Skip to content
Ads Advertisement

သွေးတွင်းအဆီ (ကိုလက်စထရော) များခြင်းကို ဘာကြောင့် သတိထားသင့်သလဲ

ကိုလက်စထရော (Cholesterol) ဆိုတာ ခန္ဓာကိုယ်က ဆဲလ်တွေတည်ဆောက်ဖို့၊ ဟော်မုန်းနဲ့ ဗီတာမင် D ထုတ်လုပ်ဖို့ လိုအပ်တဲ့ အဆီဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သွေးတွင်း ကိုလက်စထရောများခြင်း (High Cholesterol) ဟာ သိသာထင်ရှားတဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ သွေးကြောနံရံမှာ အဆီအနည်တွေ စုပုံပြီး သွေးကြောကျဉ်းခြင်း (Atherosclerosis) ဖြစ်လာစေနိုင်ပါတယ်။ ဒီကနေတစ်ဆင့် နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။

သွေးတွင်းအဆီဓာတ် စစ်ဆေးတဲ့အခါ LDL နဲ့ HDL ကိုလက်စထရောဆိုပြီး ကိုလက်စထရော ၂ မျိုးကို အဓိကတွေ့ရတတ်ပါတယ်။ LDL ကို အလွယ်ပြောရရင် “မကောင်းတဲ့ ကိုလက်စထရော” လို့ ခေါ်လေ့ရှိပြီး များလာရင် သွေးကြောနံရံမှာ အဆီအနည်တွေ စုပုံနိုင်ပါတယ်။ HDL ကိုတော့ “ကောင်းတဲ့ ကိုလက်စထရော” လို့ ခေါ်လေ့ရှိပြီး သွေးထဲက ကိုလက်စထရောတချို့ကို အသည်းဆီ ပြန်သယ်ဆောင်ပေးရာမှာ ပါဝင်ပါတယ်။ သွေးတွင်းအဆီဓာတ် စစ်တဲ့အခါ Triglycerides ကိုလည်း အတူတကွ စစ်ဆေးလေ့ရှိပါတယ်။

ပြည့်ဝဆီ (Saturated fat) နဲ့ ပြောင်းလဲဆီ (Trans fat) များတဲ့ အစားအစာတွေ မကြာခဏ စားသုံးခြင်း (တိရစ္ဆာန်ဆီ၊ ပြန်ကြော်စာ၊ ဆီကြော်စာ စသဖြင့်)၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ကိုယ်အလေးချိန်များခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့က သွေးတွင်းမှာ မကောင်းတဲ့ အဆီဓာတ်တွေ များလာစေနိုင်ပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း စတဲ့ အခြေအနေတွေကြောင့်လည်း LDL cholesterol မြင့်တက်နိုင်ပါတယ်။

ကိုလက်စထရောများခြင်းရဲ့ အရေးကြီးဆုံးအချက်က အများအားဖြင့် လက္ခဏာမရှိတာပါ။ ရင်ဘတ်အောင့်တာ၊ လမ်းလျှောက်ရင် ခြေထောက်နာတာမျိုး ဖြစ်လာပြီဆိုရင်တော့ ကိုလက်စထရောကိုယ်တိုင်ရဲ့ လက္ခဏာထက် သွေးကြောကျဉ်းခြင်းရဲ့ နောက်ဆက်တွဲပြဿနာ ရှိနေပြီလားဆိုတာ စစ်ဆေးဖို့ လိုပါတယ်။ ကိုလက်စထရောများ၊ မများကို သိချင်ရင်တော့ သွေးတွင်းအဆီဓာတ် (Lipid Profile) စစ်ဆေးနိုင်ပါတယ်။

LDL cholesterol မြင့်နေတာကို အချိန်ကြာကြာ ထိန်းချုပ်မထားနိုင်ရင် သွေးကြောနံရံမှာ plaque လို့ခေါ်တဲ့ အဆီအနည်တွေ စုပုံလာပြီး သွေးကြောကျဉ်း၊ ပိတ်ဆို့လာနိုင်ပါတယ်။ ဒီကနေတစ်ဆင့် —

  • နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease) ဖြစ်လာနိုင်ပါတယ်။
  • နှလုံးသွေးကြော ရုတ်တရက်ပိတ်သွားရင် နှလုံးဖောက်ခြင်း (Heart Attack) ဖြစ်နိုင်ပါတယ်။
  • ဦးနှောက်ကို သွေးပို့တဲ့ သွေးကြောပိတ်သွားရင် လေဖြတ်ခြင်း (Stroke) ဖြစ်နိုင်ပါတယ်။
  • ခြေထောက်လို ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို သွေးပို့တဲ့ သွေးကြောတွေ ကျဉ်းလာရင် Peripheral Artery Disease (PAD) ဖြစ်နိုင်ပါတယ်။

ဒီရောဂါတွေဟာ အားလုံး သွေးကြောကျဉ်းခြင်းနဲ့ ဆက်စပ်ပြီး အချို့အခြေအနေတွေမှာ အသက်အန္တရာယ် ရှိနိုင်ပါတယ်။

သွေးတွင်းအဆီဓာတ်ကို ထိန်းချုပ်ဖို့ဆိုရင် အဆီများတဲ့အသား၊ ဝက်ဆီ၊ ထောပတ်နဲ့ ပြည့်ဝဆီများတဲ့ အစားအစာတွေကို လျှော့စားပြီး ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲအမျိုးမျိုး၊ whole grains၊ ငါးနဲ့ အခွံမာသီးတွေလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ပိုမိုရွေးချယ်နိုင်ပါတယ်။ ပုံမှန် ကိုယ်လက်လှုပ်ရှားခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနဲ့ ကိုယ်အလေးချိန်ကို သင့်တော်အောင် ထိန်းသိမ်းခြင်းကလည်း အရေးကြီးပါတယ်။

ကိုလက်စထရောများနေတိုင်း ဆေးသောက်ဖို့လိုလားမေးရင်တော့ မလိုဘူးလို့ ဖြေရပါမယ်။ ဆရာဝန်တွေက LDL cholesterol ပမာဏတစ်ခုတည်းမဟုတ်ဘဲ အသက်အရွယ်၊ ဆီးချို၊ သွေးတိုး၊ ဆေးလိပ်သောက်ခြင်း၊ မိသားစုရာဇဝင်နဲ့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေတွေကို ချိန်ထိုးစဉ်းစားပြီးမှ ဆေးလို/မလို ဆုံးဖြတ်ပေးလေ့ရှိပါတယ်။ လိုအပ်တဲ့သူတွေမှာ Statin အုပ်စုဝင်ဆေးတွေ အသုံးပြုနိုင်ပေမယ့် မိမိဘာသာ ဝယ်သောက်တာ၊ မိမိသဘောနဲ့ ရပ်လိုက်တာမျိုးတော့ မလုပ်သင့်ပါဘူး။

ကိုလက်စထရောများခြင်းဟာ ဘာလက္ခဏာမှ မပြဘဲ နှစ်နဲ့ချီပြီး သွေးကြောတွေကို တဖြည်းဖြည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် “ဘာမှမဖြစ်သေးဘူး” ဆိုတဲ့အချိန်ကတည်းက အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုကို လျှော့ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနဲ့ ကိုယ်အလေးချိန် ပုံမှန်ရှိအောင် ထိန်းခြင်း စတဲ့ ကျန်းမာတဲ့ လူနေမှုပုံစံကို ကျင့်သုံးဖို့ လိုအပ်ပါတယ်။

References

  1. American Heart Association. What Is Cholesterol?
  2. National Heart, Lung, and Blood Institute. High Blood Cholesterol.
  3. Libby P, et al. Atherosclerosis. Nature Reviews Disease Primers. 2019;5:56.
  4. World Health Organization. Cardiovascular diseases (CVDs).
  5. ACC/AHA et al. Guideline on the Management of Dyslipidemia.

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement