Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (August Third Week )

  1. • ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နောက်ခြမ်း ကစူးပါကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ဖျားနာတာတွေ ရှိနေလို့ ဆေးဝါး၊ ကုသရေးတွေနဲ့ ဆက်စပ်တဲ့ အရေးပေါ်အကူအညီတွေ လိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
    • ကရင်နီဒေသက ဒေသခံတွေနဲ့ စစ်ရှောင်တွေအတွက် သွားနဲ့ခံတွင်းဆိုင်ရာ အခမဲ့ကုသမှုတွေကို Clean Yangon အခမဲ့ဆေးခန်းက အပတ်စဉ် တနင်္လာနေ့တိုင်း ပြုလုပ်ပေးနေပြီး သွားနာတာ၊ သွားဖုံးရောင်တာအပြင် တခြား သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာရှိနေသူတွေအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။
    • ရန်ကုန်မြို့မှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်သူ ဆက်တိုက်တိုးနေပြီး သြဂုတ် ၁၉ ရက် အချက်အလက်တွေအရ လူနာ ၆၀၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။ လသာအပါအဝင် မြို့နယ်တချို့မှာတော့ ရောဂါမပြန့်ဖို့အတွက် ကလိုရင်းဆေးခတ်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
    • ရန်ကုန်မြို့မှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ပျံ့နေလို့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲ လေကြောင်း၊ ရေကြောင်းနဲ့ နယ်စပ်လမ်းကြောင်းကနေ ဝင်လာတဲ့သူတိုင်းကို သတိထားစောင့်ကြည့်မယ်လို့ သြဂုတ် ၁၉ ရက်မှာ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
    • ရေဘေးသင့်ဒေသက ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်ရေးအသင်းက လှူဒါန်းခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
    • စစ်တွေခရိုင်ထဲက စစ်ဘေးရှောင် မျက်စိဝေဒနာရှင် ၆၇၈ ဦးကို စစ်ဆေးပေးပြီးနောက် ခွဲစိတ်ဖို့ လိုအပ်တဲ့ လူနာ ၁၅၂ ဦးအနက် ၅၈ ဦးကို ဒေသအာဏာပိုင် ကျန်းမာရေးအဖွဲ့က ခွဲစိတ်ကုသပေးခဲ့ပါတယ်။
    • မြန်မာနိုင်ငံမှာ နှလုံးနဲ့ သွေးကြောရောဂါ ပူးပေါင်းခွဲစိတ်ကုသမှုပေါင်း ၃၈ ခုကို ၂၀၂၃ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် သြဂုတ် ၁၃ ရက်အတွင်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
    • မြန်မာ့အိမ်နီးချင်း တရုတ်အပြင် ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေမှာပါ ပြီးခဲ့တဲ့လအတွင်း ကိုဗစ်ရောဂါပိုးတွေ့သူ ပြန်မြင့်တက်လာတယ်လို့ အဲဒီနိုင်ငံတွေရဲ့ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) တွေက ထုတ်ပြန်ထားပါတယ်။
    • တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကိုဗစ်အတည်ပြုလူနာ ၅၂၂,၀၀၀ ကျော် တွေ့ရှိထားပြီး ၄၈၇ ဦးဟာ ပြင်းထန်လူနာ ဖြစ်ကာ တစ်ဦးသေဆုံးထားတယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
    • ကွန်ဂို (DRC) မှာ ဖြစ်နေတဲ့ အီဘိုလာကူးစက်မှုဟာ အရေးပေါ်အခြေအနေမှာ ဆက်ရှိနေဆဲဖြစ်ပြီး ကူးစက်သူအရေအတွက်ဟာ ၅,၀၀၀ ကျော်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။
    • ၂၀၁၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း တရုတ်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၃ ဒသမ ၈၅ နှစ်အထိ တိုးတက်လာလို့ ၇၉ ဒသမ ၂၅ နှစ်အထိ ဖြစ်လာပြီး မွေးကင်းစကလေး သေဆုံးနှုန်းဟာလည်း ၁,၀၀၀ မှာ ၃ ဒသမ ၈ ဦးအထိ ကျဆင်းသွားတယ်လို့ People’s Daily China သတင်းက ဖော်ပြပါတယ်။ ဒါဟာ တရုတ်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်လာတာကို ပြနေတာဖြစ်ပြီး ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းဖြစ်တဲ့ ၂၀၂၆ ကနေ ၂၀၃၀ မှာတော့ ပျမ်းမျှသက်တမ်း နှစ် ၈၀ အထိ မြှင့်တင်ဖို့ကိုလည်း ရည်မှန်းထားကြပါတယ်။
    • ဂျပန်နိုင်ငံက ဟိုတယ်အများအပြားဟာ Brain Scan သုံးပြီး ကောင်းမွန်စွာ အိပ်စက်ခြင်း ခရီးသွားလုပ်ငန်း (Sleep Tourism) ကို အကောင်အထည်ဖော်နေပြီလို့ CNN သတင်းဌာနက ရေးသားထားပါတယ်။
    • သကြားထည့် အချိုရည် (SSB) နဲ့ အချိုတုသုံး အချိုရည် (ASB) သောက်သုံးတာဟာ အစာအိမ်ကင်ဆာဖြစ်မှုနဲ့ ဆက်စပ်မှု ရှိ၊ မရှိကို လေ့လာခဲ့ရာမှာ SSB မှာ ဆိုဒါ၊ အားဖြည့်အချိုရည်နဲ့ အများအားဖြင့် ပြောင်းဖူးက ထုတ်ထားတဲ့ ဖရပ်တို့စ် (High-fructose Corn Syrup) အများအပြား ပါဝင်နေတယ်လို့ တွေ့ရှိမှုကို အခြေခံပြီး Gastro Hep Advances ဂျာနယ်က ထုတ်ဖော်ရေးသားထားပါတယ်။ ဒီအချိုရည်တွေကို အလွန်အကျွံသောက်တာဟာ အူမကြီး၊ ရင်သားနဲ့ အသည်းကင်ဆာ အပါအဝင် ကင်ဆာရောဂါတချို့ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်တယ်ဆိုတာကို လေ့လာမှုတချို့အရ တွေ့ရှိထားပေမယ့် အစာအိမ်ကင်ဆာနဲ့ ဆက်စပ်မှုကတော့ အခုအချိန်အထိ သေချာမှု မရှိသေးဘူးလို့လည်း ဖော်ပြထားပါတယ်။
    • ပုံမှန် Antibody တွေကို လူ့ခန္ဓာကိုယ်ထဲ ဆဲလ်တွေအတွင်း ဝင်ရောက်ပြီး ရောဂါပိုးတွေကို တိုက်ဖျက်နိုင်မယ့် အလွန်သေးငယ်တဲ့ မော်လီကျူးအဖြစ် ပြောင်းလဲအသုံးချနိုင်မယ့် နည်းလမ်းသစ်တစ်ခုကို သုတေသီတွေက ဖော်ထုတ်ထားတယ်လို့ ScienceDaily သတင်းက ရေးသားထားပါတယ်။ ဒီနည်းပညာဟာ အယ်လ်ဇိုင်းမား၊ ပါကင်ဆန်၊ ဟန်တင်တန်နဲ့ Motor Neurone Disease လို ရောဂါတွေကို ကုသဖို့အတွက် နည်းလမ်းသစ်တွေ ဖော်ထုတ်ဖို့အတွက် အလားအလာတစ်ခုလည်း ဖြစ်တယ်လို့ သတင်းမှာ ပါရှိပါတယ်။
    • လူနာတစ်ဦးချင်းစီအလိုက် ဆေးနဲ့တွဲပြီး ထိုးပေးဖို့ ပြင်ဆင်ထားတဲ့ ကင်ဆာကာကွယ်ဆေးသစ်ဟာ အရေပြားကင်ဆာ ပြန်ဖြစ်မှုကို တားဆီးနိုင်တာမို့ ကင်ဆာကုသရေးနယ်ပယ်အတွက် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်တယ်လို့ BBC သတင်းဌာနက ရေးသားထားပါတယ်။ Merck နဲ့ Moderna က ပူးပေါင်းဖော်ထုတ်တဲ့ ဒီဆေးဟာ အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ Melanoma ကို ခွဲစိတ်ကုသမှုပေးပြီး ထိုးပေးခဲ့တာဖြစ်ပြီး ရလဒ်အနေနဲ့ ဆေးထိုးထားတဲ့ လူနာတွေရဲ့ ကင်ဆာကင်းစင်တဲ့ကာလ ပိုရှည်လာတာကို တွေ့ရှိရပြီး ဘယ်လောက်အထိ ကာကွယ်နိုင်မယ်ဆိုတာကိုလည်း လက်ရှိအချိန်အထိ တိကျစွာ မသိရသေးဘူးလို့လည်း ကုမ္ပဏီတွေဘက်က ထုတ်ပြန်ထားပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement