“ဒီရေဘေးက သာမန် မိုးကြီးလို့ ဖြစ်တာ မဟုတ်ဘူး။ တာကျိုးပေါက်ကနေ ရေတွေ ဆက်ဝင်နေမှာကြောင့် လနဲ့ ချီပြီးကြာနိုင်တယ်။ ပြဿနာတွေ အများကြီးရှိနေပြီး ကျန်းမာရေးပြဿနာကတော့ ကျွန်မတို့ အစိုးရိမ်ဆုံးပဲ” လို့ ဆိုလာသသူက ကျုံပျော်မြို့နယ် အိမ်ထောင်ရှင်မတစ်ဦးပါ။
ဇူလိုင် ၃၀ ရက်ညက ငဝန်မြစ်ရေကာတာ ကျိုးပေါက်ပြီးနောက် လေးမျက်နှာမြို့နယ်အပြင် ဒေသတွင်း ထိစပ်မြို့တွေ ဖြစ်တဲ့ အိုင်သပြု၊ ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်း စတဲ့ မြို့နယ်တွေထဲအထိ ရေဝင်ရောက်ကုန်ပြီး ဒေသခံတွေဟာ ရေဘေးနဲ့ ရင်ဆိုင်နေကြရတာပါ။ သြဂုတ် ၂ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ ဒီဒေသ တွင်းက အိမ်ခြေ ၁,၇၃၄ လုံး၊ အိမ်ထောင်စု ၁,၇၆၄ စုက လူဦးရေ ၈,၃၈၂ ဦးဟာ ရေကြီးမှုအန္တရာယ်အပြင် ကျန်းမာ ရေးနဲ့ ဆက်စပ်တဲ့ ပြဿနာတွေကိုပါ တပါတည်း ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့် ရေကြီးမှုကြောင့် တွင်းအောင်း သတ္တဝါအမျိုးအစားဖြစ်တဲ့ အဆိပ်ရှိ မြွေတွေ ထွက်လာတဲ့ ပြဿနာပါ။
လေးမျက်နှာမြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာတွေထဲ တာကျိုးပေါက်ရေတွေ ဝင်လာပြီးနောက် မြွေတွေကို ခပ်စိပ်စိပ် တွေ့လာရပြီး မြွေပွေးနဲ့ မြွေဟောက်လို အဆိပ်ရှိ မြွေတွေအပြင် အဆိပ်မရှိတဲ့ မြွေတွေကိုပါ တွေ့လာရတာလို့ ဒေသတွေဆီက အခုလို ပြောပြပါပါတယ်။ ဒီလို တွေ့ရှိတာဟာ လေးမျက်နှာ မြို့တစ်ခုတည်းတင် မဟုတ်ပါဘူး။ တခြားရေကြီးဒေ သတွေ ဖြစ်တဲ့ ငါးသိုင်းချောင်း၊ ရေကြည်၊ ယုန်သလင်းနဲ့ အိုင်သပြုဘက်တွေမှာ တွေ့လာရတာ ဖြစ်ပါတယ်။
“မြွေတွေ အများကြီးပေါ်လာတယ်။ တစ်နယ်လုံး ရေဝင်တာဆိုတော့ တွင်းတွေထဲကနေ ထွက်လာတာ။ လမ်းဘေးတွေမှာဆို ခွေနေတာ အများကြီးပဲ။ လူတွေက လိုက်ရှင်းလင်းပေမယ့် မရဘူးလေ။ ရေက ဆက်တက်လာလေ မြွေတွေ ပိုတွေ့လေပဲ။ အဓိကက မြွေပွေးနဲ့ မြွေဟောက်တွေပါ။ ကင်းတွေလည်း တွေ့တယ်။ ကျွန်မတို့အိမ် အောက်ထပ် ရေမြုပ်နေပြီး မြွေကြောက်လို့ နေကို မနေရဲဘူး” လို့ လေးမျက်နှာမြို့နယ်၊ အောင်ဘော်စုရွာ ဒေသခံ ဦးမောင်ဦးက MyanHealth ကို ပြောပြပါတယ်။
တခြား ရဘေးသင့် လေးမျက်နှာမြို့ခံတစ်ဦးကလည်း “ကျွန်တော်တို့ဒေသက မြွေပွေး၊ မြွေဟောက်ပေါတယ်။ ဖြစ်ရင်လည်း ဒီနှစ်ကောင်ထဲက တစ်ကောင်ကောင်ကြောင့် ထိတာ။ မြွေဆိပ်ဖြေဆေးက ဟင်္သာတဆေးရုံးကြီးမှာတော့ ရှိတယ်။ ကျွန်တော်တို့ဒေသမှာတော့ မလုံလောက်ဘူး။ အခုဆိုရင် ဆေးရုံတွေပါ ပိတ်ထားရတော့ စိုးရိမ်ရတာပေါ့။ ကျန်းမာ ရေးဌာနနဲ့ အလှူရှင်တွေအနေနဲ့ မြွေဆိပ်ဖြေဆေးတွေအတွက် ထည့်သွင်းစဉ်းစားစေချင်ပါတယ်” လို့ ဆိုပါတယ်။
မြွေတွေဟာ သူတို့ နေတဲ့ တွင်းလို နေရာတွေ ရေဝင်လာတာကြောင့် ခြောက်သွေ့တဲ့ နေရာကိုရှာရင်း လူနေအိမ်နဲ့ အိမ်ဝန်းတွေပေါ်အထိ ရောက်ရှိလာကြတာ ဖြစ်ပြီး မြွေခိုအောင်းနိုင်တဲ့ သစ်ပင်နဲ့ ခြုံနွယ်တွေပါ ရေနစ်မြုပ်ကုန်ကြီး ရေစီးနဲ့အတူ မျှောပါရင်း ဘေးလွတ်ရာနေကြတဲ့ လူတွေရှိတဲ့နေရာကို ပိုရောက်လာနိုင်တာ ဖြစ်တယ်လို့ မြွေအပါ အဝင် မြန်မာ့ဇီဝမျိုးစိတ်တွေကို အမျိုးအစားခွဲခြားခြင်း၊ အချက်အလက်စုဆောင်းရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့ Native Species Conservation and Identification in Myanmar – NSCI က အကြံပြုထားပါတယ်။
လက်ရှိမှာ လေးမျက်နှာမြို့နယ်ထဲမှာ အဆိပ်ရှိ မြွေအပြင် မြွေအမျိုးမျိုးကို နေရာစုံ တွေ့နေပြီး ရေဘေးသင့်သူတွေကို မော်တော်နဲ့ ကူညီကယ်ဆယ်ဖို့ သွားလာရင်း လူမှုရေးလုပ်ငန်း လုပ်နေတဲ့ ပရဟိတလူငယ်တစ်ဦးလည်း မြွေကိုက်ခံရလို့ ဆေးဝါးကုသနေရတယ်လို့ ဒေသခံတွေ ပြောပြပါတယ်။
ဧရာဝတီတိုင်းအစိုးရကတော့ ရေဘေးသင့်ဒေသတွေအတွက် မြွေ အန္တရာယ် သတိပေးချက်နဲ့ အရေးပေါ်သတိပေး ချက်တွေကို သြဂုတ် ၄ ရက်က ထုတ်ပြန်ထားပြီး အစိုးရဆေးရုံနဲ့ အရေးပေါ်ကုသရေးစခန်းတွေမှာ မြွေဆိပ်ဖြေ ဆေး (Antivenom) တွေ လုံလုံလောက်လောက် စုဆောင်းထားတယ်လို့ ထုတ်ပြန်ထားပြီး မြွေကိုက်ခံရရင် ချက် ချင်းလာရောက်ကုသကြဖို့နဲ့ ဆက်သွယ်ရမယ့် ကျန်းမာရေးတာဝန်ခံတွေရဲ့ ဖုန်းနံပါတ်တွေကိုပါ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရေဘေးကြောင့် လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံနဲ့ အိုင်သပြု တိုက်နယ်ဆေးရုံတို့ကို ပိတ်ထားရပြီး လူနာနဲ့ ဆေးရုံသုံးပစ္စည်း၊ ဆေးဝါးတွေကို ဟင်္သာတ ခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ မြေပြင်မှာ ကူညီနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပြပါတယ်။
မြွေဆိပ်ဖြေဆေး လုံလောက်စွာ စုဆောင်းထားပြီးဖြစ်ပြီး ကိုက်ခံရရင် အစိုးရကုသရေးစခန်းတွေဆီ လာဖို့ ထုတ် ပြန်ထားပေမယ့် ဒီသတင်းအချက်အလက်တွေဟာ ကျေးရွာတွေဆီ မရောက်သလို ရေဘေးကို အဆိုးဝါးဆုံး ခံနေကြရတဲ့ လေးမျက်နှာမြို့နယ်ထဲဥ ရခိုင်ရိုးမတောင်ခြေဘက်နေတဲ့ သူတွေဟာ ကုသရေးစခန်းတွေဆီကို ရောက်ရေးထက် ရေဘေးလွတ်ရေးကိုသာ အဓိကထားပြီး အဆင်ပြေသလို နေနေကြရပါတယ်။
“ဝေးလံတဲ့ ရွာတွေဆိုရင် ဆေးခန်းလည်း မရှိဘူး။ ဆေးလည်း ရဖို့မလွယ်ဘူး။ မြွေတွေကတော့ ပေါပေါများများတွေ့နေရတယ်။ မြေကိုက်ခံရတဲ့ ဖြစ်စဉ်တွေလည်း ကြားနေရပါတယ်” လို့ လေးမျက်နှာမြို့နယ်၊ ခတ္တူရွာဒေသခံတစ်ဦးက MyanHealth ကို ပြောပြပါတယ်။
လတ်လောမှာ လေးမျက်နှာအပါအဝင် နီးစပ်တဲ့ဒေသတွေအတွင်းမှာ ရေကြီးလို့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေသလို လမ်းပိုင်းနဲ့ တံတားတွေ ပျက်စီးတာ၊ လူထိခိုက်တာတွေကိုလည်း ကြုံနေရပါတယ်။ ရေကြီးတာ ကြောင့် သြဂုတ် ၃ ရက်တုန်းက လေးမျက်နှာ – အိုင်သပြု – ငါးသိုင်းချောင်းကားလမ်းပေါ်က အလျား ၁၅ ပေ၊ အနံ ၁၂ ပေနဲ့ အကျယ် ၈ ပေရှိတဲ့ ကွန်ကရသစ်တံတား ကျိုးကျခဲ့တာကြောင့် ယာယီဘေလီတံတား ဆောက်ပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု အခက်အခဲကို ဖြေရှင်းနေရပါတယ်။ ရေတိုက်စားလို့ ကားလမ်းပျက်စီးမှု တွေကလည်း ရှိနေပြီး သြဂုတ် ၄ ရက်က ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ရွာနဲ့ ခမောက်စုရွာလမ်းမှာ ရေဘေးသင့်သူတွေကို သွားကူဖို့ လာတဲ့ ယာဉ်တစ်ဏီး တိမ်းမှောက်လို့ ရှစ်ယောက်တောင် ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ရေကြီးမှုကြောင့်ပဲ လေးမျက်နှာမြုိ့နဲ့ ဆက်စပ်တဲ့ ဒိုင်ပျက်နဲ့ ဇရပ်လှကြားက ရထားလမ်းလည်း ရေနစ်လို့ သြဂုတ် ၄ ရက်ကစပြီး အဲဒီနဲ့ ဆက်စပ်တဲ့ ရထားခရီးစဉ်တွေကို ရပ်ဆိုင်းထားရပြန်ပါတယ်။
“သွားရေးလာရေး ခက်ခဲတဲ့ရွာတွေမှာ ကျန်းမာရေးဌာနတွေ ထပ်ပြီး ဖွင့်စေချင်တယ်။ မြွေဆိပ်ဖြေဆေးဆိုတာကလည်း ကျန်းမာရေးဌာနက စနစ်တကျထူထောင်ထားမှ ရတာပါ။ ရွာမှာ မြွေကိုက်ခံရရင် ကျန်းမာရေးဌာနကို အမြန်ဆုံးရောက်ဖို့ လိုတယ်။ အခုလိုအခြေအနေကတော့ သွားရေးလာရေးခက်ခဲတဲ့အတွက် အဆင်မပြေသေးဘူး” လို့ လေးမျက်နှာမြို့နယ်၊ ရိုးမတောင်ခြေမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
NSCI ကတော့ ရေဘေးသင့်ဒေသ မြွေဆိုးအန္တရာယ် ရှောင်ရှားနိုင်ဖို့အတွက် အိမ်ပတ်ဝန်းကျင် သန့်ရှင်းထားဖို့၊ အိမ်ထဲနဲ့ အိမ်ပြင်မှာ မြွေအောင်းနိုင်တဲ့ ကြွက်တွင်းလို တွင်းဟောင်းတွေကို မြေဖို့ ပိတ်ဆို့ဖို့အပြင် အနွေးဓာတ်ရလို့ ဖိနပ်ထဲ ဝင်ခွေနေတတ်တဲ့ မြွေတွေရဲ့ သတိပြုဖွယ် အမူအကျင့်တွေကို ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် နေ့ဘက်နဲ့ ညဘက်အလိုက် မြွေဆိုးမဝင်နိုင်အောင် ဘယ်လိုပုံ သတိပြုနေထိုင်ရမယ်ဆိုတာအပြင် မြေကိုက်ခံရရင် ဘယ်လို မြွေအမျိုးအစားဖြစ်တယ်ဆိုတာကို ခွဲခြားသိနိုင်မယ့် နည်းလမ်းတွေကိုလည်း သူတို့ရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ရေဘေးသင့်ဒေသတွေမှာ ရေကြီးမှုနဲ့အတူ လူထုကျန်းမာရေးကို ခြိမ်းခြောက်လာတဲ့ မြွေဆိုးအန္တရာယ်နဲ့ ပတ်သက် လို့ လိုအပ်တဲ့ မြွေဆိပ်ဖြေဆေးကို လိုအပ်သူတွေဆီ ရောက်ဖို့ သယ်ယူပို့ဆောင်ရေးဟာ စနစ်ကျဖို့ လိုသလို ဒါတွေ ကို စနစ်တကျ သိုလှောင်ထားဖို့ကလည်း ဆေးရုံ ကျန်းမာရေးဌာနတွေဘက်က ကြိုတင်ပြင်ဆင်ထားရမယ်လို့ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ သက်တံ့ရောင် ပရဟိတအသင်းတာဝန်ခံ ဦးဝင်းဇော်ဦးက အကြံပြု တိုတွန်းသလို “အလှူရှင်တွေအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ချိတ်ဆက်ပြီး မြွေဆိပ်ဖြေဆေး လှူဒါန်းပေးစေချင်တယ်” လို့လည်း ဆိုပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ ရေဘေးဟာ ရက်ပိုင်းနဲ့ ပြီးပြတ်မယ့် ကိစ္စ မဟုတ်ဘဲ လနဲ့ ချီ ကြာနိုင်တာကြောင့် သက်ဆိုင်သူတွေအနေနဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးအပြင် ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်ပြီး ရေရှည်အစီအမံတွေ ချမှတ်ပေးဖို့ လိုနေပြီလို့လည်း ရေဘေးသင့်ဒေသက ပြည်သူတွေက ပြောနေ ကြပါတယ်။
– မြွေပြီးတော့ ရေ ပြန်လာ –
လေးမျက်နှာမြို့အပြင် ရေဘေးသင့်ဒေသတွေက ရေဘေးနဲ့အတူ ပါလာတဲ့ မြွေဘေးအပြင် ကျေးရွာပေါင်း ၈၀ ကျော်က ရေတွင်း၊ ရေကန်နဲ့ အဝိစိတွင်းတွေပါ ရေဝင်၊ နစ်မြုပ်ကုန်လို့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးဟာ ကပ်ဘေးတစ်ခုအဖြစ် ရှိနေပါတယ်။
“ကျွန်မက အခု မြင်နေရတဲ့ရေကို ခပ်ပြီး မိနစ် ၂၀ လောက် ကျိုချက်သောက်တယ်။ ရေတွင်းတွေရော၊ အဝီစိတွင်းတွေပါ မြုပ်နေပြီလေ။ ရေသန့်ဗူးကလည်း ဘယ်လောက်မှာလဲ။ အိမ်မှာက ကလေးငယ်ရှိတော့ ရေကို တော်တော်လေး ထိန်းသုံးနေရတယ်” လို့ လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာ ဒေသခံတစ်ဦးက သူမရဲ့ အခြေအနေကို ရှင်းပြပါတယ်။
လက်ရှိမှာ ရေဘေးကြုံနေရသူတွေဟာ အလှူရှင်တွေ လာလှူတဲ့ သောက်သုံးရေနဲ့ ရေမမြုပ်သေးဘဲ ဘုန်းကြီး ကျောင်းတွေမှာ ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေက ရေကိုသာ အဓိက အားထားနေကြရပါတယ်။ ရေဘေးသင့်ဒေသတွေမှာ သန့်ရှင်းတဲ့ရေ ပြတ်လပ်မှု ပြဿနာဟာ ဝမ်းပျက်ဝမ်းလျှောလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေတတ်တာမို့ ရေရှည်အစီအမံ လိုအပ်နေပြီလို့လည်း လူမှုကူညီကယ်ဆယ်ရေးအသင်းတွေ က ဆိုနေကြပါတယ်။
“ရေကြီးရေလျှံဖြစ်ရင် ဝမ်းရောဂါ ကပ်ပါလာတတ်တယ်။ စီးလာတဲ့ရေတွေက သန့်ရှင်းမှု မရှိဘူး။ ဒါကိုပဲသုံးမိရင် ရောဂါတွေဖြစ်လာမယ်။ အဓိကက ရေရှည်အတွက် သောက်သုံးရေ လုံလုံလောက်လောက်ရအောင် အစီအမံတွေချမှတ်ဖို့လိုတယ်။ အဲဒီအတွက် အစိုးရရဲ့ ခွင့်ပြုချက်နဲ့အတူ ငွေအားရော၊ နည်းပညာအကူအညီပါ လိုအပ်ပါတယ်” လို့ လေးမျက်နှာမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တစ်ဦးက MyanHealth ကို ပြောပါတယ်။
သြဂုတ်လ ပထမအပတ်ထဲမှာ လေးမျက်နှာမြို့နယ်ဟာ ဆိုးဝါးတဲ့ ရေဘေးသင့်မှုကို ဆိုးဆိုးဝါးဝါး ကြုံနေရဆဲ ဖြစ်ပြီး ဒါးကချောင်းအပါအဝင် ဒေသတွင်းချောင်းလက်တက်တွေကတဆင့် ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ အထောင်၊ သောင်ကြီး၊ ရှားခဲ၊ နိဗ္ဗာန်၊ ခမောက်စု၊ ဇရပ်လှ၊ ဒိုက်ပျက်၊ အသုတ်၊ သာပေါင်းမြို့နယ်တွေအထိ ရေဝင် ရောက်မှု ရှိဆဲဖြစ်လို့ ရေမမြုပ်သေးတဲ့ အဝိစိတွင်းတွေကို လုံခြုံရအောင် ပိတ်ဆို့ပြီး ရေချို၊ ရေကောင်း ထိန်းသိန်းဖို့ ကျွမ်းကျင်သူတွေဘက် အကြံပြုထားသလို ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနကတော့ ရေဝင်နိုင်တဲ့ဒေသတွေက အဝိစီတွင်းတွေကို ရေလွတ်လောက်တဲ့အထိ ပိုက်ဆက်ပြီး မြှင့်တင်ထားကြဖို့ အကြံပြုထားပါတယ်။
လေးမျက်နှာမြို့ဟာ ၁၉၉၁ ခုနှစ်တုန်းက ရေကာတာ ကျိုးကျလို့ သုံးလလောက် ဆိုးဝါးတဲ့ ရေဘေးသင့်မှုကို ကြုံတွေ့ခဲ့ရပြီး အခု ရေဘေးဟာ နှစ်ပေါင်း ၃၆ နှစ်ကြာအပြီး ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရေဘေးကြောင့် ရေဘေးသင့်သူတွေဟာ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတွေ ရှိသလို ရေလွတ်နေရာအထိ ဆင့်ထိုးပြီး နေထိုင်ရသူတွေလည်း ရှိနေပြီး အညစ်အကြေးစွန့်ထုတ်ဖို့နဲ့ သောက်သုံးရေသန့် လက်လှမ်းမီရရှိရေးဟာ စိန်ခေါ်ချက်ဖြစ်လာလို့ ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်တယ်လို့ ရေဘးသင့်ကူညီနေတဲ့ Ayeyarwaddy Karen Youth အဖွဲ့ဝင်တစ်ဦးကလည်း ထောက်ပြပါတယ်။
ရေဘေးသင့်ဒေသတွေအနေနဲ့ ရေပြန်လည် ကျတဆင်းသွားရင် ရေတွင်းတွေ ပြန်လည်ရှင်းလင်းရေးနဲ့ သန့်ရှင်း တဲ့ သောက်သုံးရေအဖြစ် ပြန်လည်ရရှိနိုင်ဖို့ ဆေးခပ်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရမှာ ဖြစ်ပြီး သောက်သုံးရေ ပြဿနာဟာ လနဲ့ချီ ဖြေရှင်းရမယ့် ပြဿနာတစ်ခုပါ။
လက်ရှိမှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ကတော့ ရေဘေးသင့်သူတွေကို ရေလွတ်ရာနေရာ ပြောင်းပေးတာမျိုး ကယ် ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးတာအပြင် သောက်သုံးရေ၊ ရိက္ခာနဲ့ စားသောက်ကုန် ထောက်ပံ့တာ၊ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေပေးတာတွေကို လုပ်ဆောင်ပေးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ နောက်ပြီး ကျိုးပေါက်သွားတဲ့ ရေကာတာ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းတွေကို စက်ယန္တရားသုံးပြီး လုပ်ဆောင်နေပြီလို့လည်း ကြေညာထားပါတယ်။
လေးမျက်နှာအပါအဝင် ရေကာတာကျိုးလို့ ရေကြီးမှုဒဏ် ခံရတဲ့ ဒီဒေသတွေမှာ လတ်တလော ဖြေရှင်းရမယ့် အ ရေးပေါ် အကူအညီတွေအပြင် မြွေဆိပ်ဖြေဆေးနဲ့ ကိုက်ခံရသူတိုင်း ဆေးဝါးရရှိဖို့ ပြဿနာ၊ သန့်ရှင်းတဲ့ သောက် သုံးရေပြတ်လပ်မှု ပြဿနာဟာ လနဲ့ချီ ရှင်းရမယ့် လူထုကျန်းမာရေးပြဿနာအဖြစ် ရှိနေပြီလည်း ဖြစ်ပါတယ်။