- မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာက ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်မှာ သြဂုတ် ၂၆ ရက်က အစာအဆိပ်သင့်မှုဖြစ်လို့ ကိုရင်နဲ့ သံဃာအပါး ၇၀ ကျော် ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- သက်တမ်းလွန်ဆေးတွေကို မရောင်းဖို့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်က ဆေးဆိုင်တွေကို ဒေသအာဏာပိုင်အဖွဲ့အစည်းရဲ့ FDA ဌာနက စစ်ဆေးခဲ့သလို တားမြစ်ထားတဲ့ တရားမဝင်ဆေးတွေအကြောင်းကိုလည်း ရှင်းလင်းပြခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
- မြန်မာ ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ထိုင်း-မြန်မာနယ်စပ်၊ မဲ့ဆောက်မြို့က မယ်တော်ဆေးခန်းကို ဂျပန်နိုင်ငံက (၁၃) ကြိမ်မြောက် အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြှင့်ဖို့ ရွေးချယ်ထားပါတယ်။
- ပဋိပက္ခကြောင့် နေရပ်စွန့်သူ ပိုများလာသလို ထိခိုက်ဒဏ်ရာရသူတွေပါ နယ်စပ်အထိ ရောက်ရှိလာကြလို့ အရေးပေါ်ကုသတာအပြင် ရေရှည်ပြန်လည်ထူထောင်ရေး စောင့်ရှောက်မှုတွေပါ လိုအပ်လာနေတယ်လို့ မယ်တော်ဆေးခန်းက ထုတ်ပြန်ထားပါတယ်။ ဆေးခန်းကို ရွှေ့ပြောင်းလုပ်သားနဲ့ နေရပ်စွန့်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ၁၉၈၉ ခုနှစ်ကတည်းက ဖွင့်လှစ်ကုသပေးနေတာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ အခြေအနေပြင်းထန်တဲ့ လူနာနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ကုသပေးဖို့ အရေးပေါ်စောင့်ရှောက်ရေးယူနစ် (ECU) ကိုပါ တိုးချဲ့ဖွင့်လှစ်ထားရပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ထဲက မန်လီကျေးရွာအုပ်စုထဲက ခိုင်းမွန်ကျေးရွာမှာ ချောင်းရေ သုံးနေရတဲ့ ကလေးတွေ ယားနာအပါအဝင် အရေပြားရောဂါတွေ ဖြစ်ပွားနေပါတယ်။ ဒေသခံတွေဟာ မသန့်ရှင်းတဲ့ရေကိုသာ အချိန်အတော်ကြာကတည်းက သုံးနေလို့ ဖြစ်ပြီး သက်ဆိုင်ရာဌာနတွေကို အကူအညီတောင်းထားသလို လွှတ်တော်မှာလည်း မေးခွန်းအနေနဲ့ တင်ပြမေးမြန်းထားတယ်လို့ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
- ရန်ကုန်ဆေးရုံကြီးမှာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတစ်ပုလင်းကို လူငါးယောက် သုံးရမယ်လို့ သတ်မှတ်ထားလို့ လိုအပ်လို့ သွားထိုးနှံတဲ့သူ သုံးဦးကို ဆေးမထိုးပေးဘဲ ပြန်လွှတ်လိုက်တယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားသလို ဒီဖြစ်စဉ်အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
- ဆီးချိုသမား ဝိတ်ချဖို့အတွက် သုံးတဲ့ Mounjaro ဆေးကို ကိုယ်အလေးချိန်လျှော့ဖို့အတွက် ၂ ဒသမ ၅ မီလီဂရမ် တစ်လ၊ ၅ မီလီဂရမ် တစ်လနဲ့ ၇ ဒသမ ၅ မီလီဂရမ် တစ်လ၊ စုစုပေါင်း သုံးလကြာ ဆက်တိုက်ထိုးပေမယ့် ခန္ဓာကိုယ်ရဲ့ Immune စနစ်ကြောင့် ဆေးရဲ့ ထိရောက်မှုကို လျော့လာစေတာမို့ လုံးဝ မထိုးတော့ဘူးလို့ ဆေးသုံးနေတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက သူ့ရဲ့ အတွေ့အကြုံကို လူမှုကွန်ရက်ပေါ်မှာ မျှဝေထားပါတယ်။
- ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင်အတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့ဆေးခန်းကို အခု သြဂုတ်လ နောက်ဆုံးပတ်ကနေစပြီး အပတ်စဉ် တနင်္ဂနွေနေ့ကိုပါ ရက်တိုးဖွင့်လှစ်သွားမယ်လို့ Clean Yangon က ထုတ်ပြန်ထားပြီး ဒီအဖွဲ့ဟာ လူသားစာနာကိစ္စအပြင် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍအတွက်ပါ ကူညီနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။
- မွန်ပြည်နယ်၊ ကျိုက်ထိုမှာ ပြည်သူ့ဆေးရုံကြီး ကျန်းမာရေးအဖွဲ့က သြဂုတ် ၁၇ ကနေ ၂၁ ရက်အထိ ငါးရက်ကြာ ကွင်းဆင်းပြီး လူပေါင်း ၈၀၈ ဦးကို စစ်ဆေးပေးခဲ့ပါတယ်။ စစ်ဆေးခဲ့သူတွေထဲမှာ HIV စစ်ဆေးသူ ၇၉ ဦး၊ ဆီးချိုလူနာသစ် ၇ ဦးနဲ့ အဟောင်း ၂၃ ဦး၊ သွေးတိုးလူနာသစ် ၁၁ ဦးနဲ့ လူနာဟောင်း ၆၂ ဦးအပြင် ဆီးချိုနဲ့ သွေးတိုးရောဂါ နှစ်မျိုးစလုံးဖြစ်နေသူ ၂၆ ဦး၊ အရေပြားရောဂါ သံသယရှိသူနဲ့ ရောဂါရှိလို့ လာပြတဲ့သူ ၁၈ ဦး ပါဝင်တယ်လို့ ဆေးရုံ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒီထဲမှာ တီဘီရောဂါ သံသယရှိသူ ၅၃ ဦးကို တွေ့ရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးပြီး ဒီထဲက ၂၆ ဦးကို အတည်ပြုလူနာအဖြစ် တွေ့ရှိခဲ့ပါတယ်။
- ဆီးချိုရောဂါ သောက်ဆေးအဖြစ် သုံးနိုင်တဲ့ GIFT လို့ ခေါ်တဲ့ အမိုင်နိုဆက်ဆစ်နဲ့ ပရိုဘိုင်အိုတစ်ကို အခြေပြု တိုက်ရိုက်ထိန်းညှိပေးတဲ့ ဆေးဝါးသစ်တစ်မျိုးကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က East China Normal University က သုတေသနအဖွဲ့က တီထွင်လိုက်နိုင်ပြီလို့ ဆင်ဟွာသတင်းက ရေးသားထားပါတယ်။
- ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာကို ထိုင်းနဲ့ စင်ကာပူတို့အကြား ပိုမိုမြှင့်တင်သွားဖို့ ထိုင်းသတင်းတွေက ရေးသားထားပါတယ်။ ဒီအစီအစဉ်မှာ ကိုယ်ဝန်ဆောင်ချိန်ကနေ ကလေး အသက် နှစ်နှစ်ပြည့်တဲ့အထိ ပါဝင်တဲ့ ဘဝရဲ့ ပထမ ရက် ၁,၀၀၀ ကာလကို ရေရှည်ကျန်းမာရေးအတွက် အရေးကြီးကာလအဖြစ် သတ်မှတ်ပြီး ကလေးရဲ့ ကိုယ်ခန္ဓာနဲ့ ဦးနှောက် ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရပြည့်ဝမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မိဘနဲ့ ပြုစုစောင့်ရှောက်သူတွေရဲ့ ဂရုစိုက်မှု၊ ကလေးတွေအတွက် လုံခြုံစိတ်ချတဲ့ ပတ်ဝန်းကျင်ရရှိရေး စတဲ့ ကိစ္စတွေမှာ အထူးအလေးထား မြှင့်တင်သွားမှာ ဖြစ်ပါတယ်။
- ထိုင်းနိုင်ငံ၊ ဆွန်ခလာရိုင်မှာ HIV ပိုးနဲ့ အသက်ရှင်နေရသူ ၁၀,၆၄၄ ဦး ရှိနေတယ်လို့ အမှတ် (၁၂) ဒေသ ကျန်းမာရေးထိန်းချုပ်ရေးရုံးက ထုတ်ပြန်ထားသလို ဒီထဲက လူငယ်နဲ့ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိသူတွေဟာ ကူးစက်ခံရသူ အများဆုံးအုပ်စုမှာ ပါဝင်လို့ Khaosod သတင်းက ဖော်ထုတ်ရေးသားထားပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုဟာ ကူးစက်ရတဲ့ အရေးကြီးအချက်အဖြစ် ဆက်ရှိနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူနဲ့ မိတ်ဖက်အဖွဲ့တွေက HIV စစ်ဆေးပေးတာ၊ အကြံပေးဆွေးနွေးတာနဲ့ အသိပညာပေးလုပ်ငန်းတွေအပြင် အသည်းရောင်အသားဝါ B နဲ့ C ပိုး စစ်ဆေးပေးတာကိုလည်း တပြိုင်နက်တည်း ဆောင်ရွက်ပေးနေပါတယ်။
- ထိုင်းနိုင်ငံရဲ့ ပထမဆုံးအကြိမ်အဖြစ် အဝေးထိန်းစနစ်ပါ ခွဲစိတ်စက်ရုပ်သုံးပြီး ဘန်ကောက်မြို့က ဆရာဝန်တွေဟာ ကီလိုမီတာ ၂၅၀ ခန့်ဝေးတဲ့ နခွန်ရက်ချာစီမာမြို့၊ မဟာရတ်နခွန်ရတ်ချာစီမာဆေးရုံက ဆီးကျိတ်ကင်ဆာလူနာကို ခွဲစိတ်ကုသပေးခဲ့ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ မှတ်တိုင်ဖြစ်သလို ဘန်ကောက်မြို့ပြင်ဒေသတွေမှာ အဆင့်မြင့်ခွဲစိတ်ကုသမှုတွေ လုပ်နိုင်ဖို့အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပြီး ဒီနည်းပညာကို နိုင်ငံတစ်ဝန်း ဆေးရုံတွေမှာ သုံးနိုင်အောင် တိုးချဲ့မယ်လို့လည်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
- ပန်ကရိယကင်ဆာ ၅၀၀ လောက်ကို နောက်ဆုံးအဆင့် အဆင့်မြင့် စမ်းသပ်မှုတွေ လုပ်ပြီးနောက် ဆေးအသုံးပြုသူရဲ့ ပျမ်းမျှအသက်ရှင်နိုင်ချိန်ဟာ ၆ ဒသမ ၇ လကနေ ၁၃ ဒသမ ၂ လအထိ တိုးပြီး နှစ်ဆနီးပါး မြင့်တက်လာတာကို သက်သေပြုနိုင်တဲ့အတွက် Revolution Medicines က ထုတ်တဲ့ Rasonque (daraxonrasib) ကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က ကင်ဆာကုသဆေးအဖြစ် အတည်ပြုပေးလိုက်ပါတယ်။ ဒီဆေးကို အခြားကုသမှုတွေ ခံယူပြီး ကင်ဆာဆဲလ် ပြန်ပြီး ပျံ့နှံ့လာတဲ့ ပန်ကရိယကင်ဆာလူနာတွေအတွက် ရည်ရွယ်ထားပြီး အရေးပါတဲ့ တိုးတက်မှုတစ်ခုအဖြစ် သတ်မှတ်ခံထားရတယ်လို့လည်း CNN သတင်းမှာ ရေးသားထားပါတယ်။
- Commensality လို့ ခေါ်တဲ့ တခြားသူတွေနဲ့ အစားအသောက် မျှဝေစားသောက်တဲ့ အလေ့အကျင့်ဟာ စိတ်ကျရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်လို့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုအတွက် အကျိုးရှိတယ်လို့ ပညာရှင်တွေကို ကိုးကားပြီး BBC သတင်းက ရေးသားထားပါတယ်။ အောက်စ်ဖို့ဒ်တက္ကသိုလ် စီးပွားရေးနှင့် အပြုအမူဆိုင်ရာ သိပ္ပံပါမောက္ခ Jan-Emmanuel De Neve က ဒီအမူအကျင့်ဟာ လူတွေအကြား ရင်းနှီးမှု၊ ယုံကြည်မှုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ပေးတဲ့ အရေးကြီးနည်းလမ်းဖြစ်သလို စိတ်ကျန်းမာရေးနဲ့ ဘဝအရည်အသွေးပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိတယ်လို့ BBC သတင်းကနေတစ်ဆင့် ပြောဆိုထားပါတယ်။
တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (August Fourth Week )