ခေါင်းကိုက်တယ်ဆိုတာ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ မကြာခဏကြားလေ့ရှိတဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ ဖျားနာလို့ နေထိုင်မကောင်းဖြစ်ရင်ပဲဖြစ်ဖြစ် စိတ်ညစ်ငြူးစရာ စိတ်ညစ်စရာများလို့ ပဲဖြစ်ဖြစ် လူအတော်များများဟာ ခေါင်းကိုက်တယ်လို့ခဏခဏ ပြောကြငြီးကြတာကို ကြားရလေ့ ရှိပါတယ်။ ခေါင်းကိုက်တယ်လို့ဆိုကြတဲ့အခါ တစ်ချို့က ခေါင်းတစ်ခြမ်းကိုက်တာ၊ တစ်ချို့ကတော့ နောက်ကြောကထိုးတာ၊ နောက်စေ့ကထိုးတာနဲ့ စသဖြင့် အမျိုးမျိုး ပြောကြပါတယ်။ ဒီအထဲမှာမှ ခေါင်းတစ်ခုလုံး တင်းအားသလို၊ စည်းနှောင်ထားသလိုဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာ (Tension headache) ကတော့ ခေါင်းကိုက်ဝေဒနာအမျိုးအစားတွေထဲမှာမှ အများဆုံးဖြစ်တဲ့ ဝေဒနာပဲဖြစ်ပါတယ်။ ဒီဝေဒနာကို သာမန်လောက်ထင်ပြီး အလိုအလျောက် ပျောက်ကင်းသွားနိုင်တယ်လို့ ယူဆလေ့ရှိကြပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့လူတော်တော်များများမှာ ဒီဝေဒနာကို တွေ့နေရပြီး ဒီခေါင်းကိုက်ဝေဒနာရဲ့ သက်ရောက်မှုတွေကြောင့် လူတွေရဲ့ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာများ ပုံမှန်ဆောင်ရွက်နိုင်မှုကို ထိခိုက်လာတာကိုလည်း သတိပြုဖွယ်တွေ့ရှိလာရပါတယ်။
Tension Headache လို့ခေါ်တဲ့ ခေါင်းကိုက်ဝေဒနာမျိုး ဖြစ်လာပြီဆိုရင်တော့ ခံစားရတဲ့ လူပုဂ္ဂိုလ်ဟာ ထိုင်းမှိုင်းနေတတ်ပြီး ခေါင်းတစ်ခုလုံးရဲ့ ဘေးတစ်ဖက်တစ်ချက်စီကနေ ဖိညှစ်ထားသလိုမျိုး ဒါမှမဟုတ် တင်းကျပ်နေတဲ့ နာကျင်မှုမျိုးကို ခံစားရလေ့ရှိပါတယ်။ ဝေဒနာခံစားရတဲ့ လူပုဂ္ဂိုလ်တွေကတော့ နဖူး ဒါမှမဟုတ် ဦးရေပြားတစ်ဝိုက်မှာ တင်းတင်းကျပ်ကျပ် စည်းနှောင်ခံထားရတဲ့ ခံစားမှုမျိုးလို့ ပြောလေ့ရှိပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့ခေါင်းကိုက်ဝေဒနာဖြစ်တဲ့ မိုင်ဂရိန်း (Migraine) နှင့်မတူတာကတော့ ဒီခေါင်းတစ်ခုလုံးတင်းအားဖိအားတွေ ရှိနေသလိုခံစားရပြီး ကိုက်တဲ့ဝေဒနာ(tension Headache)ဟာ ပျို့အန်ခြင်း၊ အလင်း သို့မဟုတ် အသံကို အလွန်အမင်း မခံနိုင်ခြင်းတို့နှင့် ဆက်စပ်မှု မရှိတတ်ပါဘူး။
ဒီခေါင်းကိုက်ဝေဒနာဟာ အများအားဖြင့်တစ်ခါတစ်ရံမှသာ ဖြစ်ပွားတာမျိုး (Episodic tension headache) ဖြစ်ပြီး ရှားရှားပါးပါးအနေနဲ့ မကြာခဏ (တစ်လလျှင် ၁၅ ရက်နှင့်အထက်) ခေါင်းကိုက်ရင်တော့ နာတာရှည်ခေါင်းကိုက်ဝေဒနာ (Chronic tension headache) အဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။
သူ့ရဲ့နာကျင်မှုဟာ ယေဘုယျအားဖြင့် အပျော့စားကနေ အသင့်အတင့် ရှိနိုင်ပါတယ်။ ဒါပေမယ့် ကြာရှည်ဖြစ်လာရင် နေ့စဉ် လုပ်ဆောင်နေတဲ့လုပ်ငန်းဆောင်တာများကို သိသိသာသာ ထိခိုက်စေနိုင်တဲ့ ခေါင်းကိုက်ရောဂါတစ်မျိုးပါ။ ပြီးတော့ ဒီခေါင်းကိုက်ခြင်းကို အသက်အရွယ်မရွေး ကျားမမရွေး ခံစားရနိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ လုပ်ငန်းခွင်မှာလည်း ကုန်ထုတ်လုပ်မှုစွမ်းအားနဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းလာနိုင်သလို ကျောင်းတွေမှာလည်း ပညာသင်ကြားမှုနဲ့ သင်ယူမှုတွေမှာပါ ထိခိုက်လာနိုင်ပါတယ်။ အထူးသဖြင့် နာတာရှည်ဖြစ်လာရင်တော့ နေ့စဉ်လူမှုဘဝရှင်သန်နေထိုင်မှုကိုပါ ထိခိုက်လာစေနိုင်တာ ဖြစ်ပါတယ်။
ဒီခေါင်းကိုက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားတွေကြောင့် ဖြစ်လာတဲ့အကျိုးဆက်လို့ ပြောလို့ရပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းနွမ်းနယ်မှုနဲ့ စိုးရိမ်သောက ဗျာပါဒ တွေဟာ ခေါင်းကိုက်ဝေဒနာကို ဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားတွေဖြစ်ပြီး မမှန်ကန်တဲ့ ကိုယ်နေဟန်ထား (ဥပမာ အချိန်ကြာမြင့်စွာ ထိုင်ခြင်း သို့မဟုတ် ဖုန်း/ကွန်ပျူတာကြည့်ခြင်း) ကြောင့် လည်ပင်းနဲ့ ပခုံးကြွက်သားတွေ တင်းမာတာ နဲ့ မျက်စိညောင်းကိုက်တာတွေကလည်း ရုပ်ပိုင်းဆိုင်ရာ အကြောင်းတရားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်သစ် လူနေမှုပုံစံဖြစ်တဲ့ အိပ်ရေးပျက်တာ၊ အစာစားချိန် မမှန်တာ၊ ရေသောက်နည်းတော့ ရေဓာတ်ခမ်းခြောက်တာ၊ ကဖင်းဓာတ် (Caffeine) များတဲ့ ကော်ဖီကို အလွန်အကျွံသောက်သုံးတာအပြင် လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အလုပ်ချိန် ကြာမြင့်တာ၊ လုပ်ငန်းခွင် ပတ်ဝန်းကျင် အဆင်မပြေတာနဲ့ အလုပ်ဝန်ပိပြီး အနားယူချိန် နည်းပါးတာ ကလည်း ဒီလိုမျိုးခေါင်းကိုက်ဝေဒနာကို ပိုပြီး အဖြစ်များလာစေပါတယ်။
တင်းအားကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကို ကုသရာမှာ သက်သာစေတဲ့နည်းလမ်းတွေကတော့ အနားယူခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ အိပ်ရေးဝဝအိပ်စက်တာ၊ အသက်ရှူ လေ့ကျင့်ခန်းနဲ့ စိတ်ဖိစီးမှုလျှော့ချနိုင်တဲ့ နည်းလမ်းတွေကလည်း ဝေဒနာသက်သာစေဖို့ ကောင်းမွန်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန်နာကျင်ကိုက်ခဲလာတဲ့အခါ ပါရာစီတမောလိုဆေးမျိုးနဲ့ တခြားအကိုက်အခဲပျောက်ဆေးတွေကလည်း ခေါင်းကိုက်သက်သာ စေနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ ဒီလိုဆေးတွေကို စွဲမသောက်သင့်ပါဘူး။ ကနဦးမှာ ဆေးသောက်လို့သက်သာနိုင်ပေမယ့် နောက်ပိုင်းမှာ ဆေးမတိုးတော့တာအပြင် အကိုက်အခဲပျောက်ဆေး တွေအလွန်အကျွံသုံးစွဲတာကြောင့် ခေါင်းကိုက်တာ ပိုဆိုးလာတာ (medication overuse headache)လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါ့အပြင် NSAID အမျိုးအစား အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲသောက်တဲ့အခါ အစာအိမ်နဲ့ တခြားကိုယ်အင်္ဂါတွေကို ထိခိုက်နိုင်တာလည်း ရှိပါတယ်။ ဒါကြောင့် ခေါင်းကိုက်ဝေဒနာ ရက်ကြာလာပြီး မသက်သာတဲ့အခါ နီးစပ်ရာဆေးရုံဆေးခန်းမှာ ဆရာဝန်နဲ့ ပြသပြီး မိမိရဲ့ရောဂါဝေဒနာကို တိုင်ပင်အဖြေရှာဖို့နဲ့ စနစ်တကျ ကုသမှုခံယူဖို့ လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကုထုံးမျိုးလိုအပ်လာရင်လည်း ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီကိုရယူသင့်ပါတယ်။
အိပ်ချိန်မှန်အောင် အိပ်စက်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချနိုင်အောင်ကြိုးစားခြင်း၊ ရေဓာတ်နှင့် အာဟာရ ပြည့်ဝအောင် ဂရုစိုက်ခြင်း၊ ဖုန်းကြည့်တာ ကွန်ပျူတာကြည့်တာလျော့ချပြီး အနားယူခြင်း အပြင် ထိုင်ခုံ၊ စားပွဲနှင့် ကိုယ်နေဟန်ထားများကို အဆင်ပြေအောင် ပြုပြင်နေထိုင်ခြင်းကလည်း ခဏခဏ ခေါင်းကိုက်သူများအတွက် ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်ကောင်းမွန်တဲ့ လူနေမှုပုံစံဖြစ်ပါတယ်။
တိုးတက်လာတဲ့ခေတ်နဲ့အတူ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ နေထိုင် စားသောက်မှုပုံစံတွေပါ ပြောင်းလဲလာတာဖြစ်ပါတယ်။ ခေတ်ကာလအရ နည်းပညာတွင်ကျယ်မှုကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်များထက် သက်တောင့်သက်သာဖြစ်တဲ့ နေထိုင်မှုပုံစံကလည်း လူအများကြားမှာ ပုံမှန်လိုဖြစ်လာပါတယ်။ တစ်ဖက်မှာလည်းတိုးတက်မှုရှိလာသလို တစ်ဖက်မှာလည်း တိုးတက်မှုတွေရဲ့ နောက်ကွယ်က ဆိုးကျိုးတွေကိုလည်းသတိထားပြီး ကျန်းမာရေးကောင်းမွန်အောင် ဆင်ခြင်နေထိုင်နိုင်ဖို့ လိုပါတယ်။ ဖုန်းလေးတစ်လုံးရှိရုံနဲ့ ဖျော်ဖြေရေးရော အလုပ်ကိစ္စတွေပါ တွင်ကျယ်နေတဲ့ခေတ်ကြီးမှာ ကျွန်တော်တို့တွေဟာ အသစ်အသစ်သော စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရပါတယ်။ ဒီအထဲက ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေထဲမှာ ဒီခေါင်းကိုက်ဝေဒနာ (tension headache)ဟာ မနက်အိပ်ရာထတာနဲ့ စခံစားနေရတာ ကြုံနေရတာမျိုး လူတော်တော်များများမှာ ရှိလာပါတယ်။ ဒါကြောင့်မို့လို့လည်း အသက်အရွယ် လူကြီးလူငယ်မရွေး သတိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ်နဲ့ရော ပြည်သူ့ကျန်းမာရေးဆိုင်ရာ ရှုထောင့်ကနေပါ အသိနဲ့ သတိဖြင့် ဆင်ခြင်နိုင်ဖို့ရာ နှိုးဆော်ရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။
References
-Stovner, L. J., Nichols, E., Steiner, T. J., et al. (2018).
Global, regional, and national burden of migraine and tension-type headache, 1990–2016.
The Lancet Neurology, 17(11), 954–976.
-Headache Classification Committee of the International Headache Society (IHS). (2018).
The International Classification of Headache Disorders, 3rd edition (ICHD-3).
Cephalalgia, 38(1), 1–211.