Skip to content
Ads Advertisement

သဘာဝကပေးတဲ့ အစွမ်းထက် အချိုရည်နဲ့ ဓာတ်ဆားရည်များ

မြန်မာ့မြေပေါ်မှာ သဘာဝအလျောက် အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းပြီး လူသားတို့အတွက် အလွန်အသုံးဝင်တဲ့ အပင်ကြီးနှစ်မျိုးရှိပြီး ဒါဟာ “အုန်းပင်” နဲ့ “ထန်းပင်” ပါ။ ဒီအပင်တွေက ရရှိတဲ့ အုန်းရည်၊ ထန်းရည်နဲ့ ထန်းသီး (ထန်းဆန်) တို့ဟာ ရိုးရာ သရေစာတွေဖြစ်ရုံသာမက ခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါရပ် (Internal Organs) တွေကို အားဖြည့်ပေးတဲ့ “သဘာဝဆေးစွမ်းကောင်းများ” လည်း ဖြစ်ကြပါတယ်။

အုန်းရည် – သဘာဝကပေးတဲ့ ကျန်းမာရေးအချိုရည်

အုန်းရည်ဟာ သဘာဝတရားက လူသားတို့အတွက် ပေးသနားထားတဲ့ “သဘာဝဓာတ်ဆားရည်” ဖြစ်သလို၊ ရှေးယခင်ကတည်းက ကျန်းမာရေးအတွက် အထူးအားကိုးခဲ့ရတဲ့ သဘာဝဆေးတစ်ခွက်လည်း ဖြစ်ပါတယ်။ အုန်းရည်ကို ပုံမှန်သောက်သုံးပေးရင် ခန္ဓာကိုယ်ကို လန်းဆန်းစေရုံတင်မကဘဲ ရေရှည်ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။ အုန်းရည်မှာ သာမန်ရေ ထက်ပိုတဲ့ အာဟာရဓာတ်တွေ ပါဝင်တာမို့ ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါရပ် (Internal Organs) တွေအတွက် “သဘာဝဆေးစွမ်းကောင်း” တစ်ခွက်လို အလုပ်လုပ်ပေးပြီး “သဘာဝအားဖြည့်အချိုရည်” လို့တောင် တင်စားလို့ရတဲ့အထိ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး များလှပါတယ်။

အုန်းရည်ဟာ ရေဓာတ်ဖြည့်တင်းတဲ့နေရာမှာ အလွန်ကောင်းမွန်ပြီး သူ့မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ မဂ္ဂနီစီယမ်နဲ့ ကယ်လ်စီယမ် တို့လို့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ သာမန် ကိုယ်လက်လှုပ်ရှားမှု လုပ်နေသူတွေအတွက် အုန်းရည်ဟာ ရွေးချယ်နိုင်တဲ့ သဘာဝ အချိုရည်ပါ။ ၁ နာရီဝန်းကျင် လေ့ကျင့်ခန်း လုပ်သူတွေအတွက် အုန်းရည်က သဘာဝရေဓာတ်ဖြည့်ပစ္စည်း ဖြစ်ပါတယ်။ ကျန်းမာတဲ့အသားအရေအတွက် သော့ချက်ဟာ ရေဓာတ်ပြည့်ဝနေခြင်းဖြစ်ပြီး အုန်းရည်က အဲဒီအတွက်ကိုလည်း ကူညီပေးပါတယ်။ အုန်းရည်မှာ ဗီတာ မင် C ပါဝင်ပြီး ဗီတာမင် C ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တစ်မျိုးဖြစ်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့ ပျက်စီးမှုတွေကို တိုက်ဖျက်ပေးပါတယ်။ အုန်းရည်မှာပါတဲ့ ပိုတက်စီယမ်ဟာ သွေးကြောတွေကို ပွင့်စေပြီး သွေးတိုးကျစေတဲ့အတွက် နှလုံးအမောဖောက်တာ (Heart Attack) ကို ကာကွယ်ဖို့ အထောက်အကူပေးနိုင်ပါတယ်။ အုန်းရည်တစ်ခွက်မှာ ငှက်ပျောသီးတစ်လုံးမှာပါတဲ့ ပိုတက်စီယမ်ထက် ပိုပါဝင်နိုင်ပါတယ်။ ဒါဟာ ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်နဲ့ သွေးဖိအားကို ထိန်းညှိပေးဖို့အတွက် အလွန်အရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝပြီး ဓာတ်ဆားဓာတ် မျှတနေခြင်းက အူလမ်းကြောင်းကို ပိုမိုချောမွေ့စေပါတယ်။ အုန်းရည်မှာပါဝင်တဲ့ မဂ္ဂနီစီယမ် က အူလမ်းကြောင်းက ကြွက်သားတွေကို ပြေလျော့စေတာလို့ အစာခြေစနစ်ကိုလည်း အထောက်အကူပြုပါတယ်။

အုန်းရည်က ဆီးသွားနှုန်းကို ကောင်းမွန်စေပြီး ကျောက်ကပ်ထဲက ကျောက်ဖြစ်စေမယ့် ဒြပ်ပေါင်းတွေကို ချေဖျက်ပေးပါတယ်။ အုန်းရည်မှာ Citrate ဓာတ် ပါဝင်သလို ဒါဟာ ဆီးထဲမှာရှိတဲ့ ကယ်လ်စီယမ်တွေနဲ့ ပေါင်း စပ်ပြီး ကျောက် (Crystals) ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် အုန်းရည်သောက်ခြင်းက ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ရာမှာ အများကြီး အထောက်အကူဖြစ်စေသလို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ ပိုလျှံနေတဲ့ ကလိုရိုက်၊ စီးထရိတ် (Citrate) တွေကို ဆီးကနေတစ်ဆင့် စွန့်ထုတ်ပေးတဲ့အတွက် ကျောက်ကပ်ကို သန့်စင်စေပါတယ်။ အုန်းရည်ဟာ ကျောက်ကပ်ကျောက်အန္တရာယ်လျှော့ချနိုင်တယ် လေ့လာမှုအချို့မှာ တွေ့ထားပေမယ့် အတည်ပြုရန် သုတေသနတွေတော့ လိုအပ်ပါသေးတယ်။ အုန်းရည်ဟာ ဓာတ်ဆားဓာတ် (Electrolytes) တွေ ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခု ဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ကောင်းမွန်စွာ ထိန်းညှိပေးနိုင်ပါတယ်။

အုန်းရည်သောက်သုံးခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရှိသလို၊ အလွန်အကျွံ သောက်သုံးရင်ဖြစ်စေ၊ အချို့သော ကျန်းမာရေးအခြေအနေတွေမှာဖြစ်စေ သတိထားရမယ့် ဘေးထွက်ဆိုးကျိုးလေးတွေလည်း ရှိပါတယ်။

အုန်းရည်မှာ ဝမ်းနုတ်ဆေး အာနိသင် အနည်းငယ်ပါတာကြောင့် ဗိုက်မကောင်းသူတွေ အများကြီးသောက်ရင် ဝမ်းပျက်နိုင်ပါတယ်။ အလွန်အကျွံ သောက်မိရင်လည်း သွေးထဲမှာ ပိုတက်စီယမ်ဓာတ်တွေ များပြီး နှလုံးခုန်မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။ ရေအစားထိုးပြီး တစ်နေကုန် သောက်နေမယ်ဆိုရင် မလိုအပ်တဲ့ သဘာဝသကြားဓာတ်နဲ့ ကယ်လိုရီတွေ ခန္ဓာကိုယ်ထဲ ရောက်သွားနိုင်ပါတယ်။ အုန်းရည်မှာ ပိုတက် စီယမ်ဓာတ် အလွန်မြင့်မားစွာ ပါဝင်ပါတယ်။ ကျောက်ကပ်ရောဂါအခံ ရှိသူတွေအတွက်တော့ ဒါဟာ စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ အကြောင်းကတော့ ကျောက်ကပ်က ပိုတက်စီယမ်ကို စနစ်တကျ မစွန့်ထုတ်နိုင်တဲ့အခါ သွေးထဲမှာ ပိုတက်စီယမ်ဓာတ်တွေ အလွန်အမင်း များပြားလာတဲ့ ဝေဒနာ (Hyperkalemia) ကို ဖြစ်စေနိုင်လို့ပါ။ သွေးထဲမှာ ပိုတက်စီယမ် များလွန်းခြင်း (Hyperkalemia) ဟာ နှလုံးခုန်နှုန်း မမှန်တာမျိုးနဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ဝေဒနာရှင်များအနေနဲ့ အုန်းရည်မသောက်ခင် မိမိရဲ့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးဖို့ အထူးလိုအပ်ပါတယ်။ ကျောက်ကပ်ရောဂါအခံရှိသူတွေ (အထူး သဖြင့် ကျောက်ကပ်ဆေးနေရသူတွေ) အထူး သတိထားရပါမယ်။

ဒါကြောင့် အုန်းရည်ဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ သဘာဝအချိုရည် ဖြစ်ပေမယ့် “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားအတိုင်း တစ်နေ့ကို အုန်းသီး (၁) လုံး သို့မဟုတ် (၂) လုံးထက် ပိုမသောက်သင့်ပါဘူး။ အုန်းရည်ကို နေ့စဉ်ပုံမှန် မသောက်သုံးမီမှာ ကျန်းမာရေးစောင့် ရှောက်မှုပေးသူ (သို့မဟုတ်) ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် သင့်မှာ ရောဂါအခံတစ်ခုခု ရှိနေရင် ဒါမှမဟုတ် ပိုတက်စီယမ်ဓာတ်နဲ့ ဓာတ်ပြုနိုင်တဲ့ ဆေးဝါးတွေ သောက်နေရရင် ပိုပြီး သတိထားသင့်ပါတယ်။

သဘာဝကပေးတဲ့ ကျေးလက်အာဟာရ ရတနာ- ထန်းရည်

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အပါအဝင် ကျေးလက်တောရွာတွေမှာ ထန်းပင်ကို အလေးအမြတ် ထား စိုက်ပျိုးကြပြီး ထန်းပင်ကို “အပင်တို့ရဲ့ မိခင်” လို့ တင်စားရလောက်အောင် အမြစ်ကနေ အဖျားအထိ လူသားတို့အတွက် အသုံးမဝင်တဲ့ အစိတ်အပိုင်းဆိုတာ မရှိသလောက် ရှားပါးလှပါတယ်။ ထိုအထဲမှာ ထန်းပင်က ရတဲ့ ထန်းရည်အချိုနှင့် ထန်းသီး (ထန်းဆန်) တို့ဟာ အရသာထူးကဲရုံသာမက လူသားတို့ရဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုတဲ့ သဘာဝအားဖြည့်ဓာတ်စာတွေ ဖြစ်ကြပါတယ်။ ထန်းရည်အချိုသည် ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် အာဟာရ ပြည့်ဝစေတဲ့ သဘာဝအချိုရည်တစ်ခွက်ပါ။

ထန်းရည်အချိုမှာ သဘာဝသကြားဓာတ်၊ ရေဓာတ်နှင့် သတ္တုဓာတ်အချို့ ပါဝင်နိုင်တဲ့အတွက် ချွေးထွက်လို့ သို့မဟုတ် ရေဓာတ်ခမ်းခြောက်လို့ ဆုံးရှုံးသွားတာကို ပြန်လည်ဖြည့်တင်းပေးရာမှာ သုံးနိုင်တဲ့ သဘာဝရေဓာတ်ဖြည့် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ထန်းရည်မှာ သဘာဝသကြားဓာတ် Sucrose, Glucose နဲ့ Fructose တို့ ပါဝင်တာမို့ ခန္ဓာကိုယ် မောပန်းနွမ်းနယ်မှုကို ချက်ချင်းပြေပျောက်စေပြီး အင်အားပြည့်ဝစေပါတယ်။ ဒါကြောင့် ဓာတုပစ္စည်းနဲ့ သကြားတုတွေ ပါဝင်တဲ့ အချိုရည်နေရာတွင် သဘာဝအတိုင်း အစားထိုး သောက်သုံးဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီအုပ်စု (Vitamin B Complex)၊ ဗီတာမင် စီ (Vitamin C) တို့အပြင် ပိုတက်ဆီယမ် (Potassium)၊ မဂ္ဂနီဆီယမ် (Magnesium)၊ သံဓာတ် (Iron) နဲ့ ဇင့် (Zinc) ဓာတ်တွေ ပါဝင်သည့်အပြင် ခန္ဓာကိုယ်တစ်ရှူးတွေ ပြုပြင်တည်ဆောက်ရာမှာ လိုအပ်တဲ့ အမိုင်နိုအက်ဆစ် အမျိုးအစားပေါင်းများစွာ ပါဝင်ပါတယ်။ တချို့သော ထန်းရည်တွေမှာ အမျှင်ဓာတ် (Dietary Fiber) ပါဝင်တဲ့အတွက် အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပြီး ဝမ်းမှန်စေတာမို့ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ထန်းရည်မှာပါတဲ့ ပိုတက်စီယမ် (Potassium) လို အဖိုးတန် သတ္တုဓာတ်တွေဟာ အရိုးကို ကြံ့ခိုင်ကျန်းမာစေပြီး အသက်ကြီးရင် ဖြစ်တတ်သော အရိုးပွရောဂါ (Osteoporosis) လိုမျိုး ဝေဒနာအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ထန်းရည်မှာ ပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် စုံလင်မှုဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ် (Immune System) ကို ကောင်းမွန်စွာ အထောက်အကူပြုပြီး ရောဂါဘယတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာဟာရအနေနဲ့ သတ်မှတ်နိုင်ပါတယ်။

ထန်းရည်ဟာ အေးမြတဲ့ ဂုဏ်သတ္တိရှိတာမို့ နွေရာသီလို ပူပြင်းချိန်မှာ သောက်သုံးရင် ခန္ဓာကိုယ်တွင်း အပူကို ငြိမ်းစေသလို ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်တွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးပါတယ်။ ထန်းရည်အချိုမှာ သဘာဝအင်ဇိုင်းတွေအနည်းငယ် ပါဝင်တာမို့ အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတဲ့အပြင် ဗီတာမင် အေ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ အမြင်အာရုံချို့ယွင်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ထန်းသီးနုထဲက ရတဲ့ ဖြူဖြူအိအိ “ထန်းဆန်” ဟာ နွေရာသီ၏ လူကြိုက်အများဆုံး ရိုးရာ မုန့်တစ်ခု ဖြစ်ပါတယ်။ အရည်ရွှမ်းပြီး ကျောက်ကျောလို နူးညံ့သလို ထန်းသီးမှည့်ရဲ့ အနှစ်ကိုလည်း မုန့်လုပ်ရာတွင် ကျယ်ပြန့်စွာ အသုံးပြုကြပါတယ်။ ထန်းဆန်တွင် ရေဓာတ် (Water content) ပါဝင်မှုများပြီး ကယ်လိုရီပမာဏ အလွန်နည်းပါးပါတယ်။ အစာခြေစနစ်အတွက် အလွန်ကောင်းမွန်သော (Dietary Fiber) အမျှင်ဓာတ်များစွာ ပါဝင်ပြီး အရိုးနဲ့ သွားတွေကို ခိုင်မာစေတဲ့ ဖော့စဖောရက်စ်နဲ့ ပိုတက်စီယမ် (Phosphorus & Calcium) သတ္တုဓာတ်တွေလည်း ပါဝင်တယ်။ ရောင်ရမ်းမှုကို ကျဆင်းစေပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) လည်း ကြွယ်ဝပါတယ်။ အစာအိမ်ရောင်ရမ်းတာ ဒါမှမဟုတ် အပူကန်ပြီး ဝမ်းကိုက်ရင် ထန်းဆန်နုနုကို စားပေးခြင်းဟာ အစာအိမ်နံရံကို အေးမြစေပြီး ရောဂါဝေဒနာကို သဘာဝအတိုင်း သက်သာစေနိုင်ပါတယ်နော်။

ဆီးချိုရောဂါရှိသူအတွက် ထန်းရည်အချိုကို အတိုင်းအတာနဲ့သာ သောက်သုံးသင့်ပြီး အချဉ်ပေါက်သွားတဲ့ ထန်းရည်ခါးကို လွန်ကဲစွာ သောက်သုံးရင် အသည်းနဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့အတွက် သတိပြုသောက်သုံးဖို့ လိုအပ်ပါတယ်နော်။

အုန်းရည်နှင့် ထန်းရည် (ထန်းရည်အချို) တို့သည် သဘာဝတရားကြီးက လူသားတို့၏ ကျန်းမာရေး အတွက် အခမဲ့ပေးသနားထားတဲ့ “သဘာဝအားဖြည့်အချိုရည်နှင့် ဓာတ်ဆားရည်များ” ဖြစ်ကြပါတယ်။ သူတို့မှာ ခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါရပ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပြီး မောပန်းနွမ်းနယ်မှုကို ချက်ချင်းပြေပျောက်စေသလို ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်စွမ်း ရှိကြပါတယ်။ သို့သော်လည်း ဘယ်လောက်ပဲ ဆေးဖက်ဝင်တဲ့ သဘာဝ အာဟာရ ဖြစ်ပါစေ “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ ရှေးစကားအတိုင်း သတိပြုချင့်ချိန်သောက်သုံးဖို့တော့ အလွန် အရေးကြီးပါတယ်နော်။

Ref – https://dailyhealthpost.com

https://www.msn.com/en-xl/lifestyle

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement