နည်းပညာတွေ ဘယ်လောက်တိုးတက်လာလာ၊ အေအိုင်တွေ ဘယ်လောက်အရေးပါလာလာ၊ ခုလက်ရှိအချိန်အထိ သွေးကို စက်ရုံမှာ ထုတ်လုပ်လို့ မရသေးပါဘူး။ သွေးလိုအပ်နေတဲ့ လူနာတွေအတွက် သွေးဆိုတာ ကျန်းမာတဲ့ သွေးလှူရှင်တွေဆီကနေပဲ ရနိုင်တဲ့ အသက်ကယ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် သွေးအများကြီးဆုံးရှုံးသွားသူတစ်ယောက်၊ ခွဲစိတ်ကုသမှုခံယူနေသူတစ်ယောက်၊ မီးဖွားစဉ် သွေးများသွားတဲ့ မိခင်တစ်ယောက်၊ သွေးအားနည်းရောဂါပြင်းထန်နေတဲ့ ကလေးတစ်ယောက်၊ ကင်ဆာကုသမှုခံယူနေသူတစ်ယောက်အတွက် သွေးတစ်အိတ်ဟာ ဆေးဝါးတစ်မျိုးထက်ပိုပြီး အသက်ဆက်ခွင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးလှူခြင်းဟာ ကုသရေးစနစ်ထဲမှာ ဘာနဲ့မှ အစားထိုးလို့မရတဲ့ လူသားချင်းစာနာမှုအခြေခံတဲ့ ကူညီမှုတစ်ခု ဖြစ်နေဆဲပါ။
ကမ္ဘာတစ်ဝှမ်းမှာ တစ်နှစ်ကို သွေးယူနစ်ပေါင်း သန်း ၁၀၀ ကျော် စုဆောင်းနေပေမယ့် နိုင်ငံအများအပြားမှာ သွေးလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းနိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ လူဦးရေထဲက အနည်းဆုံး ၁ ရာခိုင်နှုန်းခန့်က ပုံမှန်သွေးလှူဒါန်းနိုင်မှသာ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံသွေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံမှာလည်း သွေးလိုအပ်မှုက တစ်နှစ်ပတ်လုံး ဆက်တိုက်ရှိနေပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း အမျိုးသားသွေးဌာနကနေ သွေးယူနစ် ၉၃,၃၈၅ ယူနစ် စုဆောင်းနိုင်ခဲ့ပြီး ဆေးရုံတွေကို ဖြန့်ဝေပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါဟာ အားရစရာအချက်ဖြစ်ပေမယ့် မြန်မာနိုင်ငံတစ်ဝန်းလုံးရဲ့ စုစုပေါင်းသွေးလိုအပ်ချက်ကို ဒီကိန်းဂဏန်းတစ်ခုတည်းနဲ့ မသတ်မှတ်နိုင်ပါဘူး။ အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ၊ ဒေသန္တရဆေးရုံများ၊ အရေးပေါ်အခြေအနေများ၊ မီးဖွားစောင့်ရှောက်မှု၊ သွေးရောဂါများ၊ ကင်ဆာကုသမှုနဲ့ ထိခိုက်ဒဏ်ရာရမှုများအားလုံးအတွက် သွေးလိုအပ်မှုက နေ့စဉ်ရှိနေပါတယ်။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးပမာဏဟာ ကိုယ်အလေးချိန်၊ ကိုယ်ခန္ဓာအရွယ်အစား၊ လိင်၊ ကိုယ်ဝန်ရှိမရှိနဲ့ ကျန်းမာရေးအခြေအနေအပေါ် မူတည်ပါတယ်။ ယေဘုယျအားဖြင့် လူကြီးတစ်ယောက်မှာ သွေး ၄ လီတာမှ ၆ လီတာခန့် ရှိတတ်ပါတယ်။ အမျိုးသားတွေမှာ သွေးပမာဏက အမျိုးသမီးတွေထက် အနည်းငယ်ပိုများလေ့ရှိပြီး အမျိုးသားတစ်ယောက်မှာ ၅ လီတာဝန်းကျင်မှ ၆ လီတာဝန်းကျင်၊ အမျိုးသမီးတစ်ယောက်မှာ ၄ လီတာဝန်းကျင်မှ ၅ လီတာဝန်းကျင် ရှိနိုင်ပါတယ်။
သွေးလှူတဲ့အခါ ခန္ဓာကိုယ်ထဲက သွေးအားလုံးကို ထုတ်ယူတာ မဟုတ်ပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်နဲ့ ကျန်းမာရေးစစ်ဆေးချက်အပေါ် မူတည်ပြီး သွေး ၃၅၀ မှ ၄၅၀ မီလီလီတာခန့်သာ ထုတ်ယူပါတယ်။ ဒီပမာဏဟာ ကျန်းမာတဲ့ လူကြီးတစ်ယောက်ရဲ့ စုစုပေါင်းသွေးပမာဏနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်သာ ဖြစ်ပေမယ့် သွေးလိုအပ်နေတဲ့ လူနာတစ်ယောက်အတွက်တော့ အသက်ကယ်နိုင်တဲ့ ပမာဏ ဖြစ်နိုင်ပါတယ်။
သွေးထဲမှာ အရည်ပိုင်းဖြစ်တဲ့ သွေးရည်ကြည် (plasma)၊ သွေးနီဥ (red blood cells)၊ သွေးဖြူဥ (white blood cells) နဲ့ သွေးဥမွှား (platelets) တွေ ပါဝင်ပါတယ်။ သွေးလှူပြီးတဲ့အခါ သွေးနီဥအချို့နဲ့ သွေးရည်ကြည်အချို့ လျော့နည်းသွားပေမယ့် ခန္ဓာကိုယ်က သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ သွေးလှူလိုက်တဲ့အခါ သွေးထဲက အောက်ဆီဂျင်သယ်ဆောင်နိုင်စွမ်း အနည်းငယ်လျော့သွားတာကို ကျောက်ကပ်က သိရှိပြီး erythropoietin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထုတ်ပေးပါတယ်။ ဒီဟော်မုန်းက ရိုးတွင်းခြင်ဆီကို သွေးနီဥအသစ်တွေ ထုတ်လုပ်ဖို့ အချက်ပြပေးပါတယ်။
သွေးနီဥတစ်လုံးရဲ့ သက်တမ်းဟာ ပုံမှန်အားဖြင့် ရက် ၁၂၀ ခန့်ရှိပါတယ်။ သွေးလှူပြီးနောက် သွေးရည်ကြည်ကို ခန္ဓာကိုယ်က အရင်ပြန်ဖြည့်တင်းပေးပြီး သွေးနီဥတွေကိုတော့ ပုံမှန်အားဖြင့် ၃ ပတ်မှ ၄ ပတ်အတွင်း သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးချက်တွေ ကိုက်ညီတဲ့ လူတစ်ယောက်အတွက် သွေးလှူတာကြောင့် အမြဲအားနည်းသွားမယ်၊ ရောဂါဝင်လွယ်သွားမယ်ဆိုတဲ့ အယူအဆတွေဟာ မမှန်ကန်ပါဘူး။
ဒါပေမယ့် သွေးလှူပြီးတာနဲ့ သွေးအရည်ပိုင်းကို ခန္ဓာကိုယ်က မြန်မြန်ပြန်ဖြည့်နိုင်ပေမယ့် သွေးနီဥနဲ့ သံဓာတ်အင်အား ပြန်လည်ဖြည့်တင်းဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ ဒါကြောင့် သွေးလှူရှင်တစ်ယောက်ဟာ မိမိဆန္ဒရှိတိုင်း ခဏခဏ သွေးလှူလို့ မသင့်ပါဘူး။ WHO Myanmar ရဲ့ အချက်အလက်အရ ကျန်းမာတဲ့ စေတနာသွေးလှူရှင်တစ်ယောက်ဟာ ၄ လတစ်ကြိမ် သွေးလှူနိုင်ပါတယ်။ ဒီကြားကာလကို စောင့်ပေးတာဟာ သွေးလှူရှင်ကို သွေးအားနည်းခြင်း၊ သံဓာတ်ချို့တဲ့ခြင်း၊ မူးဝေခြင်း၊ အားနည်းနွမ်းနယ်ခြင်းတွေကနေ ကာကွယ်ပေးပါတယ်။
သွေးလှူနိုင်ဖို့အတွက် ယေဘုယျအားဖြင့် ကျန်းမာနေသူ၊ လတ်တလောရောဂါမရှိသူ၊ သတ်မှတ်ထားတဲ့ အသက်၊ ကိုယ်အလေးချိန်နဲ့ ကျန်းမာရေးစစ်ဆေးချက်တွေ ကိုက်ညီသူ ဖြစ်ရပါမယ်။ အမျိုးသားသွေးဌာန မြန်မာရဲ့ အချက်အလက်အရ သွေးလှူရှင်ဟာ အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိသူ ဖြစ်ရပါမယ်။ အမျိုးသားရော အမျိုးသမီးပါ ကိုယ်အလေးချိန် ပေါင် ၁၂၀ အထက်ရှိရပါမယ်။ အိပ်ရေးဝထားသူ၊ အရက်သေစာ မသောက်ထားသူ၊ လတ်တလောရောဂါမရှိသူ ဖြစ်ရပါမယ်။ လွန်ခဲ့တဲ့ ၆ လအတွင်း ဆေးမင်ကြောင်ထိုးခြင်း၊ နားဖောက်ခြင်း၊ ဆေးအပ်စိုက်ခြင်းတို့ ပြုလုပ်ထားသူတွေက ခေတ္တစောင့်ဆိုင်းရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနဲ့ လတ်တလော ဓမ္မတာလာနေသူများလည်း အဲဒီအချိန်မှာ သွေးမလှူသင့်ပါဘူး။ ဒါတွေဟာ သွေးလှူသူကို ပယ်ချတာမဟုတ်ဘဲ သွေးလှူရှင်နဲ့ သွေးလက်ခံမယ့်လူနာ နှစ်ဖက်စလုံးကို ကာကွယ်ဖို့ထားရှိတဲ့ စည်းမျဉ်းတွေ ဖြစ်ပါတယ်။
သွေးလှူမယ့်သူတွေဟာ မလှူခင် သွေးစစ်ဆေးမှုနဲ့ ကျန်းမာရေးမေးမြန်းစစ်ဆေးမှုတွေကို ခံယူရပါမယ်။ မိမိရဲ့ ကျန်းမာရေးအခြေအနေ၊ လက်ရှိသောက်နေတဲ့ ဆေးဝါးများ၊ မကြာသေးခင်က ဖျားနာခြင်း၊ ခွဲစိတ်ကုသမှု၊ ခရီးသွားရာဇဝင်၊ တက်တူးထိုးခြင်း၊ နားဖောက်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ ဓမ္မတာလာခြင်း၊ ယခင်သွေးလှူပြီး မူးဝေဖူးခြင်း စတဲ့အချက်တွေကို သေသေချာချာ ပြောပြသင့်ပါတယ်။
သွေးလှူမယ့်နေ့မတိုင်ခင် အိပ်ရေးဝအောင် အိပ်ထားသင့်ပါတယ်။ အစာမစားဘဲ သွေးလှူတာ မလုပ်သင့်ပါဘူး။ အာဟာရပြည့်ဝတဲ့အစာ စားထားသင့်ပြီး ရေကိုလည်း လုံလောက်အောင် သောက်ထားသင့်ပါတယ်။ အရက်သေစာကို ရှောင်ရပါမယ်။ သွေးလှူပြီးတဲ့နောက်မှာလည်း အာဟာရပြည့်ဝအောင် စားသောက်ရပါမယ်။ အသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ အစိမ်းရောင်အရွက်များ၊ သံဓာတ်ပါဝင်တဲ့ အစားအစာများကို စားသင့်ပါတယ်။ ဗီတာမင် C ပါတဲ့ သံပရာ၊ လိမ္မော်၊ ဂွာဗာ၊ ခရမ်းချဉ်သီးနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေက သံဓာတ်စုပ်ယူမှုကို အထောက်အကူပြုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ပုံမှန်၊ စေတနာအလျောက်၊ အခမဲ့သွေးလှူရှင်တွေ ပိုများလာဖို့ လိုအပ်နေပါတယ်။ သွေးဆိုတာ အရေးပေါ်ဖြစ်မှ ရှာရမယ့်အရာမဟုတ်ပါဘူး။ လူနာလိုအပ်လာတဲ့အချိန်မှာ အသင့်ရှိနေသင့်တဲ့အရာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေမှာ သွေးရှာနေချိန်အတွင်း လူနာဟာ မဆုံးပါးသင့်ဘဲ ဆုံးပါးသွားတာ ဖြစ်နိုင်ပါတယ်။ သွေးလှူရှင်တွေ ပုံမှန်ရှိနေမှသာ မိသားစုတွေက လူနာအတွက် အရေးပေါ်သွေးရှာရတဲ့ အခက်အခဲကို လျှော့ချနိုင်မှာဖြစ်ပြီး မသေသင့်တဲ့အသက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာနေတဲ့အချိန်မှာ သွေးလှူပါ။ မှန်ကန်တဲ့အချက်အလက်တွေကို မျှဝေပါ။ အယူအဆမှားတွေကြောင့် ဖြစ်တဲ့ ကြောက်ရွံ့မှုတွေကို လျှော့ချပါ။ သင့်သွေးနဲ့ အသက်ကယ်နိုင်ပါတယ်။
References
1. World Health Organization Myanmar. Voluntary Blood Donations Factsheet. https://cdn.who.int/…/voluntary-blood-donations…
2. National Blood Center Myanmar. Blood Donation Eligibility and Blood Stock Information. https://www.donatebloodmyanmar.org/
3. Global New Light of Myanmar. NBC Myanmar distributes over 90,000 blood units to hospitals in 2023. https://www.gnlm.com.mm/nbc-myanmar-distributes-90000…/