင်အဖြစ် ပိုမိုထင်ရှားပါတယ်။ မြန်မာ့တိုင်းရင်းဆေးမှာ သွေးလေကောင်းမွန်စေဖို့နဲ့ သွေးသားသန့်စင်ဖို့အတွက် အဓိကသုံးပါတယ်။ အဆစ်အမြစ်ကိုက်ခဲတာ၊ ကိုယ်လက်ညောင်းညာတာတွေအတွက် တောင်နံကြီးကို သွေးလိမ်းလေ့ရှိပါတယ်။ ခေါင်းကိုက်တာ၊ ကိုယ်လက်မအီမသာဖြစ်တာနဲ့ အဖျားတက်တာတို့အတွက် တောင်နံကြီးကို သွေးပြီး နဖူးမှာ လိမ်းပေးခြင်း သို့မဟုတ် တိုက်ကျွေးခြင်းဖြင့် သက်သာစေပါတယ်။ လေထိုးလေအောင့်တာနဲ့ အစာမကြေတာတွေအတွက်လည်း ဆေးဖော်စပ်ရာမှာ ထည့်သွင်းအသုံးပြုတတ်ပါသေးတယ်။ သနပ်ခါးနဲ့ ရောစပ်ပြီး လိမ်းရင် အသားအရေကို အေးမြစေပြီး နေလောင်ဒဏ်ကို ကာကွယ်ပေးပါတယ်။ မီးဖွားပြီးစ မိခင်တွေအတွက် သွေးသားမှန်ကန်စေဖို့ သွေးတိုက်တာ၊ လိမ်းပေးတာမျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒါ့အပြင် တောင်နံကြီးရဲ့ ရနံ့က နံ့သာဖြူရနံ့လိုပဲ သင်းပျံ့ရုံ သာမကဘဲ အနည်းငယ် စူးရှပြီး လန်းဆန်းစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။
တိုင်းရင်းဆေးပညာ ရှုထောင့်ကနေကြည့်ရင် သနပ်ခါး၊ ကရမက်၊ နံ့သာဖြူနဲ့ တောင်နံကြီး တို့ဟာ “အေး၊ မွှေး၊ ကြည်၊ လင်” ဆိုတဲ့ ဂုဏ်သတ္တိတွေကို ဆောင်ကြပါတယ်။ တိုင်းရင်းဆေးဆရာအကျော်အမော်များရဲ့ အဆိုအရ ဒီလေးမျိုးကို ပေါင်းစပ်အသုံးပြုခြင်းဟာ ခန္ဓာကိုယ်တွင်းအပူကို ငြိမ်းစေရုံသာမက သွေးသားကိုပါ သန့်စင်စေတယ်လို့ မှတ်ချက်ပြုကြပါတယ်။
“ဒီလေးမျိုးလုံးကို ရောစပ်သွေးလိမ်းခြင်းကို “နံ့သာလေးပါး” လို့လည်း ခေါ်ပါတယ်။ ဒီလေးမျိုးကို ကျောက်ပျဉ်ပေါ်မှာ ရေစင်စင်နဲ့ ရောစပ်သွေးပြီး တစ်ကိုယ်လုံး လိမ်းပေးရင် ခန္ဓာကိုယ်အနံ့အသက် ကောင်းမွန်စေရုံတင်မကဘဲ အသားအရေ ဝင်းပလာစေပါတယ်။ ဗိုက်အောင့်၊ ဗိုက်နာတာ သို့မဟုတ် သွေးလေမမှန်တာတွေအတွက် သန့်ရှင်းတဲ့ ကျောက်ပျဉ်မှာ သွေးပြီး ကွမ်းစားဂဏန်းခန့် တိုက်ကျွေးလေ့ရှိပါတယ်။ “အသားဖြူချင်ရင် နံ့သာဖြူ၊ အသားကြည်ချင်ရင် ကရမက်၊ အသားအေးချင်ရင် သနပ်ခါး၊ သွေးသန့်ချင်ရင် တောင်နံကြီး” လို့ အလွယ်မှတ်သားနိုင်ပါတယ်။” လို့ ဦးစိုးကြည် အကြီးတန်းတိုင်းရင်းဆေးမှူး(ငြိမ်း) က အခုလို ပြောကြားခဲ့ပါတယ်။
နိဂုံးချုပ်အနေဖြင့် မြန်မာ့ရိုးရာတွင် ‘နံ့သာမျိုးစုံ’ ဟု ဆိုတာက တောင်နံကြီး၊ ကရမက်နှင့် နံ့သာဖြူတို့ကို ပေါင်းစပ်ပြီး အလှအပအတွက်ဖြစ်စေ၊ ဘာသာရေးပူဇော်မှုအတွက်ဖြစ်စေ အသုံးပြုလေ့ရှိကြပါတယ်။ သိပ္ပံနည်းကျ သုတေသနများအရလည်း သနပ်ခါးတွင်ပါဝင်သော Marmesin ဓာတ်သည် ခရမ်းလွန်ရောင်ခြည်ကို သဘာဝအတိုင်း ကာကွယ်ပေးနိုင်ကြောင်း သက်သေပြပြီး ဖြစ်ပါတယ်။
သို့သော် မိမိရဲ့ အသားအရေက အပင်အခေါက်များ၊ နံ့သာဆီများနဲ့ ဓာတ်မတည့်မှု ရှိ၊ မရှိကို ဦးစွာ စမ်းသပ်ရန်တော့ လိုအပ်ပါတယ်။ ခေတ်မီ Skin Care ပစ္စည်းများ မည်သို့ပင် ပေါများလာပါစေ သဘာဝကပေးသော ဆေးဖက်ဝင်အပင်တို့ရဲ့ ထူးခြားတဲ့ အစွမ်းသတ္တိကို အစားမထိုးနိုင်ပါ။ ဒါကြောင့် ကျန်းမာကြည်လင်သော အသားအရေကို ပိုင်ဆိုင်နိုင်ရန်အတွက် သနပ်ခါးနဲ့ နံ့သာများကို မိမိနဲ့ ကိုက်ညီအောင် စနစ်တကျ ရွေးချယ်အသုံးပြုကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
(Ref: https://jddonline.com/…/thanaka-traditional-burmese…/..)