Skip to content

“လယ်ထဲကပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး” မသိမသာထိတွေ့မှုမှသည် ရေရှည်သတိပြုစရာ ကျန်းမာရေးပြဿနာ

ကျွန်တော်တို့နိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အဓိကအားပြုတဲ့နိုင်ငံဖြစ်ပါတယ်။ သို့သော်လည်း မိရိုးဖလာ လယ်ယာစိုက်ပျိုးရေးကနေ ခေတ်သစ်လယ်ယာ စိုက်ပျိုးရေးကို ကူးပြောင်းတဲ့ အခါမှာ စိုက်ပျိုးရေးနည်းစနစ်အသစ်တွေ စက်ပစ္စည်းတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာမျိုးတွေ ရှိပါတယ်။ ဒီလိုတိုးတက်လာမှုဟာ တစ်ဖက်မှာလည်း စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ လွယ်ကူမြန်ဆန် လာသလို တစ်ဖက်မှာလည်း သတိထားရမယ့် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်လည်းရှိနေပါတယ်။ ခေတ်သစ်စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သီးနှံအထွက်တိုးဖို့၊ ပေါင်းပင်တွေကြောင့် သီးနှံအထွက်လျော့တာမဖြစ်စေဖို့၊ စိုက်ခင်းတွေရောဂါပိုး ကျတာမဖြစ်စေဖို့နဲ့ ပိုးကောင်မွှားကောင်တွေ ကျရောက်ပြီး သီးနှံတွေဖျက်ဆီးခံရတာမျိုးမဖြစ်စေဖို့ ပိုးသတ်ဆေး(pesticides)နဲ့ ပေါင်းသတ်ဆေး (Herbicides)များကို ရေရှည်အသုံးပြုလာကြပါတယ်။ ဒီတော့ သုံးနေကြတဲ့ ပိုးသတ်ဆေး (pesticides)နဲ့ ပေါင်းသတ်ဆေး(Herbicides)ဆိုတာ ဘာတွေလဲလို့သိဖို့ အရင်လိုအပ်လာပါတယ်။

ပိုးသတ်ဆေး(pesticides)ဆိုတာ စိုက်ပျိုးရေးနဲ့ အိမ်သုံးလုပ်ငန်းတွေမှာ အပင်တွေကို ဖျက်ဆီးတဲ့ ပိုးမွှားတွေ ဒါမှမဟုတ် ရောဂါပိုးတွေကို နှိမ်နင်းဖို့ အသုံးပြုတဲ့ဓာတုပစ္စည်း ဒါမှမဟုတ် သဘာဝပစ္စည်းတွေကို ခေါ်ဆိုတာပါ။ အဓိကလူသိများအသုံးများကြတဲ့ ပိုးသတ်ဆေး အမျိုးအစားတွေကတော့ အင်းဆက်ပိုးမွှားတွေကို သတ်တဲ့ဆေး (Insecticide)၊ မှိုရောဂါတွေကို သတ်တဲ့ဆေး (မှိုသတ်ဆေး)( Fungicide)၊ ကြွက်နဲ့ ကိုက်ဖြတ်သတ္တဝါတွေကို သတ်တဲ့ဆေး (ကြွက်သတ်ဆေး) (Rodenticide)၊ ဘက်တီးရီးယားပိုးတွေကို သတ်တဲ့ဆေး (Bactericide )တို့ ဖြစ်ကြပါတယ်။ ထပ်ပြီး အသုံးပြုပုံအလိုက် မြန်မာ့လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှာ ထိသေဆေး (Contact Pesticide – ပိုးမွှားရဲ့ ကိုယ်ခန္ဓာကို ဆေးထိရုံနဲ့ သေစေနိုင်တဲ့ ဆေးမျိုး)၊ စားသေဆေး (Stomach Poison – ပိုးမွှားက ဆေးဖျန်းထားတဲ့ အရွက် ဒါမှမဟုတ် အစိတ်အပိုင်းကို စားမိမှ သေစေတဲ့ ဆေးမျိုး)နဲ့ ပင်လုံးပြန့်ဆေး (Systemic Pesticide – ဆေးက အပင်ရဲ့ အစိတ်အပိုင်းအားလုံး (အမြစ်၊ ပင်စည်၊ အရွက်) ထဲကို စိမ့်ဝင်သွားပြီး အဲဒီအပင်ကို ကိုက်ဖြတ်တဲ့ ပိုးမွှားတွေကို သေစေတဲ့ ဆေးမျိုး)ဆိုပြီး ခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။

စိုက်ပျိုးရေးမှာ အပင်တွေအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ ပေါင်းပင်တွေကို သတ်တဲ့ဆေး (သို့မဟုတ်) ပေါင်းသတ်ဆေးကို အင်္ဂလိပ်လို Herbicide လို့ ခေါ်ပါတယ်။ပေါင်းသတ်ဆေးတွေကို အသုံးပြုပုံ ပေါ်မူတည်ပြီး အကြမ်းဖျင်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။သီးနှံပင်ကို မထိခိုက်စေဘဲ ပေါင်းပင်ကိုပဲ ရွေးချယ်သတ်တဲ့ဆေး (Selective Herbicides)နဲ့ ထိသမျှအပင်အကုန်သေစေတဲ့ဆေး (ဥပမာ – လမ်းဘေးက မြက်ပင်တွေ ရှင်းလင်းရာမှာ သုံးတာမျိုး)( Non-selective Herbicides )ဆိုပြီး အသုံးများကြပါတယ်။ ဒါ့အပြင် ပေါင်းမပေါက်ခင် ကြိုဖျန်းရတဲ့ဆေး (Pre-emergence) နဲ့ ပေါင်းပေါက်ပြီးမှ ဖျန်းရတဲ့ဆေး (Post-emergence) ဆိုပြီးတော့လည်း ခွဲခြားထားပါသေးတယ်။

ပိုးသတ်ဆေးတွေ (အထူးသဖြင့် organophosphate and carbamate-အော်ဂဲနိုဖော့စဖိတ်နှင့် ကာဗာမိတ်) ဟာ အင်းဆက်တွေရဲ့ အာရုံကြောစနစ်ကို ဖျက်ဆီးဖို့ ထုတ်ထားတာဖြစ်ပါတယ်။ သို့သော်လည်း ဒီဆေးတွေဟာ အင်းဆက်ပိုးမွှားတွေကိုသာမက လူသားတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ထပ်ခါထပ်ခါပိုးသတ်ဆေးတွေ နဲ့ ထိတွေ့မိတဲ့အခါ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နုံးချိခြင်းနဲ့ ရေရှည်ထိတွေ့မှု ပြင်းထန်ပါက အာရုံကြောဆိုင်ရာ ပြဿနာတွေကိုပါဖြစ်စေပါတယ်။ အော်ဂဲနို ဖော့စဖိတ်နှင့် ကာဗာမိတ်ပါဝင်တဲ့ ပိုးသတ်ဆေးတွေရဲ့နောက်ထပ်ပြဿနာက ရေရှည်ထိတွေမှုရှိတဲ့ အမျိုးသားရော အမျိုးသမီးပါ မျိုးပွားနိုင်စွမ်း၊ မျိုးဆက်မွေးဖွားနိုင်စွမ်းကိုပါ ထိခိုက်စေနိုင်တယ်ဆိုတဲ့ သုတေသနစာတမ်းများစွာ လည်းရှိနေပါတယ်။ ကလေးတွေမှာ ကြာရှည်ထိတွေ့မိရင်လည်း ခန္ဓာကိုယ်ကြီး ထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုတို့ကိုပါ ထိခိုက်စေပါတယ်။ မှားယွင်းပြီး မတော်တဆ သောက်သုံးမိခဲ့ရင် အချိန်မီဆေးကုသမှု မရရှိခဲ့ရင်တော့ အသက်အန္တရာယ် ပါစိုးရိမ်ရပါတယ်။ ပေါင်းသတ်ဆေးတွေက အပင်တွေရဲ့သဘာဝကြီးထွားမှုဖြစ်စဉ် တွေကို ပစ်မှတ်ထား တာဖြစ်တာကြောင့် အော်ဂဲနိုဖော့စဖိတ် ပိုးသတ်ဆေးတွေလို အဆိပ်သင့်မှု” ပြင်းထန်တာ နည်းပါတယ်။ သို့သော် ပေါင်းသတ်ဆေးသည်လည်း ပေါ့ဆလို့မရပါဘူး။ ပေါင်းသတ်ဆေးနှင့် ထိတွေ့ခြင်း က အရေပြားနဲ့ မျက်စိယားယံခြင်းနှင့် ကြာရှည်ထိတွေ့မှုရှိလာပါက မျက်စိကွယ်နိုင်ခြင်း၊ ဆေးမှုန်များ ကြောင့် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါများနဲ့ ဆေးအမျိုးအစားအလိုက် ရေရှည်ကျန်းမာရေး ပြဿနာများအပြင် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။

ပိုးသတ်ဆေး အပြင်းအထန် အဆိပ်သင့်ခြင်းကတော့ သိသာပါတယ်။ အများအားဖြင့်တော့ ပိုးသတ်ဆေး (Pesticides)ကို မှားယွင်းသောက်မိကြပြီး အပြင်းအထန် သေလုမျောပါးဖြစ်ကာ ဆေးရုံဆေးခန်းတွေကို ရောက်လာကြတာဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်ထိတွေ့မှုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကတော့ လူအများစုသတိမထားမိတတ်ကြပါဘူး။ ဆေးဖျော်စပ်ခြင်း၊ ကျောပိုးဆေးဖြန်းစက်ဖြင့် ပက်ဖြန်းခြင်း၊ ဆေးဖြန်းပြီးစ စိုက်ခင်းထဲသို့ ဆေးရှိန်ပြင်းနေတုန်းဝင်ရောက်ခြင်းနဲ့ ဆေးဖျန်းပြီးတဲ့အခါ ဝတ်ဆင်တဲ့ အဝတ်အစားနဲ့ အရေပြားမှာ ဆေးအကြွင်းအကျန်များ ကပ်ပါလာတတ်ခြင်းတို့ဟာ မသိလိုက်မသိဘာသာနေကြရင်း ပမာဏအနည်းငယ်နဲ့ ထပ်ခါတလဲလဲလနှင့်ချီ၊ နှစ်နှင့်ချီပြီး ထိတွေ့နေရပါက နာတာရှည်ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်မို့လို့ ပိုးသတ်ဆေးပဲဖြစ်စေ ပေါင်းသတ်ဆေးပဲဖြစ်စေ ဘာပဲဖြန်းဖြန်း ဆေးဖြန်းတဲ့အခါ လက်အိတ်၊ နှာခေါင်းစည်း (Mask) နဲ့ မျက်မှန်တို့ကို စနစ်တကျ ဝတ်ဆင်ရပါမယ်။ ညွှန်ကြားထားတဲ့ ရည်ညွှန်းပါ ဆေးပမာဏအတိုင်းသာ အသုံးပြုရပါမယ် (ဆေးများလွန်းရင် အပင်နာနိုင်သလို၊ နည်းလွန်းရင် ပိုးက ဆေးယဉ်ပါးသွားနိုင်ပါတယ်)။ တရားဝင် မှတ်ပုံတင်ထားတဲ့ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေကိုပဲ ရွေးချယ်သုံးစွဲသင့်ပါတယ်။ သုံးစွဲတဲ့အခါမှာလည်း ဆေးမှာပါတဲ့ ရည်ညွှန်းပါ ညွှန်ကြားချက်တွေအတိုင်းလိုက်နာသတိပြုသုံးစွဲဖို့လိုအပ်ပါတယ်။ အတုအပပိုးသတ်ဆေးနဲ့ပေါင်းသတ် ဆေးတွေရဲ့ အန္တရာယ်ကိုတော့ သတိပြုဖို့လိုပါတယ်။ အချို့သော ခွင့်ပြုချက်မရှိတဲ့ ပိုးသတ်ဆေးနဲ့ ပေါင်းသတ် ဆေးတွေဟာ ပိုးမွှားတွေနဲ့ ပေါင်းပင်တွေကို ပြင်းပြင်းထန်ထန်ရှင်းနိုင်တာမှန်ပေမယ့် သုံးစွဲသူရဲ့ ကျန်းမာရေးကိုလည်း ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တာ စိုက်ပျိုးရေးပိုးမွှားတွေအပြင် ကျေးငှက်တွေနဲ့ ကုန်းနေရေနေ သတ္တဝါတွေကိုပါထိခိုက်ပျက်စီးစေတာသတိပြုသင့်ပါတယ်။ ဒါ့အပြင် ဆေးဖြန်းထားတဲ့ စိုက်ခင်းတွေနားမှာ ထမင်းဟင်းစားသောက်တာမျိုး အချိန်ကြာအောင် နေထိုင်အနားယူတာ မျိုး မပြုလုပ်ရပါဘူး။ ဆေးဖြန်းပြီးတဲ့အခါမိမိရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဆေးဖြန်းစဉ်က ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ အကာအကွယ်တွေကို စနစ်တကျဖယ်ရှားပြီး မိမိရဲ့ ခန္ဓာကိုယ်ကိုလည်း စနစ်တကျ သန့်စင်ဆေးကြောတာမျိုး ပြုလုပ်ရပါတယ်။ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးထိတွေ့မှုကြောင့် ခေါင်းကိုက်တာ၊ မူးဝေအော့အန်တာ၊ နုံးချိတာနဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာခဲ့ရင်တော့ နီးစပ်ရာ ကျန်းမာရေးဌာနတွေဖြစ်တဲ့ ကျေးလက်ဆေးပေးခန်းနဲ့ ဆေးရုံဆေးခန်းတွေမှာ စနစ်တကျ ကုသမှုခံယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေရဲ့ အန္တရာယ်ဟာ “ဆေးဖြန်းသူတွေ” အတွက်သာ ဖြစ်နိုင်သော ပြဿနာလို့ပြောလို့မရပါဘူး။ အလွန်အကျွံသုံးစွဲမှု၊ သုံးစွဲပြီးဆေးဘူးအခွံတွေနဲ့ ဆေးရည်လက်ကျန် တွေကို စွန့်ပစ်မှု စနစ်တကျမလုပ်နိုင်တဲ့အခါမှာ လယ်ယာစိုက်ပျိုးရေးလုပ်သားများ၊ မိသားစုဝင်များ၊ အနီးနားရှိ လူ့အဖွဲ့အစည်းများနှင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ ကုန်နေရေနေသတ္တဝါတွေရဲ့ ဂေဟစနစ်ကိုပါ တစ်စတစ်စနဲ့ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ “မသုံးတတ်ရင်ဘေး၊ သုံးတတ်ရင်ဆေး” ဆိုတဲ့ မြန်မာစကားပုံတစ်ခုရှိပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးသုံးပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေး တွေကို သုံးစွဲတဲ့အခါမှာ မိမိကိုယ်တိုင်ရော မိမိရဲ့ပတ်ဝန်းကျင်ရော မထိခိုက်စေဖို့ရန်နှင့် စနစ်တကျ ဂရုပြု သုံးစွဲဖို့ရန် တိုက်တွန်းရင်းဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

#Pesticides

#Herbicides

References

FAO/WHO. (2016). Guidelines on Highly Hazardous Pesticides (PDF).

ILO / Vision Zero Fund. (2021). Banning hazardous pesticides: Recommendations for Myanmar (PDF).

FAO. (n.d.). Guidelines for personal protection when handling and applying pesticides (PDF).

လူကြိုက်များသောဆောင်းပါးများ