ကိုဇော်မင်းက အသက် သုံးဆယ့်လေး။ စင်ကာပူက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ Supervisor အဖြစ် အလုပ်လုပ်နေတာ ငါးနှစ်ကျော်ပြီ။ လစဉ် အိမ်ကို ပိုက်ဆံ ပုံမှန်ပို့တယ်။ တာဝန်ကျေတဲ့ သားကြီး၊ တာဝန်ကျေတဲ့ အစ်ကို၊ တာဝန်ကျေတဲ့ ခင်ပွန်း။
ပြဿနာက လွန်ခဲ့တဲ့ ခြောက်လလောက်က စတယ်။ အရင်ဆုံး ခေါင်းကိုက်တာ။ အိပ်ရေးမဝလို့ ထင်တာပေါ့။ နောက်တော့ လည်ပင်း တောင့်လာတယ်။ ပခုံးတွေ တင်းလာတယ်။ ညနေစောင်းရင် ဗိုက်ထဲက အောင့်သလိုလို။ အစာစားပြီးတိုင်း မကြေသလိုနဲ့ မအီမသာ။ တစ်ခါတလေ ရင်ဘတ်ကို ဘာနဲ့မှန်းမသိ ဖိထားသလို လေးလံနေတာမို့ “နှလုံးများ ဖြစ်နေပြီလား” လို့တောင် တွေးမိသေးတယ်။
ဒါနဲ့ ဆရာဝန်ဆီ သွားပြတယ်။ သွေးစစ်တယ်။ နှလုံးလှိုင်း ECG ရိုက်တယ်။ ဗိုက်ကို Ultrasound နဲ့ ကြည့်တယ်။ ရလဒ်တွေ အကုန်လုံး ပုံမှန်။ ဆရာဝန်က ပြုံးပြီး “ဘာမှ မဟုတ်ပါဘူးဗျာ၊ ခင်ဗျား ကျန်းကျန်းမာမာပါပဲ” တဲ့။
ဒါပေမဲ့ ကိုဇော်ကတော့ မကျန်းမာဘူးလေ။ ခေါင်းက ကိုက်နေတုန်း၊ ဗိုက်က နာနေတုန်းပဲ။
အဲဒီအချိန်မှာ ပိုဆိုးတဲ့ အတွေးတစ်ခု ဝင်လာတယ်။ ငါ တမင် ဟန်ဆောင်နေတာများလား။ ဒါမှမဟုတ် ငါ့စိတ်ဓာတ် ပျော့ညံ့လွန်းလို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုဖြစ်နေတယ်လို့ ထင်နေတာလား။
ဒီအတွေးက သူ့ကို ပိုတောင် ညှဉ်းတယ်။ ဘယ်သူ့ကိုမှ မပြောရဲတော့ဘူး။ ဇနီးက ဖုန်းဆက်ရင်တောင် “ကောင်းပါတယ်၊ အလုပ် နည်းနည်း များနေလို့” ဆိုပြီး လွှဲပြောလိုက်တယ်။ ဆေးစစ်ချက်တွေက ပုံမှန်ဆိုတော့ သူ့နာကျင်မှုက ဘယ်စာရွက်ပေါ်မှာမှ မပေါ်ဘဲ သူ့ခန္ဓာကိုယ်ထဲမှာပဲ တိတ်တိတ်ဆိတ်ဆိတ် ကျန်နေခဲ့တယ်။
တစ်ညတော့ အိပ်မပျော်ဘဲ ထိုင်နေရင်း သူ ပြန်တွေးမိတယ်။ ခေါင်းကိုက်တာ ဘယ်တုန်းက စခဲ့တာလဲ။ ဪ… အိမ်က အကြွေးကိစ္စ ဖုန်းဝင်လာတဲ့ လကတည်းကပဲ။ အလုပ် ရှုပ်လာတဲ့ အချိန်ကတည်းကပဲ။ ညတိုင်း အိပ်ရာထဲမှာ ငွေကိစ္စ၊ မိသားစုကိစ္စ၊ အလုပ်ကိစ္စတွေ ခေါင်းထဲ တစ်ပတ်ပြီး တစ်ပတ် လည်နေတဲ့ အချိန်ကတည်းကပါလား။
သူ့ခန္ဓာကိုယ်က တစ်ခုခု ပြောနေတာများလား။ နှုတ်က ထုတ်မပြောနိုင်တဲ့ စကားတွေကို ခန္ဓာကိုယ်က ကိုယ်စား ပြောပေးနေတာလား။
ကိုဇော် တစ်ယောက်တည်း မဟုတ်ပါဘူး။
သူကြုံနေရတာမျိုးကို ဆေးပညာလောကမှာ Medically Unexplained Symptoms — ဆေးပညာအရ ရှင်းပြလို့မရသေးတဲ့ လက္ခဏာတွေလို့ ခေါ်ပါတယ်။ နာကျင်မှုတွေ ဖြစ်နေတယ်၊ ဒါပေမဲ့ စက်တွေ၊ ဓာတ်ခွဲခန်းတွေနဲ့ ရှာလို့ကတော့ အကြောင်းရင်း ထင်ထင်ရှားရှား မတွေ့ဘူး။ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲကိစ္စတော့ မဟုတ်ပါဘူး။ အထွေထွေရောဂါကု ဆေးခန်း လာပြသူ ငါးယောက်မှာ တစ်ယောက်လောက်ဟာ ဒီလိုအခြေအနေမျိုးလို့ လေ့လာမှုတွေက ဆိုပါတယ်။ လူထုအတွင်း စစ်တမ်းတစ်ခုမှာဆိုရင်လည်း ဖြေဆိုသူ သုံးပုံတစ်ပုံနီးပါးက ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဒီလို ရှင်းပြမရတဲ့ လက္ခဏာ တစ်ခုခုကို ခံစားခဲ့ဖူးတယ်လို့ ဖြေကြပါတယ်။ ရုံးခန်းထဲမှာ၊ ဘတ်စ်ကားပေါ်မှာ ကိုယ့်ဘေးနားက ထိုင်နေတဲ့ လူတွေထဲမှာလည်း ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ ကိုယ်လက် ကိုက်ခဲတာတွေကို ဖြစ်နေတဲ့သူတွေ အများကြီးပါ။ “ငါတစ်ယောက်တည်း ထူးထူးဆန်းဆန်း ဖြစ်နေတာလား” ဆိုတာ လုံးဝ မဟုတ်ပါဘူး။
ပြီးတော့ အရေးကြီးဆုံး တစ်ချက်။ ဒါ ဟန်ဆောင်တာ မဟုတ်ပါဘူး။ စိတ်ဒုက္ခကို ရှောင်ချင်လို့ ခန္ဓာကိုယ်ကို တမင် နာအောင် လုပ်နေတာမျိုး မဟုတ်ဘဲ၊ ဖြေရှင်းလို့ မရသေးတဲ့ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကနေတစ်ဆင့် ထွက်ပေါက် ရှာနေတာပါ။ ပြဿနာရင်းမြစ်ကသာ ရုပ်မဟုတ်ဘဲ စိတ် ဖြစ်နေတာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံ ၁၅ နိုင်ငံမှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခု ရှိပါတယ်။ စိတ်ကျရောဂါ ရှိနေသူတွေရဲ့ ၆၉ ရာခိုင်နှုန်းဟာ ဆရာဝန်ဆီ ရောက်တဲ့အခါ “စိတ်ဓာတ်ကျနေလို့ပါ” လို့ မပြောကြဘူးတဲ့။ ခေါင်းကိုက်တယ်၊ အိပ်မပျော်ဘူး၊ ကိုယ်လက် ညောင်းညာတယ် — ဆိုပြီး ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကိုပဲ ပြောကြပါသတဲ့။
ဒါဆို စိတ်ကြောင့် ခန္ဓာကိုယ်က ဘယ်လိုလုပ် တကယ် နာရတာလဲ။ စိတ်နဲ့ကိုယ်က ဆက်စပ်နေပြီး ခန္ဓာကိုယ်ထဲမှာ တကယ် ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။
စိတ်ဖိစီးတိုင်း ခန္ဓာကိုယ်က ကြွက်သားတွေကို အလိုအလျောက် တင်းလိုက်ပါတယ်။ အန္တရာယ်ကနေ ကာကွယ်ဖို့ မွေးရာပါ တုံ့ပြန်မှုပါ။ ဖိစီးမှုက ခဏတာဆိုရင် ကြွက်သားလည်း ခဏပဲ တင်းပြီး ပြန်လျော့သွားတယ်။ ဒါပေမဲ့ ဖိစီးမှုက လချီ နှစ်ချီ ကြာလာပြီဆိုရင်တော့ ကြွက်သားတွေက တင်းမြဲ တင်းနေတော့တာပါပဲ။ ကိုဇော်ရဲ့ ခေါင်းကိုက်တာ၊ လည်ပင်း ပခုံး တောင့်တင်းတာတွေရဲ့ နောက်ကွယ်မှာ ဒါ ရှိနေပါတယ်။
နောက်တစ်ခုက ဟော်မုန်းစနစ်။ အခြေအနေတစ်ခုကို ကိုယ့်အတွက် ခြိမ်းခြောက်မှုလို့ ခံစားရတဲ့အခါ ဦးနှောက်က HPA axis လို့ခေါ်တဲ့ စနစ်ကနေတစ်ဆင့် Adrenaline နဲ့ Cortisol ဆိုတဲ့ ဖိစီးမှုဟော်မုန်းတွေ ထုတ်လွှတ်ပါတယ်။ ရေတို အန္တရာယ်တစ်ခုကို ရင်ဆိုင်ဖို့ဆိုရင် ဒါတွေက အသုံးဝင်ပါတယ်။ ဒါပေမဲ့ ဒီစနစ်ကြီးက လအတော်ကြာ၊ နှစ်အတော်ကြာ ဆက်တိုက် ပွင့်နေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ တဖြည်းဖြည်း ကမောက်ကမ ဖြစ်လာပါတယ်။
ပြီးတော့ ဗိုက်။ ကျွန်တော်တို့ အူလမ်းကြောင်းထဲမှာ အာရုံကြောဆဲလ် သန်းချီ ရှိပြီး ဦးနှောက်နဲ့ အချိန်ပြည့် ဆက်သွယ်နေပါတယ်။ စိတ်လှုပ်ရှားရင် ဗိုက်ထဲ မအီမသာ ဖြစ်တာ၊ ရင်တထိတ်ထိတ် ဖြစ်တာတွေက ဒါကြောင့်ပါပဲ။ ဖိစီးမှုက ဒီဆက်သွယ်ရေးလမ်းကြောင်းကို နှောင့်ယှက်တဲ့အခါ အစာမကြေတာ၊ ဗိုက်အောင့်တာတွေကို ပိုပြီး ခံစားရလွယ်လာပါတယ်။ ကိုဇော် ညနေတိုင်း ဗိုက် မအီမသာ ဖြစ်နေတာလည်း ဒါကြောင့်ပါပဲ။
မြန်မာတွေအတွက် ထပ်ဆောင်း စဉ်းစားစရာတစ်ခုလည်း ရှိပါသေးတယ်။ လူမှုဆေးပညာရှင် Arthur Kleinman က ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဟာ ဒုက္ခကို ဖော်ပြတဲ့ နောက်ထပ် ဘာသာစကားတစ်ခုလို ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ စိတ်ကျန်းမာရေးကိစ္စကို အားနည်းချက်လို၊ အရှက်ရစရာလို မြင်တတ်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ဒီဖြစ်စဉ်က ပိုတောင် အဖြစ်များပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ကြည့်ပါ။ “ငါ စိတ်ကျနေတယ်” လို့ ပြောလိုက်ရင် “စိတ်ဓာတ် ညံ့လို့၊ တရား မကိုင်းလို့” ဆိုတဲ့ အပြောခံရမှာ ကြောက်ရတယ်။ ဒါပေမဲ့ “ခေါင်းကိုက်တယ်၊ အိပ်မပျော်ဘူး” လို့ ပြောရင်တော့ ဘယ်သူမှ အပြစ်မမြင်ဘူး။ ဒီတော့ ခန္ဓာကိုယ်ဟာ လူမှုရေးအရ လက်ခံနိုင်တဲ့ ထွက်ပေါက်တစ်ခု ဖြစ်လာတော့တာပေါ့။ နှုတ်က ပြောခွင့်မရတဲ့ ဒုက္ခတွေကို ခန္ဓာကိုယ်က ကိုယ်စား သတင်းပို့ပေးနေတာပါ။
ဒါဆို ဘာလုပ်ကြမလဲ။
ပထမဆုံး ဆရာဝန်နဲ့ စစ်ပါ။ ရုပ်ပိုင်းဆိုင်ရာ ရောဂါ တကယ်ရှိ၊ မရှိ အရင်သိဖို့က မဖြစ်မနေ လိုပါတယ်။ ပြီးရင် “ငါ ဟန်ဆောင်နေတာလား” ဆိုတဲ့ အတွေးကို မေ့ထားလိုက်ပါ။ ခံစားနာကျင်နေရတာက တကယ်ပါ။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာက ဖိစီးမှုကို ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ နောက်တစ်ခုက ကိုယ့်လက္ခဏာတွေ ဘယ်အချိန်မှာ ပိုဆိုးလဲ သတိထားကြည့်ပါ။ ကိုဇော်လိုပဲ — ဘာကိစ္စတွေ ကြုံနေချိန်၊ ဘာအတွေးတွေ ဝင်နေချိန်မှာ နာကျင်မှုက ပိုဆိုးသလဲဆိုတာကို သတိထားမိလာရင် ပြဿနာရဲ့ ရင်းမြစ်ကို စတင် မြင်လာပါလိမ့်မယ်။ နောက်ဆုံးတစ်ခုကတော့ တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ ယုံရတဲ့ မိတ်ဆွေ၊ မိသားစုဝင်၊ ဒါမှမဟုတ် စိတ်ပညာအတိုင်ပင်ခံ Counselor တစ်ယောက်ယောက်။ စိတ်ဒုက္ခကို နှုတ်ကနေ ထုတ်ဖော်ခွင့် ရလာတဲ့အခါ ခန္ဓာကိုယ်က ကိုယ်စား နာကျင်ပေးရတဲ့ တာဝန်လည်း တဖြည်းဖြည်း လျော့သွားတတ်ပါတယ်။
ကိုဇော် နောက်ဆုံး နားလည်သွားတာက ဒါပါ။ သူ့ခန္ဓာကိုယ်က သူ့ကို သစ္စာဖောက်နေတာ မဟုတ်ပါဘူး။
ကျွန်တော်တို့ဘက်က လုပ်ပေးဖို့ လိုတာကတော့ အဲဒီ အချက်ပြသံတွေကို သေချာ နားထောင်ပေးဖို့ပါပဲ။
ကိုးကားချက်များ
Simon GE, VonKorff M, Piccinelli M, et al. An international study of the relationship between somatic symptoms and depression. New England Journal of Medicine, 1999. (WHO ၁၅ နိုင်ငံ လေ့လာမှု)
American Psychological Association — Stress effects on the body (muscle tension, HPA axis, cortisol, gut-brain axis)
Kleinman A. Somatic Symptoms as an idiom / language of distress