ကလေးမွေးဖွားပြီးနောက်ပိုင်း ဒါမှမဟုတ် အသက်အရွယ်ကြီးလာတဲ့အခါ အောက်ပိုင်းလေးလံတာ၊ မိန်းမကိုယ်ထဲမှာ အလုံးတစ်ခုရှိနေသလို ခံစားရတာနဲ့ မိန်းမကိုယ်အပြင်ဘက်ကို အသားလုံးတစ်ခု ထွက်လာတာမျိုးကို အမျိုးသမီးအချို့ ခံစားရတတ်ပါတယ်။ တချို့အမျိုးသမီးတွေက ဒါကို ရှက်ကြောက်တာရယ်၊ ကလေးမွေးဖူးတဲ့ အမျိုးသမီးတိုင်း ကြုံတွေ့ရမယ့် ပုံမှန်ပြောင်းလဲမှုတစ်ခုလို့ ထင်မြင်ယူတာရယ်ပေါင်းပြီး မိသားစုဝင်တွေကိုတောင် မပြောဘဲ နှစ်ပေါင်းများစွာ သည်းခံနေတတ်ကြတာကိုလည်း တွေ့မြင်နေရပါတယ်။
ကလေးမွေးဖူးတဲ့ အမျိုးသမီးတွေမှာ ကလေးမွေးပြီးနောက် သားအိမ်အပါအဝင် ဆီးအိမ်၊ အူမကြီးရဲ့အဆုံးပိုင်း ဒါမှမဟုတ် သားအိမ်ခွဲစိတ်ဖယ်ရှားထားသူတွေမှာ မိန်းမကိုယ်ရဲ့ထိပ်ပိုင်း တွေဟာ အောက်ကို ကျွံကျဆင်းလာနိုင်ပါတယ်။ တစ်ချိန်တည်းမှာ အင်္ဂါတစ်ခုထက်ပိုပြီး ကျွံဆင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေကို စုပေါင်းပြီး တင်ပါးဆုံတွင်းအင်္ဂါကျခြင်း၊ အင်္ဂလိပ်လို pelvic organ prolapse လို့ ခေါ်ပါတယ်။ သားအိမ်ကိုယ်တိုင် အောက်ဘက်ကို ကျဆင်းလာတဲ့အခါမှာတော့ uterine prolapse သို့မဟုတ် သားအိမ်ကျခြင်းလို့ ခေါ်တာဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ တင်ပါးဆုံအောက်ခြေမှာ ဆီးအိမ်၊ သားအိမ်၊ မိန်းမကိုယ်နဲ့ အူလမ်းကြောင်းအဆုံးပိုင်းတွေကို ထိန်းထားပေးတဲ့ ကြွက်သား၊ အရွတ်နဲ့ ဆက်သွယ်တစ်ရှူးတွေ ရှိပါတယ်။ ဒါတွေကို တင်ပါးဆုံအောက်ခြေကြွက်သားများ၊ အင်္ဂလိပ်လို pelvic floor muscles လို့ ခေါ်ပါတယ်။ အဝတ်ပုခက်တစ်ခုက ပစ္စည်းတွေကို အောက်ကနေ ပင့်တင်ထားသလို ဒီကြွက်သားနဲ့ တစ်ရှူးတွေက တင်ပါးဆုံအတွင်းအင်္ဂါတွေကို ပုံမှန်နေရာမှာ ထိန်းထားပေးပါတယ်။ ဒီထောက်ပံ့ပေးတဲ့ဖွဲ့စည်းပုံတွေ အားနည်းတာ၊ ဆန့်ထွက်လာတာ ဒါမှမဟုတ် ထိခိုက်တာကြောင့် အမျိုးသမီးတွေရဲ့ တင်ပါးဆုံအတွင်းက အင်္ဂါတွေဟာ မိန်းမကိုယ်ဘက်ကို ကျွံဆင်းလာတာပါ။ ဒီလိုကျွံဆင်းလာတာ ပြင်းထန်လာတဲ့အခါ မိန်းမကိုယ်ထဲ တစ်ဆို့တစ်ဆို့နဲ့ တစ်ခုခု ခံနေသလိုခံစားရတာ ဒါမှမဟုတ် မိန်းမကိုယ်ကနေ တစ်ခုခုထွက်လာတာကို မြင်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။
တင်ပါးဆုံတွင်းအင်္ဂါကျခြင်းဟာ အမျိုးသမီးတွေမှာ အတွေ့ရများတဲ့အခြေအနေတစ်ခု ဖြစ်ပေမယ့် လက္ခဏာပြလေ့မရှိတာရယ်၊ တစ်ချို့သူတွေမှာ ရှက်ရွံ့ပြီး ဆေးကုသမှုမခံယူတာရယ်တွေကြောင့် ဖြစ်ပွားမှုအရေအတွက်အတိအကျကို သိရှိဖို့ ခက်ခဲပါတယ်။ အသက် ၅၀ ကျော် အမျိုးသမီးတွေမှာ ပိုတွေ့ရတတ်ပေမယ့် အသက်ကြီးသူတွေမှာသာ ဖြစ်နိုင်တာမဟုတ်ဘဲ ကိုယ်ဝန်ဆောင်ဖူးသူ၊ ကလေးမွေးဖွားဖူးသူနဲ့ အသက်ငယ်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အပျော့စားအဆင့်မှာ လက္ခဏာလုံးဝမရှိဘဲ အခြားအကြောင်းကြောင့် မီးယပ်စစ်ဆေးရာမှာ မတော်တဆတွေ့ရှိတာမျိုးလည်း ရှိပါတယ်။
ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမွေးဖွားခြင်းတွေဟာ တင်ပါးဆုံအောက်ခြေကြွက်သားနဲ့ ထောက်ပံ့ပေးနေတဲ့တစ်ရှူးတွေကို ဆန့်ထွက်စေပြီး အားနည်းစေနိုင်တဲ့ အဓိက အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာခြင်း၊ သွေးဆုံးပြီးနောက်ပိုင်း တစ်ရှူးတွေပြောင်းလဲလာခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ ကြာရှည်ဝမ်းချုပ်ပြီး မကြာခဏအားစိုက်ဝမ်းသွားရခြင်း၊ နာတာရှည်ချောင်းဆိုးခြင်း၊ မကြာခဏအလေးမခြင်းနဲ့ တင်ပါးဆုံတွင်းခွဲစိတ်မှုအချို့ကလည်း တင်ပါးဆုံတွင်းအင်္ဂါကျနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ လူတစ်ဦးချင်းစီပေါ်မူတည်ပြီး မျိုးရိုးနဲ့ တစ်ရှူးခိုင်ခံ့မှုတွေကလည်း သက်ရောက်မှု ရှိနိုင်ပါတယ်။
လက္ခဏာတွေအနေနဲ့ကတော့ မိန်းမကိုယ်အောက်ပိုင်းမှာ လေးလံနေခြင်း၊ ဆွဲချနေသလိုခံစားရခြင်း၊ မိန်းမကိုယ်ထဲမှာ အလုံးတစ်ခုရှိနေသလို စမ်းမိခြင်း ဒါမှမဟုတ် မိန်းမကိုယ်အပြင်ဘက်ကို အလုံးတစ်ခုထွက်လာခြင်းတို့တွေ ဖြစ်နိုင်ပါတယ်။ အချိန်ကြာကြာ မတ်တတ်ရပ်ပြီးနောက်၊ ချောင်းဆိုးပြီးနောက်၊ ဝမ်းသွားရာမှာအားစိုက်ပြီးနောက် ဒါမှမဟုတ် အလေးမပြီးနောက် ဒီလက္ခဏာတွေက ပိုမိုသိသာလာနိုင်ပြီး လှဲလျောင်းအနားယူချိန်မှာ သက်သာသွားတတ်ပါတယ်။
ဆီးအိမ်ကျနေမယ်ဆိုရင် ချောင်းဆိုး၊ နှာချေ၊ ရယ်မော ဒါမှမဟုတ် လှုပ်ရှားတဲ့အခါ ဆီးယိုတာ၊ ဆီးခဏခဏသွားချင်တာ၊ ဆီးအရေးတကြီးသွားချင်တာ၊ ဆီးသွားပြီးပေမယ့် ဆီးအိမ်မကုန်သေးသလို ခံစားရတာနဲ့ ဆီးသွားရခက်တာတွေ ဖြစ်နိုင်ပါတယ်။ အူလမ်းကြောင်းဘက်က ကျဆင်းမှုပါဝင်နေရင် ဝမ်းချုပ်တာ၊ ဝမ်းသွားပြီးပေမယ့် မကုန်သေးသလိုခံစားရတာ ဒါမှမဟုတ် ဝမ်းသွားနိုင်ဖို့ မိန်းမကိုယ်ဘက်က ဖောင်းနေတဲ့နေရာကို လက်နဲ့ဖိပေးရတာမျိုး ဖြစ်နိုင်ပါတယ်။ လိင်ဆက်ဆံရာမှာ မသက်မသာဖြစ်တာ၊ နာကျင်တာ ဒါမှမဟုတ် ခံစားမှုကွာခြားလာတာတွေလည်း ဖြစ်နိုင်ပါတယ်။
တင်ပါးဆုံတွင်းအင်္ဂါကျခြင်းကို အတည်ပြုဖို့ ကျန်းမာရေးဝန်ထမ်းက လက္ခဏာတွေ၊ ကလေးမွေးဖွားခဲ့တဲ့မှတ်တမ်း၊ ဆီးနဲ့ဝမ်းဆိုင်ရာပြဿနာတွေအကြောင်း မေးမြန်းပြီး မိန်းမကိုယ်အတွင်းပိုင်းကို စစ်ဆေးနိုင်ပါတယ်။ ကုသမှုအပိုင်းမှာတော့ လက္ခဏာမရှိသူ ဒါမှမဟုတ် လက္ခဏာက နေ့စဉ်ဘဝကို မထိခိုက်သူတွေမှာ အခြေအနေကို စောင့်ကြည့်ပြီး နေထိုင်မှုပုံစံပြောင်းလဲတာမျိုးကို ရွေးချယ်နိုင်ပါတယ်။ ကုသမှုရဲ့ ရည်ရွယ်ချက်ဟာ ကျဆင်းနေတဲ့အင်္ဂါကို ပုံမှန်အတိုင်းဖြစ်အောင် မဖြစ်မနေပြန်တင်ဖို့ထက် နေ့စဉ်ဘဝကို ထိခိုက်စေတဲ့ လေးလံမှု၊ ဆီးနဲ့ဝမ်းဆိုင်ရာပြဿနာ၊ နာကျင်မှုနဲ့ မသက်မသာဖြစ်မှုတွေကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။
ကိုယ်အလေးချိန်များနေသူတွေမှာ ကျန်းမာရေးနဲ့သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ဖြည်းဖြည်းချင်းလျှော့ချခြင်း၊ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာစားခြင်း၊ ရေလုံလောက်စွာသောက်ခြင်းနဲ့ ဝမ်းချုပ်ခြင်းကို ကာကွယ်ခြင်းက တင်ပါးဆုံအောက်ခြေကို ထပ်မံဖိအားမပေးအောင် ကူညီနိုင်ပါတယ်။
နာတာရှည်ချောင်းဆိုးနေသူတွေဟာ ချောင်းဆိုးစေတဲ့ အကြောင်းရင်းကို စစ်ဆေးကုသသင့်ပြီး ဆေးလိပ်သောက်သူတွေက ဆေးလိပ်ဖြတ်သင့်ပါတယ်။ မကြာခဏအလေးမခြင်း၊ ပြင်းထန်စွာခုန်ခြင်းနဲ့ တင်ပါးဆုံအောက်ခြေကို ဖိအားများစေတဲ့ လှုပ်ရှားမှုတွေကိုလည်း လျှော့ချဖို့လိုနိုင်ပါတယ်။
Kegel exercise လို့ လူသိများတဲ့ တင်ပါးဆုံအောက်ခြေကြွက်သားလေ့ကျင့်ခန်းတွေဟာ အပျော့စားနဲ့ အလယ်အလတ်လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ရုံနဲ့ ကျဆင်းနေတဲ့အင်္ဂါကို အမြဲတမ်းမူလနေရာပြန်ရောက်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ဆီးသွားနေစဉ် ဆီးကိုခဏခဏဖြတ်တောက်ပြီး လေ့ကျင့်တာက ဆီးအိမ်ကို အပြည့်အဝမရှင်းနိုင်စေဘဲ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေကို မြင့်တက်စေနိုင်တာကြောင့် ပုံမှန်လေ့ကျင့်နည်းအဖြစ် မလုပ်သင့်ပါဘူး။
ခွဲစိတ်မှုမလုပ်ချင်တဲ့သူ၊ နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိသူ၊ ခွဲစိတ်ဖို့ ကျန်းမာရေးအခြေအနေမသင့်တော်သူ ဒါမှမဟုတ် ခွဲစိတ်ရမယ့်အချိန်ကို စောင့်ဆိုင်းနေသူတွေအတွက် vaginal pessary လို့ခေါ်တဲ့ မိန်းမကိုယ်အတွင်းထည့်သွင်းသုံးစွဲရတဲ့ အထောက်အကူပစ္စည်းကို အသုံးပြုနိုင်ပါတယ်။ Pessary ဟာ ပလတ်စတစ် ဒါမှမဟုတ် ဆီလီကွန်နဲ့ ပြုလုပ်ထားပြီး ကျဆင်းနေတဲ့အင်္ဂါတွေကို အောက်ကနေ ထောက်ပံ့ပြီး ထိန်းပေးပါတယ်။
လက္ခဏာပြင်းထန်တာ၊ နေ့စဉ်သွားလာလှုပ်ရှားမှုနဲ့ လိင်မှုဘဝကို များစွာထိခိုက်တာ ဒါမှမဟုတ် ခွဲစိတ်မှုမဟုတ်တဲ့ ကုသနည်းတွေ သုံးစွဲပြီးပေမယ့် မသက်သာတာမျိုးရှိရင်တော့ ခွဲစိတ်ကုသမှုကို စဉ်းစားနိုင်ပါတယ်။ ခွဲစိတ်ခြင်းလို့ ဆိုတဲ့နေရာမှာ သားအိမ်ကို ထိန်းသိမ်းထားပြီး ထောက်ပံ့ပေးတဲ့ ခွဲစိတ်နည်းတွေရှိသလို အခြေအနေအချို့မှာ သားအိမ်ဖယ်ရှားခြင်းနဲ့အတူ အခြားပြုပြင်မှုတွေ လုပ်ရတာလည်း ရှိပါတယ်။
တင်ပါးဆုံတွင်းအင်္ဂါကျခြင်းဟာ ယေဘုယျအားဖြင့် အသက်အန္တရာယ်ရှိတဲ့ရောဂါမဟုတ်ပေမယ့် လူနေမှုအရည်အသွေးကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ မိန်းမကိုယ်ထဲ ဒါမှမဟုတ် အပြင်ဘက်မှာ အလုံးတစ်ခု မြင်ရ၊ စမ်းမိတာ၊ အောက်ပိုင်းလေးလံမှုနဲ့ မသက်မသာဖြစ်မှုက အလုပ်လုပ်ခြင်းနဲ့ လှုပ်ရှားသွားလာခြင်းကို ထိခိုက်တာ၊ ဆီးမကုန်သလို ခံစားရတာ၊ ဆီးခဏခဏယိုတာ၊ ဝမ်းသွားရခက်တာ ဒါမှမဟုတ် လိင်ဆက်ဆံရာမှာ နာကျင်တာတွေရှိရင် ကျန်းမာရေးဝန်ထမ်းဆီ သွားရောက်စစ်ဆေးသင့်ပါတယ်။ ရုတ်တရက် ဆီးလုံးဝမသွားနိုင်တော့ဘဲ ဆီးအိမ်တင်းပြီး နာကျင်လာရင်တော့ အရေးပေါ်ဆေးကုသမှု ခံယူဖို့လိုပါတယ်။
သားအိမ်ကျခြင်းဝေဒနာကို ခံစားရတဲ့အခါ တစ်ချို့ကတော့ အုတ်ပူထိုင်တာ၊ ကျောက်ပူထိုင်တာတွေ စတဲ့ ဆေးမြီးတိုတွေ လုပ်တတ်ကြပါသေးတယ်။ ရောဂါရဲ့ ဖြစ်စဉ်ကို သေချာနားလည်မယ်ဆိုရင် ဒီလိုလုပ်ခြင်းဟာ ရောဂါကို မသက်သာစေတဲ့အပြင် အပူလောင်ခြင်းကြောင့် အနာတွေဖြစ်ပြီး ပိုးဝင်တာ၊ အနာမကျက်တာ၊ ပြည်တည်တာတွေ ဖြစ်စေနိုင်တဲ့အကြောင်း ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
အမျိုးသမီးတွေမှာ သားအိမ်ကျခြင်းနဲ့ တင်ပါးဆုံတွင်းအင်္ဂါကျခြင်းဟာ ရှက်စရာအခြေအနေလုံးဝ မဟုတ်သလို အသက်ကြီးလာလို့ သည်းခံနေရမယ့်အရာတစ်ခုလည်း မဟုတ်ပါဘူး။ စောစောစီးစီး စစ်ဆေးပြီး ကိုယ့်လက္ခဏာနဲ့ လူနေမှုပုံစံကိုက်ညီတဲ့ ကုသမှုကို ရွေးချယ်နိုင်ရင် အများစုမှာ မသက်မသာဖြစ်မှုကို လျှော့ချနိုင်ပြီး နေ့စဉ်ဘဝကို ပိုမိုအဆင်ပြေစွာ ပြန်လည်နေထိုင်နိုင်ပါတယ်။
References
1. American College of Obstetricians and Gynecologists. Pelvic Support Problems.
2. Royal College of Obstetricians and Gynaecologists. Pelvic Organ Prolapse.
3. National Health Service. Pelvic Organ Prolapse.
4. National Institute of Diabetes and Digestive and Kidney Diseases. Cystocele and Kegel Exercises.