Skip to content
Ads Advertisement

မုန့်ချိုအိတ်လို့ခေါ်တဲ့ ပန်ကရိယရောင်ရမ်းခြင်း

တစ်ခါတစ်ရံ ညသန်းခေါင်ယံ ဒါမှမဟုတ် ညစာစားပြီးချိန် ဒါမှမဟုတ် ဘာကြိုတင်လက္ခဏာမှ မရှိဘဲ ရုတ်တရက် ဝမ်းဗိုက်အပေါ်ပိုင်းမှာ ပြင်းပြင်းထန်ထန် နာတာမျိုးဟာ အစာအိမ်ကြောင့် မဟုတ်တာ ဖြစ်နိုင်ပါတယ်။ နာကျင်မှုက ပိုပြီးနက်ရှိုင်းလာသလို အဆက်မပြတ်လည်း နာလာမယ်၊ ဝမ်းဗိုက်ကနေတစ်ဆင့် ကျောဘက်အထိပါ နာကျင်မှုက ပျံ့နှံ့သွားမယ်၊ ပြီးတော့ လူနာဟာ အဆက်မပြတ် အန်လာပြီး အစားအသောက်၊ ရေ လုံးဝမဝင်တော့ဘူး၊ ရှေ့ကို ကိုင်းထိုင်လိုက်ရင် နည်းနည်း သက်သာသလို ရှိပေမယ့် ပက်လက်အိပ်လိုက်တာ၊ လှုပ်ရှားလိုက်တာတွေ လုပ်ရင် ပိုပြီး နာကျင်လာမယ်ဆိုရင် ဒါဟာ မုန့်ချိုအိတ်လို့ ခေါ်ကြတဲ့ ပန်ကရိယ ရုတ်တရက် ရောင်ရမ်းခြင်း (Acute Pancreatitis) ရဲ့ လက္ခဏာပြပုံ တစ်မျိုးပဲ ဖြစ်ပါတယ်။

ပန်ကရိယဆိုတာ ဝမ်းဗိုက်အပေါ်ပိုင်း အစာအိမ်ရဲ့နောက်ဘက် ခပ်နက်နက်မှာရှိတဲ့ သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ နှစ်ခုကို လုပ်ဆောင်ပေးပါတယ်။ သူဟာ အစာခြေဖျက်ဖို့အတွက် လိုအပ်တဲ့ အင်ဇိုင်း (Enzymes) တွေ ထုတ်ပေးသလို သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးတဲ့ အင်ဆူလင် (Insulin) လို ဟော်မုန်းတွေကိုလည်း ထုတ်ပေးပါတယ်။ ပုံမှန်အားဖြင့်တော့ ပန်ကရိယက ထုတ်လိုက်တဲ့ အစာခြေအင်ဇိုင်းတွေဟာ အူသိမ်ထဲကို ရောက်သွားမှသာ အစာတွေကို ခြေဖျက်ဖို့ အသက်ဝင်လာတာပါ။ ဒါပေမယ့် ရုတ်တရက် ပန်ကရိယရောင်ရမ်းတဲ့အခါမှာတော့ ဒီအင်ဇိုင်းတွေဟာ ပန်ကရိယထဲမှာတင် အချိန်မတိုင်ခင် အသက်ဝင်လာပြီး ပန်ကရိယနဲ့ သူ့ပတ်ဝန်းကျင်က တစ်ရှူးတွေကို စတင်ဖျက်ဆီးပါတော့တယ်။

၈၀ ရာခိုင်နှုန်းခန့်သော လူနာအများစုမှာ ရောဂါအခြေအနေ သိပ်မပြင်းထန်တတ်ဘဲ မှန်ကန်တဲ့ကုသမှုခံယူရင် ရက်အနည်းငယ်အတွင်းမှာပဲ သက်သာသွားတတ်ပါတယ်။ အချို့လူနာတွေမှာတော့ ရောင်ရမ်းမှုဖြစ်စဉ်က တစ်ကိုယ်လုံးကို ပြန့်နှံ့သွားတတ်ပြီး သွေးပေါင်ကျသွားတာ၊ အဆုတ်က အောက်ဆီဂျင်အလုံအလောက်မပေးနိုင်တော့တာ၊ ကျောက်ကပ်က ဆီးအလုံအလောက် မထုတ်ပေးနိုင်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ပန်ကရိယနဲ့ သူ့ပတ်ဝန်းကျင်က တစ်ရှူးတွေဆီ သွေးမရောက်တော့ဘဲ ပုပ်သွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ယေဘုယျအားဖြင့် ပြောရရင် ရုတ်တရက် ပန်ကရိယရောင်တဲ့ လူနာ ၁၀၀ မှာ ၂ ယောက်လောက် အသက်သေဆုံးနိုင်ပါတယ်။ ရောဂါပြင်းထန်သူတွေနဲ့ ပန်ကရိယပုပ်တဲ့အဆင့်ထိ ဖြစ်သွားသူတွေမှာတော့ အန္တရာယ်ပိုများပြီး သေဆုံးနှုန်းက ၂၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်သွားနိုင်တာကို တွေ့ရပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ၄၈ နာရီထက်ကျော်လွန်ပြီး အလုပ်မလုပ်တော့တာ၊ အင်္ဂါအစိတ်အပိုင်း အများအပြား ထိခိုက်သွားတာ၊ ဒါမှမဟုတ် ပုပ်နေတဲ့ ပန်ကရိယတစ်ရှူးတွေကို ပိုးဝင်သွားတာမျိုးဆိုရင်တော့ သေဆုံးနိုင်ခြေက ပိုတက်လာပြီး လူနာအချို့မှာ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိတောင် ရှိလာနိုင်ပါတယ်။

ရုတ်တရက် ပန်ကရိယရောင်ရမ်းခြင်းကို အဓိက ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုကတော့ သည်းခြေကျောက်တည်ခြင်းပါ။ သည်းခြေအိတ်ထဲက ကျောက်လေးတစ်လုံး ဒါမှမဟုတ် ပျစ်ခဲနေတဲ့ သည်းခြေအနည်အနှစ်တွေဟာ သည်းခြေပြွန်နဲ့ ပန်ကရိယပြွန်တို့ အူထဲကို ပွင့်တဲ့နေရာမှာ သွားပိတ်ဆို့သွားတတ်ပါတယ်။ အဲဒီနေရာမှာ ယာယီပိတ်ဆို့သွားတာလေးကတောင် ပန်ကရိယကို ရောင်ရမ်းစေနိုင်ပါတယ်။ နောက်ထပ် အဖြစ်များပြီး အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုကတော့ အရက်သောက်ခြင်းပါ။ အရက်ကို အလွန်အကျွံ သောက်တာ ဒါမှမဟုတ် ကာလရှည်ကြာ ပုံမှန်သောက်တာတွေက ပန်ကရိယကို ထိခိုက်စေနိုင်ပါတယ်။

ဒါ့အပြင် သွေးတွင်းမှာရှိတဲ့ အဆီဓာတ်တစ်မျိုးဖြစ်တဲ့ (Triglycerides) အရမ်းများနေရင်လည်း ပန်ကရိယရောင်နိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုသေချာမထိန်းနိုင်သူတွေ၊ အဝလွန်သူတွေ၊ ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ပြဿနာရှိသူတွေ၊ မျိုးရိုးလိုက် သွေးတွင်းအဆီများတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ အခြားဖြစ်ခဲတဲ့ အကြောင်းရင်းတွေလည်း ရှိပါတယ်။ အဲ့တာတွေက တချို့သောဆေးဝါးတွေ၊ ဗိုက်ကိုထိခိုက်ဒဏ်ရာရတာ၊ ERCP မှန်ပြောင်းကြည့်ပြီးနောက်ပိုင်းဖြစ်တာ၊ သွေးတွင်း ကယ်လ်စီယမ်ဓာတ်များတာ၊ ကိုယ်ခံအားက ကိုယ့်ကိုယ်ကိုပြန်တိုက်တဲ့ရောဂါ (Autoimmune disease)၊ ပန်ကရိယပြွန် ဖွဲ့စည်းပုံမမှန်တာနဲ့ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာတွေပဲ ဖြစ်ပါတယ်။

ပန်ကရိယရောင်တဲ့အခါ တစ်ခါတစ်ရံမှာ ပထမအကြိမ် သေချာစစ်ဆေးပေမယ့် အကြောင်းရင်းအတိအကျ မတွေ့ရတာမျိုးလည်း ရှိတတ်ပါတယ်။ နောက်ပိုင်း ထပ်မံစစ်ဆေးမှုတွေ လုပ်တဲ့အခါကျမှ သည်းခြေကျောက်အသေးလေးတွေ၊ သည်းခြေအနည်အနှစ်တွေ၊ ဖွဲ့စည်းပုံမမှန်တာ ဒါမှမဟုတ် ပန်ကရိယအကျိတ်အသေးလေးတွေကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် အသက် ၄၀ ကျော်မှာ အကြောင်းရင်းမရှိဘဲ ပန်ကရိယရောင်ရင် သေချာစောင့်ကြည့်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

သူ့ရဲ့ ရောဂါ လက္ခဏာတွေဟာ အစာအိမ်ပေါက်တာ၊ သည်းခြေအိတ်ရောင်တာ၊ အူပိတ်တာ၊ သည်းခြေပြွန်ပိုးဝင်တာ ဒါမှမဟုတ် နှလုံးသွေးကြောပိတ်တာတွေနဲ့ သွားဆင်တူနေတတ်ပါတယ်။ ဝမ်းဗိုက်အပေါ်ပိုင်းက ပြင်းပြင်းထန်ထန်နာကျင်မှုဟာ နာရီနဲ့ချီကြာနေမယ်၊ ကျောဘက်ကို ပျံ့သွားမယ်၊ အဆက်မပြတ်အန်နေမယ်ဆိုရင်တော့ အလုံခြုံဆုံး ဆုံးဖြတ်ချက်က ဆေးရုံသွားပြဖို့ပါပဲ။ အထူးသဖြင့် အသက်ရှူကျပ်လာတာ၊ ဂနာမငြိမ်ဖြစ်တာ၊ မှိန်းနေတာ၊ မူးမေ့ချင်သလိုဖြစ်တာ၊ မျက်လုံးတွေ ဝါလာတာ၊ ဆီးသွားနည်းလာတာ၊ ဗိုက်ပိုပူလာတာ ဒါမှမဟုတ် ရေတောင်သောက်လို့မရတော့ဘူးဆိုရင် အရေးပေါ် ဆေးကုသမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။

ပြင်းထန်တဲ့ ပန်ကရိယရောင်ရောဂါ ခံစားခဲ့ရသူတွေမှာဆိုရင် ပန်ကရိယဆဲလ်လေးတွေ ထိခိုက်ပျက်စီးသွားတဲ့အခါ နောက်ဆက်တွဲအနေနဲ့ အင်ဆူလင် အလုံအလောက် မထုတ်နိုင်တော့ဘဲ ဆီးချိုရောဂါ (Type 3c Diabetes) အသစ် ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဆေးရုံကဆင်းပြီး ၃ လ ကနေ ၆ လ အတွင်းမှာ သွေးတွင်းသကြားဓာတ်ကို မဖြစ်မနေ ပြန်လည်စစ်ဆေးသင့်ပါတယ်။

ဒါ့အပြင် အစာခြေအင်ဇိုင်းတွေ လုံလောက်စွာ မထွက်တော့တဲ့အတွက် အစားဘယ်လောက်စားစား ကိုယ်အလေးချိန်တွေ ဆက်တိုက်ကျနေတာ၊ ဝမ်းသွားတဲ့အခါ အဆီတွေပါနေတာ၊ ဝမ်းခဏခဏသွားတာမျိုးတွေ (Pancreatic Exocrine Insufficiency – PEI) ဖြစ်လာတတ်ပါတယ်။ နောက်ဆုံး အရေးကြီးဆုံးတစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပါ။ လူနာတော်တော်များများဟာ အစားစားလိုက်တိုင်း အရင်ကလို ပြင်းပြင်းထန်ထန် ပြန်နာလာမလားဆိုတဲ့ ကြောက်စိတ် ဝင်သွားတတ်ကြပါတယ်။ ဒါဟာ နာကျင်မှုပြင်းထန်လွန်းတဲ့ ရောဂါဖြစ်စဉ်ကြောင့် ဖြစ်လာတဲ့ သဘာဝကျတဲ့ တုံ့ပြန်မှုတစ်ခုပါ။

ဒါကြောင့် မိသားစုဝင်တွေအနေနဲ့ လူနာကို အတင်းအကျပ် အစားစားခိုင်းတာမျိုးထက် စိတ်ရှည်ရှည်နဲ့ ဖေးမကူညီပေးဖို့က အလွန်အရေးကြီးပါတယ်။

အချုပ်အားဖြင့်တော့ ဝမ်းဗိုက်အပေါ်ပိုင်း နာတိုင်း ပန်ကရိယရောင်တာတော့ မဟုတ်ပေမယ့် ဝမ်းဗိုက်အပေါ်ပိုင်းက ပြင်းပြင်းထန်ထန် အဆက်မပြတ် နာကျင်နေမယ်၊ အထူးသဖြင့် ကျောဘက်ကိုပါ နာမယ်၊ အဆက်မပြတ် အန်နေမယ်ဆိုရင်တော့ ရိုးရိုးအစာအိမ်နာတာပဲဆိုပြီး အကြိမ်ကြိမ် လျစ်လျူရှုမထားသင့်ပါဘူး။ ရုတ်တရက် ပန်ကရိယရောင်ရမ်းခြင်းဟာ လူအများစုမှာ သိပ်မပြင်းထန်ပေမယ့် အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်တဲ့ အန္တရာယ်ကလည်း ရှိပါသေးတယ်။ ဒါကြောင့် ပန်ကရိယရောင်တဲ့ လက္ခဏာတွေ ပြနေမယ်ဆိုရင် ဆေးရုံကို အမြန်ဆုံးသွားပြတာ၊ ဆရာဝန်နဲ့ တိုင်ပင်တာဟာ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်ပေးနိုင်သလို၊ ရောဂါပြင်းထန်တဲ့ လူနာတွေအတွက်ဆိုရင် အသက်ကိုပါ ကယ်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

References

1. Párniczky A, et al. International Association of Pancreatology Revised Guidelines on Acute Pancreatitis 2025. Pancreatology. 2025;25(6):770–814. (ScienceDirect)

2. Tenner S, Vege SS, Sheth SG, et al. American College of Gastroenterology Guidelines: Management of Acute Pancreatitis. American Journal of Gastroenterology. 2024;119(3):419–437. (congress-med.ru)

3. Trikudanathan G, et al. Diagnosis and Management of Acute Pancreatitis. Gastroenterology. 2024. (gastrojournal.org)

4. de-Madaria E, Buxbaum JL, Maisonneuve P, et al. Aggressive or Moderate Fluid Resuscitation in Acute Pancreatitis. New England Journal of Medicine. 2022;387:989–1000. (New England Journal of Medicine)

5. Banks PA, Bollen TL, Dervenis C, et al. Classification of Acute Pancreatitis—2012: Revision of the Atlanta Classification and Definitions by International Consensus. Gut. 2013;62(1):102–111.

6. Hamesch K, et al. Practical Management of Severe Acute Pancreatitis. 2025. Severe acute pancreatitis may have mortality rates of up to approximately 30%. (ScienceDirect)

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement