Skip to content
Ads Advertisement

ငါ့ကြောင့် သူတစ်ပါး ဝေဒနာ မတိုးပါစေနဲ့

တုပ်ကွေးမိထားလို့ လည်ပင်းနာ၊ ခေါင်းကလည်း တရိပ်ရိပ် ကိုက်ခဲနေတဲ့ မထားမေ – အနီးအနားက ဆေးခန်းတစ်ခုကို မဖြစ်မနေ လာခဲ့ရတယ်။ တုပ်ကွေးရာသီဖြစ်လို့ ဆေးခန်းထဲမှာ လူနာ၊ လူနာစောင့်တွေနဲ့ ပြည့်နှက်နေပါတယ်။ စောင့်ဆိုင်းခန်းမှာ ထိုင်ခုံလွတ်တစ်လုံးတောင် ရှာရခက်နေပြီး လူတိုင်းက ကိုယ့်အလှည့် ရောက်ဖို့ စိတ်ရှည်ရှည်နဲ့ စောင့်နေကြရတယ်။

ဆေးခန်းထဲ ခြေချမိတာနဲ့ မထားမေရဲ့ ခေါင်းကိုက်ဝေဒနာက ပိုပြီး လေးလံလာသလို ခံစားရတယ်။ ရောဂါကြောင့်တော့ မဟုတ်။ စောင့်ဆိုင်းခန်းထဲ မြင်ရ၊ ကြုံတွေ့ရတဲ့ မြင်ကွင်းတွေက သူမ စိတ်ကို တဖြည်းဖြည်း ဖိစီးလာစေတာကြောင့် ဖြစ်တယ်။ ဘေးကပ်ရပ်မှာ ထိုင်နေတဲ့ စုံတွဲတစ်တွဲက ခေါင်းချင်းဆိုင်ပြီး ဖုန်းတစ်လုံးနဲ့ ရုပ်ရှင်ကြည့်နေကြတယ်။ အသံက အလွန်ကျယ်လောင်တာမျိုး မရှိပေမယ့် ဖုန်းစပီကာက ထွက်လာတဲ့ ဇာတ်ကားထဲက အသံတွေကို စောင့်ဆိုင်းနေတဲ့ လူတိုင်းကတော့ အလိုမတူဘဲ ကြားနေ၊ နားထောင်နေရတယ်။ ခေါင်းကိုက်ဝေဒနာကြောင့် အသံရဲ့ ဆူညံသံကိုတောင် ခံနိုင်ရည်မရှိတော့တဲ့ မထားမေကတော့ အသက်ကို ဝဝရှူနိုင်ဖို့ ဆေးခန်းအပြင်ဘက်ကို ခဏ ထွက်ရပ်လိုက်ရတယ်။

ဆေးသောက်ထားလို့ လူက ဒူး မခိုင်တခိုင်။ ခဏအကြာ အပြင်က ပြန်ဝင်လာချိန်မှာ သူမ ချန်ထားခဲ့တဲ့ အိတ်နှင့် ရေဘူးကို ဘေးရွှေ့ထားပြီး အဒေါ်ကြီးတစ်ဦးက ငြိမ်သက်စွာ ထိုင်နေနှင့်ပါပြီ။ အပြစ်တင်စရာလည်း မရှိ။ လူနာတွေနဲ့ ပြည့်နှက်နေတဲ့ စောင့်ဆိုင်းခန်းမှာ နေရာလွတ်တစ်နေရာဆိုတာ လူတိုင်းအတွက် အဖိုးတန်နေခဲ့ပါတယ်။ မထားမေကတော့ မတ်တတ်ရပ်ပြီးပဲ ဆက်စောင့်နေလိုက်တယ်။ ရပ်စောင့်နေရင်းက စောင့်ဆိုင်းခန်းထဲမှာ ပုံမှန်အချိန်တွေမှာ မမြင်မိတဲ့ တခြားအရာတွေကိုပါ တဖြည်းဖြည်း သတိထားမိလာတယ်။ ခုံတန်းရှည်တစ်ခုမှာ လူနာတစ်ဦးနဲ့ လူနာစောင့် သုံးဦးက အထုပ်ကိုယ်စီနဲ့ နေရာယူထားပါတယ်။ လူတစ်ယောက်၊ အထုပ်တစ်ထုပ်၊ ထိုင်ခုံတစ်လုံး။ ထိုင်စရာနေရာ ရှားပါးနေချိန်မှာ လွတ်နေတဲ့ ထိုင်ခုံတွေက လူအတွက်မဟုတ်ဘဲ ပစ္စည်းတင်ဖို့ ဖြစ်နေသလိုပင်။

အနီးနားက ဖုန်းပြောနေတဲ့ သူတစ်ဦးကလည်း တစ်ဖက်လူ မကြားမှာစိုးလို့ ထင်ပါရဲ့၊ အသံအပြည့်နဲ့ ဆက်သွယ်နေပါတယ်။ စကားအကြောင်းအရာကို မကြားရပေမယ့်လည်း သူ့ရဲ့ အသံတစ်ခုတည်းကပဲ စောင့်ဆိုင်းခန်းတစ်ခုလုံးကို လွှမ်းမိုးထားပါတယ်။ တခြား ခုံတန်းတစ်ခုမှာ မိသားစုတစ်စုက လူနာတစ်ဦးနဲ့အတူ စောင့်ဆိုင်းနေရင်း ကိတ် မုန့်၊ မုန့်နဲ့ အချိုရည်တွေကို အေးအေးလူလူ စားသောက်နေကြတယ်။ လူနာကို ဆေးခန်းပြဖို့ စောင့်နေကြပေမယ့် စောင့်ဆိုင်းခန်းတစ်ခုလုံးကို မိသားစုဧည့်ခန်းလို အသုံးပြုနေကြသလိုပင်။ ခဏကြာအတွင်းမှာပဲ သူတို့ စောင့်နေတဲ့ လူနာ ဆေးခန်းပြပြီး ထွက်လာကြလို့ အဲဒီမိသားစု ထွက်သွားကြတယ်။ လွတ်သွားတဲ့ ထိုင်ခုံကို မထားမေ ဝင်ထိုင်ဖို့ ပြင်လိုက်စဉ်မှာပဲ အဲဒီနေရာကို မျက်စိကျနေဟန်ရှိတဲ့ သားအမိနှစ်ဦးက အလုအယက် လာရောက် နေရာယူလိုက်ကြတယ်။ မထားမေကတော့ အသာလေး လျှိုနေလိုက်ရင်း ရပ်လိုက်ရုံသာ တတ်နိုင်ခဲ့တယ်။ အဲဒီ သားအမိဘေးမှာ ဆေးခန်းက ထွက်သွားပြီဖြစ်တဲ့ မိသားစုက ချန်ထားခဲ့တဲ့ မုန့်ခွံတွေ၊ စက္ကူနဲ့ သောက်လက်စ ရေသန့်ဘူးတွေက ခုံပေါ်မှ ကျန်ရှိနေဆဲ။ မနေနိုင်တဲ့ မထားမေကတော့ အမှိုက်တွေကို ကိုယ်တိုင်ကောက်လိုက်ပြီး အမှိုက်ပုံးထဲ သွားပစ်လိုက်လို့ လွတ်သွားတဲ့ ထိုင်ခုံအစွန်းတစ်နေရာမှာ ကပ်ထိုင်လိုက်ရတော့တယ်။ ထိုင်ခုံ ရပြီဆိုတာနဲ့ အနားယူခွင့် ရတယ်တော့ မဟုတ်။ ဘေးမှာ ထိုင်နေတဲ့ ကလေးငယ်က Tablet တစ်လုံးနဲ့ YouTube က ကာတွန်းကားတွေကို အသံတိုးလိုက်၊ ကျယ်လိုက်နဲ့ ကြည့်နေပြန်တယ်။ အမေဖြစ်သူကလည်း လက်ကိုင်ဖုန်းထဲသာ အာရုံစိုက်နေပြီး ကလေး၏ အသံကို သတိမထားမိ။ မထားမေကတော့ မျက်လုံးမှိတ်ပြီး ခေါင်းကို ထိုင်ခုံနောက်မှီပေါ် အသာမှီချလိုက်တယ်။ ဒါပေမဲ့ ငြိမ်သက်မှုက ကြာကြာမခံ။

ရှေ့ခုံတန်းမှာ ထိုင်နေတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ဦးက ရေသန့်ဘူးအလွတ်ထဲ ကွမ်းတံတွေးကို ထွေးထည့်လိုက်ပြီး ဘူးကို အဖုံးဖွင့်လိုက်၊ ပြန်ပိတ်လိုက်ဖြင့် ထပ်ခါထပ်ခါ ပြုလုပ်နေပြန်ပါတယ်။ အဖုံးဖွင့်တိုင်း လှိုင်ခနဲ ထွက်လာတဲ့ ကွမ်းနံ့ကြောင့် နှာစေး၊ လည်ပင်းနာနေတဲ့ မထားမေတစ်ယောက် အသက်ကို မသိမသာ အောင့်ထားလိုက်ရတယ်။ ချောင်းဆိုးချင်စိတ်ကို အတင်းမျိုသိပ်ထားရလို့ နားထင်ကြောတွေပါ တင်းလာပါတယ်။ တစ် ဖက်မှာ ကလေးငယ်တွေရဲ့ ငိုသံ၊ တစ်ဖက်က တွန်းလှည်းသံ၊ ဖုန်းစပီကာသံ၊ TikTok ဗီဒီယိုသံ၊ လူနာစောင့်တွေရဲ့ စကားပြောသံတွေက တစ်ခုနဲ့ တစ်ခု ရောယှက်ကုန်ပြီး စောင့်ဆိုင်းခန်းတစ်ခုလုံးကို ဆူညံသံတွေနဲ့ ပြည့်နှက်နေစေတယ်။ ဒီအသံတွေက မထားမေရဲ့ ခေါင်းကိုက်ဝေဒနာကို ပိုလို့ ပိုလို့ ဆိုးလာစေတယ်။ ဆေးခန်းထဲ ဆက်ထိုင်နေရင် ခေါင်းကွဲထွက်တော့မလားတောင် ခံစားရလာလို့ ထိုင်ရာက ထပြီး၊ အပြင်ဘက်ကို အမြန်ထွက်လာခဲ့ရတော့တယ်။ ဆေးခန်းအပြင်ဘက် ထွက်လာတဲ့ မထားမေတစ်ယောက် Mask ကို အသာလျှော့ပြီး အသက်ကို ဝဝ ရှူလိုက်မိတယ်။ ခေါင်းကိုက်ဝေဒနာ မသက်သာသေးပေမယ့် အခန်းအတွင်းထဲက ဆူညံသံတွေနဲ့ ယှဉ်ရင် အပြင်ဘက်လေက ပိုပြီး ပေါ့ပါးသလို ခံစားရစေတယ်။

လက်ဆေးဖို့ ဘေစင်ဘက်သို့ လျှောက်သွားမိတော့ စုတ်ပြဲနေတဲ့ တစ်ရှူးစအချို့က ဘေစင်ပတ်လည်မှာ ကပ်လို့။ ရေတွေကလည်း ကြမ်းပြင်ပေါ်မှာ စိုရွှဲနေပြီး သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ရေစုပ်တံနဲ့ လိုက်လံသန့်ရှင်းနေရင်း “ရေမဖိတ်အောင် မသုံးတတ်ကြဘူးလား…”။ သူမရဲ့ ညည်းတွားသံက ဘယ်သူ့ကိုမှ အပြစ်တင်နေလို့ မဟုတ်။ တစ်နေ့လုံး ထပ်တလဲလဲ ကြုံနေရတဲ့ ပင်ပန်းမှုတစ်ခုကို မချိတင်ကဲ ရေရွတ်လိုက်သလိုပါပဲ။ ။ မထားမေ ခဏတာ ငြိမ်သက်စွာ ရပ်နေမိတယ်။ ဆေးရုံ၊ ဆေးခန်းဆိုတာ နာမကျန်းဖြစ်သူတွေ သက်သာရာ ရှာဖွေဖို့ နေရာတစ်ခု။ ဒါပေမဲ့ အဲဒီနေရာမှာ လူတိုင်းက ကိုယ့်အဆင်ပြေမှုကိုပဲ ဦးစားပေးနေတဲ့အခါ တစ်စုံ တစ်ယောက်ရဲ့ ဝေဒနာဟာ မသိမသာ ပိုမိုလေးလံလာနိုင်စေတယ်လို့ မထားမေတစ်ယောက် ပထမဆုံးအကြိမ် သတိ ထားမိခဲ့တယ်။

ထိုစဉ်… “မထားမေ…” ​ဆိုပြီး ဆေးခန်းအတွင်းထဲကသူနာပြုဆရာမရဲ့ ခေါ်သံကို ကြားလိုက်ရတယ်။ ဒါနဲ့ ကုသခန်းထဲ အမြန်ပြန်ဝင်၊ ဆရာဝန်နဲ့ ကိုယ်ဖြစ်နေတာကို ပြောပြ၊ ကုသမှုခံယူ၊ လိုအပ်လို့ သောက်ရမယ့် ဆေးတွေ ထုတ်ပြီး ဆူညံပွက်လောရိုက်နေသော စောင့်ဆိုင်းခန်းကို ဖြတ်ရင်း ခပ်သုတ်သုတ် ပြန်ထွက်လာခဲ့တော့တယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်တာတောင် ခေါင်းကိုက်ဝေဒနာက မသက်သာသေးတဲ့အပြင် စိတ်ထဲ စွဲထင်ကျန်ရစ်နေတာက ဆေးခန်းထဲ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေ။ အဲဒီနေ့က ဆေးခန်းက ပြန်လာပြီးတဲ့နောက် “ငါတစ်ယောက်တည်း ခံစားခဲ့ရတာလား… ငါတစ်ယောက်တည်း စိတ်ထိခိုက်ခဲ့တာလား” လို့ မထားမေတစ်ယောက် အပြန်ပြန် အလှန်လှန် တွေးတောနေမိတယ်။ တယ်တော့ ဒီအတွေ့အကြုံက မထားမေ တစ်ယောက်တည်းရဲ့ ခံစားချက်သာ မဟုတ်ဘဲ ဆေးပညာသုတေသနတွေမှာပါ ရေးသား၊ ထောက်ပြနေကြတဲ့ ပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ “ဆေးရုံ၊ ဆေးခန်း” ဆိုတာ ရောဂါကုသရာ နေရာဖြစ်ပေမယ့် မလိုအပ်တဲ့ ဆူညံသံတွေ၊ သန့်ရှင်းရေးအားနည်းမှုနဲ့ စည်းကမ်းမဲ့ အပြုအမူတွေဟာ လူနာရဲ့ ကိုယ်ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ပြန်လည်နာလန်ထူနိုင်မှုအပေါ်ပါ သက်ရောက်မှုရှိတယ်လို့ နိုင်ငံတကာ လေ့လာမှုတွေက နှစ်ပေါင်းများစွာကတည်း ထောက်ပြထားပါတယ်။

ကျွန်ုပ်တို့ အနေနဲ့ “ငါတို့က အသံအကျယ်ကြီး မဖွင့်ပါဘူး… ဖုန်းလေးပဲ ကြည့်တာပါ…”၊ “ဒါလေးလုပ်တာ ဘာထိခိုက်မှာလဲ…” လို့ တွေးကောင်း တွေးမိနိုင်ပါတယ်။ ဒါပေမဲ့ ဆေးရုံ၊ ဆေးခန်းဆိုတာ ကော်ဖီဆိုင်၊ စား သောက်ဆိုင် သို့မဟုတ် Shopping Mall မဟုတ်ပါဘူး။ ဒီနေရာကို ရောက်လာသူ အများစုဟာ နာကျင်မှု၊ ဖျားနာမှု၊ စိုးရိမ်ပူပန်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ခံစားနေကြရတဲ့ လူနာတွေပါ။ ကျန်းမာနေသူတစ်ဦးအတွက် မသိသာတဲ့ အပြုအမူတစ်ခုဟာ ဒီလို နာမကျန်းဖြစ်နေသူတစ်ဦးအတွက်တော့ ဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် ကျန်းမာရေးအဖွဲ့အစည်းတွေက ဆေးရုံ၊ ဆေးခန်းတွေမှာ “Healing Environment” — လူနာတွေအတွက် စိတ်၊ ကိုယ် နှစ်ပါးစလုံး ငြိမ်းချမ်းစွာ အနားယူနိုင်သည့် ပတ်ဝန်းကျင် — ကို ဖန်တီးထိန်းသိမ်းရန် အရေးကြီးတယ်လို့ အစဉ် တစိုက် အလေးထား တိုက်တွန်းနေကြတာ ဖြစ်တယ်။ မထားမေ ခံစားခဲ့ရသလို ဆေးရုံ၊ ဆေးခန်းထဲက ဆူညံသံတွေဟာ ခေါင်းကိုက်တာ၊ စိတ်ဖိစီးတာတွေ ဖြစ်ပေါ်နိုင်တယ်ဆိုတာ လူတိုင်း သိရှိထားပြီး ဖြစ်ပါတယ်။ ဒါဟာ စိတ်ခံစားချက်သက်သက် မဟုတ်ပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ Guidelines for Community Noise မှာ ဆေးရုံ၊ လူနာခန်းတွေရဲ့ နောက်ခံအသံ (continuous background noise) သည် ၃၅ dB (A) ထက် မကျော်လွန်သင့်ဘူးလို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ နိုင်ငံပေါင်းများစွာက ဆေးရုံ၊ ဆေးခန်းတွေကို စောင့်ကြည့်လေ့လာထားတဲ့ သုတေသနတွေကို စုစည်းသုံးသပ်ထားတဲ့ systematic review တွေအရ အမှန်တကယ် တိုင်းတာရရှိတဲ့ အသံပမာဏဟာ WHO အကြံပြုနှုန်းထားထက် များစွာကျော်လွန်နေပြီး နေ့ဘက်မှာဆို ၃၇ ကနေ ၈၈ dB(A) အထိ ရှိနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ဒီလို ဆူညံသံတွေဟာ လူနာရဲ့ အိပ်စက်အနားယူမှုကို နှောင့်ယှက်တာ၊ စိတ်ဖိစီးမှုကို မြင့်တက်စေတာ၊ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားအပေါ် သက်ရောက်မှုရှိတာတွေနဲ့ ဆက်စပ်နေတယ်လို့ ဆေးပညာသုတေသနတွေမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် ခေါင်းကိုက်ဝေဒနာ၊ Migraine၊ အာရုံကြောရောဂါ သို့မဟုတ် ခွဲစိတ်ပြီး လူနာများအတွက် ဆူညံသံဟာ နာကျင်မှုကို ပိုမို ပြင်းထန်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးရုံ၊ ဆေးခန်းတွေမှာ “Quiet Please”၊ “Healing Environment” ဆိုတဲ့ အသိပေးဆိုင်းဘုတ်တွေကို ထင်ထင်ရှားရှား တပ်ဆင်ထားကြရတာ ဖြစ်တယ်။

Healing Environment တစ်ခုကို ကျွန်ုပ်တို့ အတူတကွ ဖန်တီးနိုင်ပါတယ်။ ဆေးရုံ၊ ဆေးခန်းကို လာသူတိုင်းဟာ လူနာမဟုတ်ကြသော်လည်း နေရာတစ်ခုလုံးကတော့ လူနာတွေအတွက် တည်ရှိနေခြင်း ဖြစ်ပါတယ်။ တခါတရံ ဖုန်းစပီကာက ထွက်လာတဲ့ အသံတစ်ခု၊ အမှိုက်တစ်စ၊ ကွမ်းတံတွေးတစ်ဘူး၊ ဒါမှမဟုတ် နေရာယူထားသော အထုပ်တစ်ထုပ်သည်ပင် နာမကျန်းဖြစ်နေသူတစ်ဦးရဲ့ တစ်နေ့တာအတွက် ပိုမိုပင်ပန်းမှုကို ဖြစ်စေနိုင်ပါတယ်။ Healing Environment ဆိုတာ ဆေးရုံ၊ ဆေးခန်းက တစ်ဖက်တည်း ဖန်တီးလို့ ရတဲ့ ပတ်ဝန်းကျင် မဟုတ်ပါဘူး။ ဆရာဝန်၊ သူနာပြု၊ သန့်ရှင်းရေးဝန်ထမ်း၊ လူနာ၊ လူနာစောင့်နဲ့ ဧည့်သည် — အားလုံးရဲ့ အပြုအမူတွေကို စုပေါင်းလိုက်မှသာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီလို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တည်ဆောက်ခြင်း ယဉ်ကျေးမှုတစ်ခုကို ဖန်တီးဖို့အတွက် တစ်ဦးချင်းစီ လိုက်နာနိုင်တဲ့ အခြေခံအချက်တွေက အလွန်ရိုးရှင်းပါတယ်။

(၁) ဆိတ်ငြိမ်မှုကို လက်ဆောင်ပေးပါ

a ဆေးရုံ၊ ဆေးခန်းထဲ ရောက်တာနဲ့ လက်ကိုင်ဖုန်းကို Silent Mode ဒါမှမဟုတ် Vibrate Mode ကို ပြောင်းထားပေးပါ။ စောင့်ဆိုင်းရင်း ဗီဒီယိုကြည့်တာ၊ သီချင်းနားထောင်တာ ဒါမှမဟုတ် လူမှုကွန်ရက် သုံးချင်တယ်ဆိုရင် နားကြပ် (Earphones / Earbuds) ကို သုံးခြင်းနည်းဟာ အခြားလူနာတွေကို လေးစားရာ ရောက်သလို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိုလည်း ပိုမိုကာကွယ်ပေးနိုင်ပါတယ်။ ကလေးငယ်တွေကို ဖုန်း သို့မဟုတ် Tablet ပေးကြည့်သည့်အခါမှာလည်း အသံကို ပိတ်ထားစေတာ သို့မဟုတ် နားကြပ်အသုံးပြုစေတာဟာ ဘေးနားက လူနာတွေရဲ့ ငြိမ်းချမ်းစွာ အနားယူနိုင်ရေးကို ကူညီပေးပါတယ်။ တိတ်ဆိတ်မှုဟာ စည်းကမ်းတစ်ခုသာ မဟုတ်ဘဲ ကုသမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်ကြဖို့ပါ။

(၂) ထိုင်ခုံတစ်လုံးကလည်း ကူညီမှုတစ်ခု ဖြစ်နိုင်သည်

a စောင့်ဆိုင်းခန်းတိုင်းမှာ ထိုင်ခုံအရေအတွက်ဟာ အကန့်အသတ်ရှိပါတယ်။ အထုပ်အပိုးတွေကို ထိုင်ခုံပေါ်တင်ထားတာ၊ လိုအပ်တာထက် လူအများအပြား လိုက်ပါလာတာဟာ အမှန်တကယ် နေရာလိုအပ်တဲ့ လူနာတွေအတွက် မသက်မသာ ဖြစ်စေပါတယ်။ အထုပ်တွေကို ထိုင်ခုံအောက် ဒါမှမဟုတ် ပေါင်ပေါ် တင်ထားတာ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းသူနဲ့ နာမကျန်းဖြစ်နေသူတွေကို ဦးစားပေး၊ နေရာပေးခြင်းဟာငွေကုန်ကြေးကျမရှိတဲ့ ကြင်နာမှုတစ်ခု ဖြစ်ပါတယ်။

(၃) သန့်ရှင်းရေးဆိုတာ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးတည်းရဲ့ တာဝန် မဟုတ်ပါ

a မုန့်ခွံ၊ ရေသန့်ဘူး၊ တစ်ရှူးစတွေကို အသုံးပြုပြီးတဲ့နောက် သတ်မှတ်ထားတဲ့ အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပေးတာဟာ အခြေခံကျတဲ့ လူ့ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လက်ဆေးဘေစင်နဲ့ အများသုံးအိမ်သာတွေကို အသုံးပြုပြီးတိုင်း နောက်လူတွေ အဆင်ပြေပြေ သုံးနိုင်ဖို့ သန့်ရှင်းစွာ ထားခဲ့ပေးသင့်ပါတယ်။ ကွမ်းတံတွေးထွေးတာ၊ ဆေးလိပ် ဒါမှမဟုတ် အီလက်ထရွန်နစ်ဆေးလိပ် အသုံးပြုတာဟာ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေရုံသာမက တခြားလူနာတွေရဲ့ အသက်ရှူလမ်းကြောင်းကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

(၄) ရောဂါမကူးစက်စေဖို့ မိမိကစ ကာကွယ်ပါ

a အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ (ဥပမာ ဖျားတာ၊ ချောင်းဆိုးခြင်းတာ၊ နှာချေတာ) ခံ စားနေရရင် ဆေးရုံ၊ ဆေးခန်းထဲ ဝင်တဲ့အခါ Mask ကို စနစ်တကျ တပ်ဆင်ထားတာဟာ မိမိကိုယ်တိုင်သာမက ဘေးနားက ကိုယ်ခံအားနည်းသော လူနာတွေကိုပါ ကာကွယ်ပေးရာ ရောက်ပါတယ်။ ချောင်းဆိုးဖို့ ဒါမှမဟုတ် နှာချေဖို့ လိုအပ်လာရင် တံတောင်ဆစ်ကွေး ဒါမှမဟုတ် တစ်ရှူးနဲ့ အုပ်ကာ ချောင်းဆိုးတာ၊ အသုံးပြုပြီးတဲ့ တစ်ရှူးကို ချက်ချင်း စွန့်ပစ်ပြီး လက်ဆေးတာဟာ ကမ္ဘာတစ်ဝန်းက ကျန်းမာရေးအဖွဲ့အစည်းတွေ အကြံပြုထားတဲ့ အခြေခံအကျဆုံး Infection Prevention အလေ့အကျင့်ကောင်းတွေ ဖြစ်ပါတယ်။

(၅) လူနာရဲ့ Privacy ကို လေးစားပါ

a ဆေးရုံ၊ ဆေးခန်း လာရောက်သူတိုင်းမှာ ကိုယ်ပိုင်အကြောင်းအရာတွေ ကိုယ်စီ ရှိကြပါတယ်။ ဘေးနားက လူနာရဲ့ ရောဂါအကြောင်း၊ ဆေးကုသမှုကုန်ကျစရိတ်၊ မိသားစုအခြေအနေ စတာတွေကို ကိုယ်အပျင်းပြေရင် ပြီးရောဆိုပြီး စပ်စပ်စုစု လိုက်လံမေးမြန်းပြီး စကားစမြည်ပြောတာဟာ မရည်ရွယ်ဘဲ မေးခံရသူရဲ့ စိတ်ဖိစီးမှုကို ပိုပြီး တိုးလာစေနိုင်ပါတယ်။ တစ်ခါတစ်ရံ အကောင်းဆုံး အားပေးမှုဆိုတာ စကားများများ ပြောခြင်းမဟုတ်ဘဲ တစ်ဖက်သားရဲ့ ကိုယ်ပိုင်နေရာ (Personal Space) နဲ့ ကိုယ်ရေးကိုယ်တာ (Privacy) ကို လေးစားပေးခြင်းမျိုး ဖြစ်ပါတယ်။

“Healing Environment” ဆိုတာ စည်းကမ်းထက် ပိုတဲ့ ယဉ်ကျေးမှု

ဆေးရုံ၊ ဆေးခန်းတွေမှာ ဖုန်းအသံပိတ်ထားဖို့၊ အမှိုက်မပစ်ဖို့၊ အသံတိုးတိုးပြောဖို့ ဒါမှမဟုတ် Mask တပ်ထားဖို့ စတဲ့ စည်းကမ်းတွေကို မြင်ရရင် ဒါဟာ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် တချို့ကတော့ ဒါဟာ လူတွေကို ထိန်းချုပ်ဖို့လို့ မြင်သွားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ ရောဂါဝေဒနာ ခံစားရလို့ ရောက်လာတဲ့ လူနာတွေအတွက် ကိုယ်ရောစိတ်ပါ အနားယူနိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့သာ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ Healing Environment ဆိုတာ ဆေးရုံအဆောက်အအုံရဲ့ လှပမှု၊ ကြံ့ခိုင်မှု တစ်ခုတည်းကို ဆိုလိုတာ မဟုတ်တော့ပါဘူး။ ဆိတ်ငြိမ်မှု၊ သန့်ရှင်းမှု၊ လူနာရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားမှုနှင့် အပြန်အလှန် ကိုယ် ချင်းစာတရားတို့ကိုပါ ထည့်သွင်းစဉ်းစားတဲ့ ကုသရေးအယူအဆတစ်ရပ် ဖြစ်လာပါပြီ။ အမေရိကန်အခြေစိုက် The Joint Commission ကလည်း လူနာရဲ့ အတွေ့အကြုံ (Patient Experience) နဲ့ ဆေးရုံပတ်ဝန်းကျင်ဟာ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ အလေးထားဖော်ပြထားပါတယ်။​ နိုင်ငံအတော်များများက ဆေးရုံ၊ ဆေးခန်းတွေမှာဆိုရင်လည်း “Quiet Please”၊ “Healing Environment” ဒါမှမဟုတ် “Respect Our Patients” ဆိုတဲ့ အသိပေးဆိုင်းဘုတ်တွေ ချိတ်ဆွဲထားတာဟာ ဒီအယူအဆကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ ယဉ်ကျေးမှုကောင်းကို တောင်းဆိုနေခြင်းသာ ဖြစ်ပြီး၊ လိုက်နာဖို့ အ လွန်ခက်ခဲတဲ့ စည်းကမ်းတွေကို ပြဋ္ဌာန်းထားခြင်းမျိုး မဟုတ်ပါဘူး။

“ယဉ်ကျေးမှုဆိုတာ နှစ်လမ်းသွား”

မထားမေ ကြုံခဲ့ရတဲ့ တစ်နေ့တာဟာ တကယ်တော့ ထူးထူးခြားခြား ဖြစ်ရပ်တစ်ခု မဟုတ်ပါဘူး။ ဆေးရုံ၊ ဆေးခန်း သွားဖူးသူတိုင်း ဒီလိုအတွေ့အကြုံကို တစ်ကြိမ် မဟုတ် တစ်ကြိမ် ကြုံဖူးကြမှာချည်း ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေဟာ စည်းကမ်းထုတ်ပြီး ဖြေရှင်းနိုင်မည့် ကိစ္စမျိုး မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကိုယ်ချင်းစာတရား ထားတတ်လာတဲ့အခါ “ဒါလေးလုပ်တာ ဘာဖြစ်မှာလဲ” ဆိုတဲ့ အတွေးနေရာမှာ “ဒါလေးလုပ်လိုက်ရင် တစ်ဖက်လူ အဆင်ပြေပါ့မလား” ဆိုတဲ့ အတွေးကို အစားထိုးလာလာမှသာ ဆေးရုံ၊ ဆေးခန်းဆိုတာ ကုသရေးနေရာဆိုတာထက် ပိုတဲ့ Healing Environment အဖြစ် ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

Healing Environment ဖြစ်လာဖို့ ဆေးရုံ၊ ဆေးခန်း လာပြတဲ့ လူနာနဲ့ လူနာအဖော်ရဲ့ အပြုအမူကသာ အရေး ကြီးတာတော့ မဟုတ်ပါဘူး။ ဆေးရုံ၊ ဆေးခန်းတွေရဲ့ စီမံခန့်ခွဲမှုနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍကလည်း အလွန့်ကို အရေးကြီးပါတယ်။ လူနာနဲ့ လူနာစောင့်တွေ လိုက်နာရမယ့် စည်းကမ်းတွေကို သတ်မှတ်ထားသလိုမျိုး ဆေးရုံ၊ ဆေးခန်းဘက်ကလည်း လူနာတွေ လိုက်နာနိုင်မည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့ လို အပ်ပါတယ်။ ဥပမာ— စောင့်ဆိုင်းခန်းထဲမှာ အသံမဆူညံဖို့ အသိပေးဆိုင်းဘုတ်တွေ တပ်ဆင်ထားတာ၊ လူနာတွေအတွက် လုံလောက်တဲ့ ထိုင်ခုံနေရာတွေ အလုံအလောက် စီစဉ်ထားတာ၊ အမှိုက်ပုံးနဲ့ လက်ဆေးနေရာများကို လွယ်လွယ်ကူကူ သုံးနိုင်အောင် စီမံပေးတာ၊ ကူးစက်ရောဂါကာကွယ်ရေးအတွက် Mask တပ်ဖို့နဲ့ Hand Hygiene စတဲ့အရာတွေကို အသိပညာပေးတို့ဟာ ဆေးရုံ၊ ဆေးခန်းဘက်က မဖြစ်မနေ လုပ်ဆောင်ရမ​ယ့် အရေးကြီးအချက်တွေ ဖြစ်ပါတယ်။​ လူတစ်ဦးကို “စည်းကမ်းလိုက်နာပါ” လို့ စည်းကမ်းထုတ်၊ ပြောနေတာထက် ဒီစည်းကမ်းကို လိုက်နာရလွယ်ကူစေမယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးထားခြင်းက ပိုပြီး ထိရောက်ပါတယ်။

ဒါကြောင့် ဆရာဝန်က ကုသပေးမယ်၊ သူနာပြုက စောင့်ရှောက်ပေးမယ်၊ ဆေးရုံက လုံခြုံတဲ့ ပတ်ဝန်းကျင် ဖန် တီးပေးမယ်၊ လူနာနဲ့ လူနာစောင့်တွေကလည်း ကိုယ်ချင်းစာမှုနဲ့ ပါဝင်ပေးမယ်။ ဒီအခြေအနေရောက်မှသာ ဆေးရုံ၊ ဆေးခန်းဟာ ရောဂါကုသရေးဆိုတဲ့ နေရာတစ်ခုထက်ပိုတဲ့၊ လူသားတို့၏ ဝေဒနာကို လျော့ပါးစေတဲ့ Healing Environment တစ်ခု ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ ဆေးရုံ၊ ဆေးခန်းတစ်ခုရဲ့ လူနာတွေအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဆိုတာကို အဆောက်အအုံတွေ၊ နည်းပညာတွေ၊ ဆေးဝါးတွေနဲ့သာ တည်ဆောက်လို့ မရပါဘူး။ ဒီပတ်ဝန်းကျင်မှာ ရှိကြတဲ့ လူတစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လေးစားမှု၊ ကိုယ်ချင်းစာမှု၊ တာဝန်ယူမှုတွေနဲ့သာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

“ငါ့ကြောင့် သူတစ်ပါး ဝေဒနာ မတိုးပါစေနဲ့” – ဒီစိတ်ထားလေးတစ်ခုကနေ စတင်နိုင်မှပဲ ကျွန်ုပ်တို့အားလုံးဟာ ပိုပြီး ခိုင်မာတဲ့၊ ပိုပြီး ကျန်းမာတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို အတူတကွ တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။

“Stronger, Healthier Together.”

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement