ကမ္ဘာတစ်ဝန်းက ကျန်းမာရေးစနစ်တွေဟာ မကြုံဖူးတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရသလို ပဋိပက္ခတွေ၊ သူ့နောက်ဆက်တွဲ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေ၊ ရောဂါဘယတွေရဲ့ ဖိအားတွေအောက်မှာ ပိုပြီးတော့ အားနည်းယိုယွင်းလာနေပါတယ်။ ဒီစိန်ခေါ်မှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြပြီး တစ်ခုကို မဖြေရှင်းနိုင်ခင် နောက်တစ်ခုကပါ ဆက်လိုက်လာတဲ့ ကမ္ဘာ့လူထု ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ နိုင်ငံမရွေးမှာ အားနည်းလာတာ ဖြစ်တယ်လို့ Project HOPE အဖွဲ့က ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒီအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ၁၉၅၈ ခုနှစ်ကတည်းက တည်ထောင်ထားတာဖြစ်ပြီး S.S. Hope လို့ခေါ်တဲ့ ဆေးသင်္ဘောနဲ့ နိုင်ငံအသီးသီးကို လှည့်ပတ်သွားလာပြီး ဆေးဘက်ဆိုင်ရာ ကုသမှုပေးတာအပြင် ဒေသဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေကို လေ့ကျင့်ပေးတာတွေကို လုပ်တဲ့ အဖွဲ့ကြီးလည်း ဖြစ်ပါတယ်။
Project HOPE က ကမ္ဘာတစ်ဝန်း ဖြစ်ပျက်နေပြီး သူတို့ရရှိထားတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ်ထဲမှာ စောင့်ကြည့်ရမယ့် ကျန်းမာရေးကဏ္ဍ စိန်ခေါ်မှုခြောက်ခုကို အဖွဲ့ရဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေက ဖော်ထုတ်ထားပါတယ်။
စောင့်ကြည့်ရမယ့် နံပါတ် ၁ ပြဿနာ
နံပါတ် (၁) တစ်ခုကတော့ လက်နက်ကိုင်ပဋိပက္ခတွေ မြင့်တက်လာပြီး နေရပ်စွန့်ခွာရမှုတွေကြောင့် ကျန်းမာရေးစနစ်တွေ အစိတ်စိတ်အမွှာမွှာ ဖြစ်လာတာကို သတိပေးထားပါတယ်။ ဒါဟာ မြန်မာပြည်မှာလည်း လက်တွေ့ကြုံတွေ့နေရတဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍဆိုင်ရာ ပြဿနာတစ်ခုလည်း ဖြစ်နေပါတယ်။ Project HOPE ရဲ့ မျိုးဆက်ပွား၊ မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေးကဏ္ဍဆိုင်ရာ အကြီးတန်းနည်းပညာအကြံပေး ဒေါက်တာ Rondi Anderson ကတော့ လက်နက်ကိုင်ပဋိပက္ခတွေဟာ ဆယ်စုနှစ်သုံးခုအတွင်း အမြင့်ဆုံးအခြေအနေမှာ ရှိနေတယ်လို့ ဆိုထားပြီး ဒါတွေဟာ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပျက်စီးစေသလို ဆေးဝါးနဲ့ ကုသရေးပစ္စည်း ဖြန့်ဖြူးမှုကွင်းဆက်တွေကို ပြတ်တောက်စေပါတယ်တဲ့။ ပဋိပက္ခတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေ ဘေးလွတ်ရာ ထွက်ပြေးရစေပြီး အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေ ရရှိနိုင်ရေးကို လျော့နည်းစေပါသေးတယ်။ ဒီလိုအချက်အလက်တွေက လူထုအတွက် အဓိကကျတဲ့ ကျန်းမာရေးစနစ်တွေကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေပြီး အကျပ်အတည်းတွေ ကြာလာတာနဲ့အမျှ နေရပ်စွန့်ခွာရသူတွေဟာ လူဦးရေထူထပ်ပြီး အရင်းအမြစ်နည်းပါးတဲ့ နေရာတွေမှာသာ နေထိုင်လာကြရတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးဟာ အလွန်အလွန်ကို ကန့်သတ်ခံရစမြဲ ဖြစ်ပါတယ်။
ဒီကနေ့ ကမ္ဘာတစ်ဝန်းမှာ ပဋိပက္ခတွေကြောင့် အတင်းအကျပ် နေရပ်စွန့်ခွာရသူဟာ ၁၁၇ သန်းကျော်အထိ ရှိနေပြီး မတည်ငြိမ်ဘဲ အရင်းအမြစ်နည်းပါးတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ပိုများလာတာဟာလည်း ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ဖြစ်လာစေပါတယ်။ သုတေသနအထောက်အထားတွေအရ ပဋိပက္ခဒဏ် ခံနေရတဲ့ နိုင်ငံတွေမှာ ဒီဆိုးဝါးတဲ့ အကျိုးဆက်အဖြစ် မိခင်နဲ့ မွေးကင်းစကလေး သေဆုံးနှုန်းဟာ ကမ္ဘာ့တခြားဒေသက ပျမ်းမျှနှုန်းထက် နှစ်ဆကျော် မြင့်နေတာ ဖြစ်ပါတယ်။ ခိုင်မာအားကောင်းတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ မလုပ်နိုင်ရင် ဒီကျန်းမာရေးပြဿနာနဲ့ မညီမျှမှုတွေဟာ ဆက်လက်ကျယ်ပြန့်နေဦးမှာ ဖြစ်တယ်လို့လည်း Project HOPE က ဆိုထားပါတယ်။
စောင့်ကြည့်ရမယ့် နံပါတ် ၂ ပြဿနာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ဟာ ပြည်သူ့ကျန်းမာရေး ရင်းနှီးမြှုပ်နှံမှုအဖြစ် အချိန်ကြာမြင့်စွာကတည်းက ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပေမယ့် အခုအခါမှာတော့ ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ဒီဖိအားတွေထဲက ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သတင်းမှားတွေ ပျံ့တာ၊ ကမ္ဘာ့လူဦးရေ တိုးလာတာ၊ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကျပ်အတည်း ကြီးလာတာနဲ့ အဖွဲ့တွေရဲ့ ရန်ပုံငွေ လျော့နည်းလာတာဟာ လူတွေရဲ့ ရောဂါခုခံနိုင်စွမ်း ကွာဟချက်ကို ပိုမိုကျယ်ပြန့်လာစေတာ ဖြစ်တယ်လို့ Project HOPE ရဲ့ ကူးစက်ရောဂါဆိုင်ရာ အကြီးတန်းနည်းပညာဒါရိုက်တာ ဒေါက်တာ Endalkachew Melese က ပြောပြပါတယ်။ ဒါဟာ သန်းပေါင်းများစွာသော ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေနဲ့ သက်ကြီးပိုင်းလူကြီးတွေအတွက် ရောဂါအန္တရာယ်တွေရဲ့ ဒဏ်ကို ပိုမိုခံစားရစေပါတယ်။
ဒီကနေ့ ကမ္ဘာမှာ ကာကွယ်ဆေးနဲ့ ကုသနိုင်တဲ့ ရောဂါတွေဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပြန်လည်ခေါင်းထောင်လာပြီလို့ ဒေါက်တာ Endalkachew Melese က သတိပေးထားပါတယ်။ ဝက်သက်ရောဂါ ဖြစ်ပွားနှုန်းဟာ ၂၀၂၃ ခုနှစ်မှာ ၁၀ ဒသမ ၃ သန်းအထိ ရှိလာပြီး ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာဖြစ်ပြီး ဒါဟာ COVID-19 ကပ်ရောဂါနောက်ပိုင်း ပုံမှန်ကာကွယ်ဆေးထိုးနှံမှု လျော့နည်းကျဆင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ အာဖရိကလို ဒေသတွေမှာဆိုရင် ဦးနှောက်အမြှေးရောင် (Meningitis) နဲ့ Yellow Fever ဆိုတဲ့ အဖျားရောဂါ ဖြစ်ပွားနှုန်း ပြန်တက်လာနေပါတယ်။ DTP လို့ခေါ်တဲ့ ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုဟာ ၂၀၁၉ ခုနှစ်က နိုင်ငံပေါင်း ၁၃၁ နိုင်ငံမှာ အနည်းဆုံး ၉၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံမှုကို ထိန်းထားနိုင်ခဲ့ပေမယ့် အခုမှာတော့ မူလလွှမ်းခြုံမှုနိမ့်တဲ့ နိုင်ငံတွေအနက် ၁၇ နိုင်ငံသာ တိုးတက်လာပါတယ်။
၂၀၂၂ ခုနှစ်က ကလေးငယ်ပေါင်း ၁၃ ဒသမ ၉ သန်းဟာ ကာကွယ်ဆေးကို လက်လှမ်းမမီခဲ့ပေမယ့် ၂၀၂၄ ခုနှစ်မှာတော့ ၁၄ ဒသမ ၃ သန်းအထိ တိုးလာပြီး ၅ ဒသမ ၆ သန်းကျော်ဟာ ကာကွယ်ဆေးကို အပြည့်အဝမဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းသာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီကလေးငယ်တွေရဲ့ ထက်ဝက်ကျော်ဟာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့၊ ပဋိပက္ခဒဏ် ခံနေရတဲ့ ဒေသတွေမှာ နေထိုင်ကြတာ ဖြစ်ပြီး ရောဂါစောင့်ကြည့်ရေးစနစ်တွေ အားကောင်းလာဖို့၊ အသက်ကယ်နိုင်တဲ့ ကာကွယ်ဆေးကို ကလေးတိုင်း ရရှိနိုင်ဖို့ လိုအပ်နေတယ်လို့ Project HOPE က ဆိုထားပါတယ်။
စောင့်ကြည့်ရမယ့် နံပါတ် ၃ ပြဿနာ
ကမ္ဘာတစ်ဝန်းက လူပေါင်းတစ်ဘီလျံကျော်ဟာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ အတူယှဉ်တွဲနေထိုင်နေကြရပြီး စိုးရိမ်ပူပန်တာ (Anxiety) နဲ့ စိတ်ကျရောဂါ (Depression) တွေဟာ အဖြစ်အများဆုံးနဲ့ ရောဂါဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းထဲ ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကို သတ်သေတာ (Suicide) ဟာ လူငယ်တွေ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းအဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ Project HOPE ရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အကြံပေး Pamela Londoño Salazar က သတိပေးထားပါတယ်။ ၂၀၂၆ ခုနှစ်ကို မျှော်ကြည့်ရင် စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ အထောက်အပံ့အစီအစဉ် (Mental Health and Psychosocial Support – MHPSS) ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်ရဲ့ အဓိကအစိတ်အပိုင်း ဆက်ရှိနေရဦးမှာဖြစ်ပြီး ဖြစ်နေတဲ့အခြေအနေတွေကို လျော့ချဖို့ဆိုရင် ကာကွယ်တားဆီးရေးလုပ်ငန်းတွေ၊ စိတ်ကျန်းမာရေးပြဿနာတွေရဲ့ မူလဇစ်မြစ်ကို ရှာဖွေဖော်ထုတ်တာအပြင် အချိန်မီ ကုသထောက်ပံ့ရေးလုပ်ဖို့တွေဟာ အရေးပေါ်လိုအပ်နေပြီလို့လည်း Pamela က ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ စိတ်ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေ၊ မဟာဗျူဟာစီမံကိန်းတွေကို ပိုအားကောင်းအောင် လုပ်လာကြတာ ရှိပေမယ့် ကျန်းမာရေးစနစ်အများစုကတော့ လူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့မှာ မလုံလောက်နိုင်သေးပါဘူး။ ဒါကြောင့် MHPSS ဝန်ဆောင်မှုတွေကို လူတိုင်းလက်လှမ်းမီသော၊ ယဉ်ကျေးမှုနဲ့ ကိုက်ညီသော၊ လူမှုအသိုင်းအဝိုင်းကို အခြေပြုသော၊ လူတစ်ဦးချင်း လိုအပ်ချက်ကို ဗဟိုပြုသော ဝန်ဆောင်မှုအဖြစ် တိုးချဲ့ပေးဖို့ဟာ အလွန်အရေးကြီးလာနေပါတယ်။ ဒီလိုလုပ်ဖို့အတွက် ပိုမိုခံနိုင်ရည်ရှိတဲ့ ကျန်းမာရေးစနစ် တည်ဆောက်နိုင်ရေးမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုကလည်း ကနဦးရင်းနှီးမြှုပ်နှံရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ပထမဆုံးအကူအညီပေးမှု (Psychological First Aid)၊ စိတ်ဒဏ်ရာအပေါ် နားလည်တဲ့ အခြေပြုစောင့်ရှောက်မှု (Trauma-informed Care)၊ မိမိကိုယ်ကို ပြန်လည်ဂရုစိုက်မှု (Self-care) ပိုင်းနဲ့ပတ်သက်ပြီး အထူးပြုလေ့ကျင့်ပေးတာမျိုး လုပ်ရမှာပါ။
စောင့်ကြည့်ရမယ့် နံပါတ် ၄ ပြဿနာ
မိခင်နှင့် ဆယ်ကျော်သက်ကျန်းမာရေး တိုးတက်မှု နောက်ပြန်ဆုတ်သွားတာဟာ ၂၀၂၆ ခုနှစ်မှာ စောင့်ကြည့်ရမယ့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာလို့ Project HOPE က ရှုမြင်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း မွေးဖွားမှုနဲ့ ဆက်စပ်ပြီး အမျိုးသမီးသေဆုံးရမှုဟာ ခန့်မှန်းခြေအားဖြင့် ၂၆၀,၀၀၀ ခန့်ရှိပြီး ဒါဟာ နှစ်မိနစ်ကို တစ်ဦးနှုန်း သေဆုံးနေတဲ့ သဘောပါပဲ။ ၂၀၀၀ ကနေ ၂၀၂၃ ခုနှစ်အတွင်း မိခင်သေဆုံးနှုန်းဟာ ခန့်မှန်းခြေအားဖြင့် ၄၀ ရာခိုင်နှုန်း လျော့ကျခဲ့ပေမယ့် ဒီတိုးတက်နှုန်းဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း နှေးကွေးလာပြီး အမေရိကန်၊ ဗင်နီဇွဲလား၊ ဒိုမီနီကန်၊ ဂျမေကာ စတဲ့ နိုင်ငံအပါအဝင် ၁၆ နိုင်ငံမှာဆိုရင် မိခင်သေဆုံးနှုန်းဟာ မလျော့ကျတဲ့အပြင် မြင့်ပါမြင့်တက်လာပါတယ်။
နောက်ပြီး ဆယ်ကျော်သက်ကျန်းမာရေး (အထူးသဖြင့် အမျိုးသမီး) တွေရဲ့ အရွယ်မတိုင်မီ (အသက် ၁၅ နှစ်မှ ၁၉ နှစ်) ကလေးမွေးဖွားနှုန်းဟာ ၂၀၀၀ ပြည့်နှစ်က လူ ၁,၀၀၀ မှာ ၆၄ ဒသမ ၅ ကြိမ်သာ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာဆို ၄၁ ဒသမ ၃ ကြိမ်အထိ လျော့ကျခဲ့ပါတယ်။ ဒီ့နောက်ပိုင်းကာလမှာတော့ ဒီကိန်းဂဏန်းတွေဟာ နေရာဒေသကိုလိုက်ပြီး အတက်အကျ မညီမျှမှုတွေ ဖြစ်လာပြီး အာဖရိက ဆာဟာရတောင်ပိုင်းမှာဆိုရင် ၉၇ ဒသမ ၉ ကြိမ်၊ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသမှာဆို ၅၁ ဒသမ ၄ ကြိမ်အထိ ဖြစ်လာပါတယ်။ ဒီ့ထက်ဆိုးဝါးတဲ့ ဒေသတွေကတော့ မာလီ (၂၀၃ ကြိမ်)၊ နိုင်ဂျာ (၁၇၆ ကြိမ်)၊ အန်ဂိုလာ (၁၆၅ ကြိမ်) တို့အထိ ရှိနေတာပါ။
၂၀၁၆ ကနေ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ ၁၆ နိုင်ငံရဲ့ မိခင်သေဆုံးနှုန်း မြင့်မားလာမှု၊ ဆယ်ကျော်သက်ကလေးမွေးနှုန်းက တချို့ဒေသတွေမှာ သိသိသာသာ မြင့်တက်လာတာဟာ ကျန်းမာရေးဆိုင်ရာ မညီမျှမှုတွေ ပိုပြီးကြီးထွားလာနေတာကို ဖော်ပြနေတာဖြစ်ပြီး ကျန်းမာရေးစနစ်အပေါ် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့နဲ့ အမျိုးသမီး/ဆယ်ကျော်သက်တွေကို ရည်ရွယ်တဲ့ ကျန်းမာရေးအစီအစဉ်တွေ အရေးပေါ်ဆောင်ရွက်ဖို့ လိုနေပြီဆိုတာကို ဖော်ပြနေတယ်လို့ Project HOPE ရဲ့ အကြီးတန်းနည်းပညာအကြံပေး ဒေါက်တာ Rondi Anderson က သတိပေးထားပါတယ်။
စောင့်ကြည့်ရမယ့် နံပါတ် ၅ ပြဿနာ
Project HOPE ရဲ့ ကူးစက်ရောဂါဆိုင်ရာ အကြီးတန်းနည်းပညာဒါရိုက်တာ ဒေါက်တာ Endalkachew Melese ကတော့ ၂၀၂၆ မှာ အထူးစောင့်ကြည့်ရမယ့် ကျန်းမာရေးပြဿနာက ပိုးသတ်ဆေးယဉ်ပါးမှု (Antimicrobial Resistance – AMR) အန္တရာယ် ပိုမိုမြင့်တက်လာခြင်းပဲလို့ ဆိုထားပါတယ်။ AMR ဆိုတာက အရင်က ရောဂါဖြစ်ရင် ထိထိရောက်ရောက် ကုသပေးနိုင်ခဲ့တဲ့ ဆေးတွေရဲ့ အာနိသင်ကို အဏုဇီဝပိုးတွေက ခံနိုင်ရည်ရှိလာတာကို ဆိုလိုတာပါ။ အဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်မှာ AMR နဲ့ ဆက်စပ်ပြီး ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၄ ဒသမ ၇ သန်းလောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားပြီး ဒီထဲက ၁ ဒသမ ၁ သန်းကျော်ဟာ ဆေးယဉ်ပါးတဲ့ ပိုးမွှားကူးစက်ရောဂါတွေကြောင့် တိုက်ရိုက်သေဆုံးခဲ့ရတာပါ။ ဆေးယဉ်ပါး AMR ပြဿနာဟာ အထူးသဖြင့် ဝင်ငွေနိမ့်တဲ့၊ ဝင်ငွေအလယ်အလတ်အဆင့်မှာ ရှိတဲ့ နိုင်ငံတွေမှာ သက်ရောက်မှုကြီးမားပြီး ဒါဟာ အားနည်းတဲ့ ကျန်းမာရေးစနစ်၊ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိမှု အကန့်အသတ်၊ သန့်ရှင်းရေးနဲ့ အညစ်အကြေးစီမံခန့်ခွဲမှု မလုံလောက်တာ၊ ထိရောက်တဲ့ ပဋိဇီဝဆေး (Antibiotics) ရရှိနိုင်မှု နည်းပါးတာတွေကြောင့် ဖြစ်ပြီး အထူးသဖြင့် ကလေးငယ်တွေ၊ ကိုယ်ခံအားနည်းသူတွေနဲ့ အသက်ကြီးသူတွေဟာ AMR ရဲ့ အန္တရာယ်ကို ပိုပြီးတော့ ခံရနိုင်ပါတယ်။
ဒေါက်တာ Endalkachew Melese ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အရေးပေါ်တုံ့ပြန်မှုတွေကို မလုပ်ဘူးဆိုရင် ၂၀၅၀ ခုနှစ်မှာ AMR ကြောင့် သေဆုံးမှုဟာ ကင်ဆာရောဂါလိုပဲ လူသေဆုံးရတဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်လာဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။ AMR ဖြစ်လာတာဟာ လူ၊ တိရစ္ဆာန်နဲ့ သစ်ပင်တွေမှာ မလိုအပ်ဘဲ ပဋိဇီဝဆေးကို သုံးတာ၊ ဆေးပမာဏ မှန်ကန်စွာ မသုံးတာ၊ ဆရာဝန်ညွှန်ကြားမှု မရှိဘဲ သုံးတာတွေကြောင့် ပိုမိုမြန်ဆန်လာတာ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုတွေ၊ လူရွှေ့ပြောင်းနေထိုင်ရတာတွေ၊ ရာသီဥတုပြောင်းလဲတာတွေကလည်း ဒီပျံ့နှံ့မှုကို ပိုမြင့်တင်ပေးနေပါတယ်။ ကမ္ဘာ့ဘဏ် (World Bank) က AMR ကြောင့် ၂၀၃၀ ခုနှစ်မှာ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်ဟာ တစ်ထရီလီယံ ပိုကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စောင့်ကြည့်ရမယ့် နံပါတ် ၆ ပြဿနာ
McKinsey Health Institute ရဲ့ ခန့်မှန်းချက်အရ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစနစ်အတွင်းမှာ ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၁၀ သန်းလောက်က လိုအပ်လာမှာဖြစ်ပြီး ဒါဟာ ကျန်းမာရေးဝန်ဆောင်မှု လိုအပ်ချက်တွေ မြင့်လာတာနဲ့ ကျန်းမာရေးဝန်ထမ်းအင်အား ဖွဲ့စည်းပုံအခက်အခဲတွေကြောင့် မဖြစ်မနေ စောင့်ကြည့်ရမယ့် ပြဿနာကြီးလို့ Project HOPE ရဲ့ ကျန်းမာရေးမှူးချုပ် ဒေါက်တာ Uche Ralph-Opara က သတိပေးပါတယ်။ ဒီကိန်းဂဏန်းတွေဟာ မြေပြင်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ပကတိအခြေအနေကို ထင်ဟပ်ပြပြီး ဝန်ထမ်းတွေဟာ အလုပ်တာဝန်တွေ ပိုများလာတာ၊ ပြဿနာတွေက ပိုရှုပ်ထွေးတာအပြင် အထောက်အပံ့နည်းတဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။
ကျန်းမာရေးစနစ်အတွင်းမှာ ရာသီဥတုကြောင့် ဖြစ်တဲ့ ဘေးအန္တရာယ်၊ လက်နက်ကိုင်ပဋိပက္ခ၊ လူတွေ ပြောင်းရွှေ့နေထိုင်မှု၊ မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါ (Noncommunicable Diseases) တွေ ပိုများလာတာတွေအပြင် တစ်ဖက်မှာလည်း လုံခြုံမှုမရှိတဲ့ လုပ်ငန်းခွင်၊ အထောက်အပံ့နည်းခြင်းနဲ့ ရေရှည်စိတ်ဖိစီးမှုတွေက ကျန်းမာရေးဝန်ထမ်းတွေကို လုပ်ငန်းခွင်ကနေ ထွက်ခွာသွားအောင် တွန်းအားပေးနေပါတယ်။ ဒီလိုမျိုး ကျန်းမာရေးဝန်ထမ်း ရှားပါးမှု ဆက်ဖြစ်နေတဲ့ နိုင်ငံတွေမှာ ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးကျဆင်းတာ၊ အခြေခံကျန်းမာရေးဝန်ဆောင်မှု ရရှိနိုင်မှု မညီမျှတာတွေ ပိုမိုကျယ်ပြန့်လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။
မြန်မာပြည်မှာ ငါးခုဖြစ်နေတယ်
၂၀၂၆ ခုနှစ်အတွင်း အထူးစောင့်ကြည့်ရမယ့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့ပြဿနာခြောက်ခုအနက် ငါးခုကို မြန်မာပြည်မှာလည်း လတ်တလောကြုံတွေ့နေရပါတယ်။ ပဋိပက္ခတွေကြောင့် ကျန်းမာရေးစနစ်တွေ အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်တာ၊ ကာကွယ်ဆေး လက်လှမ်းမမီမှု၊ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကို ပုံစံမျိုးစုံနဲ့ နိုင်ငံ့လူအများစုက ခံစားနေရတာ၊ AMR လို ဆေးယဉ်ပါးပြဿနာတွေ ကြီးထွားလာတာ၊ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာတွေကို နိုင်ငံထဲမှာ ကြုံနေကြရပါတယ်။
ဒါတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် နောင်အနာဂတ်မှာ ကျန်းမာတဲ့ လူ့အဖွဲ့အစည်းနဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ရာမှာ ကြီးမားတဲ့ အခက်အခဲတွေနဲ့ချည်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ Project HOPE တို့ကတော့ ဒီပြဿနာတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကို ကြိုတင်ကာကွယ်ဖို့၊ ပြင်ဆင်ဖို့ တိုက်တွန်းထားသလို ဒါကို ဖြေရှင်းဖို့ရာမှာ မှန်ကန်ပြီး လက်တွေ့ကျတဲ့ မူဝါဒတွေ၊ အစီအမံတွေ၊ မဟာဗျူဟာတွေကို ချမှတ်ဖို့ကိုလည်း တိုက်တွန်းထားပြီးဖြစ်လို့ လက်တွေ့လုပ်ဆောင်နိုင်ရေး ပြင်ဆင်ကြဖို့ လိုအပ်ပါကြောင်း။
#ပဋိပက္ခ
#ဆေးယဉ်ပါး
#ကာကွယ်ဆေး
#စိတ်ပိုင်းဆိုင်ရာ
ကိုးကား – World Bank, World Health Organization, Project HOPE