အမေ၊ ယောက္ခမနဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေ
ခိုင်ရီ ရေးသည်
(ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။)
သားဦးလေးမီးဖွားပြီဆိုတော့ ကျမကို ချစ်ခင်ကြတဲ့ အဒေါ်တွေ၊ အိမ်နီးချင်းတွေဟာ သတင်းမေးဖို့နဲ့ အကြံ ဉာဏ်ကောင်းတွေ ပေးကြဖို့ အိမ်ကို မကြာမကြာ လာလည်ကြပါတယ်။
အရာရာ အသစ်အဆန်းဖြစ်နေတဲ့ ကျမကို သူတို့အလှည့်တုန်းက ဘယ်လို ကျော်ဖြတ်ခဲ့ကြတယ်ဆိုတာတွေ ပြောပြကြတယ်။ ရိုးရာမီးနေနည်းတွေ၊ မိရိုးဖလာချွေးထုတ်နည်းတွေကို ပြောပြကြတယ်။
ကလေး နှစ်ယောက်အမေ ကျမအဒေါ်အရင်းက “ကြက်ဥ၊ ဘဲဥ မစားနဲ့၊ နူတတ်တယ်” လို့ပြောပါတယ်။
“အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမစားနဲ့၊ ကလေး ဝမ်းစိမ်းသွားတတ်တယ်”လို့ ကလေး လေး ယောက်အမေ ကျမ အဒေါ်ဝမ်းကွဲက ပြောပါတယ်။
ရပ်ကွက်ထဲက ခင်မင်ရင်းနှီးတဲ့ ကလေး နှစ်ယောက်အမေ အဒေါ်ကြီးက “ကုန်းကန်စွန်းရွက် မစားနဲ့နော်၊ မျက်နှာမှာ အညိုကွက်တွေ ထွက်တတ်တယ်”လို့ ဆိုပါတယ်။
အသက် ၇၀ ဝန်းကျင်အရွယ် ကျမအမေက “ရွှေဖရုံသီးစားရင် လွန်ခဲ့တဲ့ ခုနှစ်နှစ်က ရောဂါပြန်ပေါ်တတ် တယ်”လို့ ပြောပြန်ပါတယ်။
ဟုတ်ပါတယ်။ ဒါတွေဟာ ကျမတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ၊ အထူးသဖြင့် နယ်နဲ့ကျေးလက်ဒေသတွေမှာ ခေတ်အဆက်ဆက် အမျိုးသမီးအများစု ကျင့်သုံးလိုက်နာခဲ့ကြတဲ့ နှုတ်ပြောမီးနေသည် လက်စွဲတွေလို့ ဆိုရမှာပါ။
အမျိုးသမီးတစ်ယောက် ကလေးမီးဖွားပြီဆိုရင် ကလေးငယ် ပြုစုစောင့်ရှောက်ရေးအတွက် အင်မတန် အရေးပါတဲ့သူတွေက ကလေးရဲ့ အဘွားတွေဖြစ်တဲ့ အိမ်က အမေရယ်၊ ယောက္ခမရယ်၊ ရပ်ကွက်ထဲက အဒေါ်ကြီးတွေရယ်ပါပဲ။ သူတို့ရဲ့ အကြံပြုချက်နဲ့ ဂရုစိုက်ပေးမှုတွေက အရေးကြီးလှပါတယ်။
ဒါပေမယ့် ဒီလိုအရေးပါတဲ့လူတွေက မိရိုးဖလာရှေးထုံးတွေကို လွန်လွန်ကဲကဲ ယုံကြည်နေကျင့်သုံးနေပြီ ဆိုရင်တော့ သူတို့ရဲ့စေတနာအမှားတွေကြောင့် ကလေးနဲ့ မိခင်ရဲ့ ဘဝတစ်သက်တာအတွက် သက်ရောက်မှုတွေ အများကြီးဖြစ်ပေါ်စေနိုင်ပါတယ်။
“နင်တို့ကို ငါတို့ တစ်သက်လုံး ဒီလိုပဲ မွေးလာတာ၊ ဒီတိုင်းလိုက်နာ” ဆိုတဲ့ အမေနဲ့ ယောက္ခမရယ်၊ “ငါက ကလေးတွေအများကြီးမွေးထားလို့ ပိုသိတယ်” ဆိုတဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေရယ်က ရက်သား၊ လသားနုနု မွေးကင်းစကလေးကို ခေါင်းရိတ်ဖို့၊ သနပ်ခါးလိမ်းဖို့နဲ့ သနပ်ခါးခွံ့ဖို့ တွန်းအားပေးတာ။ ရေတိုက်တာ၊ ထမင်းကျွေးတာ၊ လက်ဖက်ရည်၊ ကော်ဖီတိုက်တာ၊ ခြောက်လအောက်ကလေးကို နို့မှုန့်နဲ့ ထမင်း ရောနယ်ကျွေးတာ၊ ခြေခွင်နေတယ်ဆိုပြီး ခြေထောက်ကို ဆွဲဆန့်ဖို့ ကြိုးစားကြတာ၊ နှာခေါင်းပြားတယ်ဆိုပြီး နှာခေါင်းရိုးကိုဆွဲတာ စတဲ့အရာတွေကို မိရိုးဖလာ အလုပ်တစ်ခုလို လုပ်တတ်ကြပါတယ်။
ခြောက်လမပြည့်ခင်မှာ ကလေးဖွံ့ဖြိုးမှုအလိုက်ဖြစ်တတ်တဲ့ သွားရေကျတာ၊ ဝမ်းချုပ်တာ၊ ညမအိပ်ဘဲ ငိုတာ စတဲ့ အရာတွေကို သူငယ်နာဆိုတဲ့ ဘက်စုံသုံးခေါင်းစဉ်တစ်ခုတပ်ပြီး တိုင်းရင်းဆေးတွေခွံ့တာ၊ ကျားရိုးကို သွေးပြီးတိုက်တာ၊ စပါးကြီးမြွေရဲ့ သည်းခြေကို ခွံ့တာ၊ တချို့ဆိုရင် နံရံပေါ်က ဇောက်ထိုးဆင်းနေတဲ့ အိမ်မြှောင်ကို မီးဖုတ်ပြီးကျွေးတာစတဲ့ လက်မခံနိုင်လောက်အောင် ထူးဆန်းတဲ့အရာတွေကို လုပ်တတ်ကြပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာသာမက မီးဖွားပြီးချိန်ကာလ တစ်လျှောက်လုံး အစားရှောင်ခိုင်းတာ၊ တစ်သက်တာလုံး သူတို့ကျင့်သုံးခဲ့ကြတဲ့အတိုင်း နေထိုင်စားသောက်ဖို့ အတင်းအကြပ် လုပ်ခိုင်းတာမျိုးတွေ ရှိကြပါတယ်။
သူတို့ဟာ ဆေးပညာဗဟုသုတလက်လှမ်းမီမှု နည်းပါးတဲ့ အခြေအနေမျိုးမှာမွေးဖွားကြပြီး၊ အစဉ်အဆက် ကျင့်သုံးခဲ့ကြတဲ့ ရှေးထုံးတွေကြောင့် မွေးကင်းစ ကလေးငယ်ပေါင်းများစွာ အသက်အန္တရာယ်နဲ့ ကြုံရတာ၊ မသန်စွမ်းဖြစ်သွားစေတာ၊ နာတာရှည်ရောဂါနဲ့ တစ်သက်တာလုံး နေထိုင်သွားကြရတာ စတဲ့ ဆိုးကျိုးတွေကို ခံစားကြရတဲ့ သင်ခန်းစာတွေ အများကြီး ရှိပါတယ်။
ဒီလိုအလေ့အကျင့်တွေကို လက်မခံဘဲ၊ ဆရာဝန်နဲ့ သူနာပြုတွေရဲ့ စကားကိုနားထောင် ကျင့်သုံးဖို့ ကြိုးစားတဲ့ အမျိုးသမီးတွေ အတွက်တော့ ဒါက တကယ့်ကို စိတ်ကသိကအောက် ဖြစ်စရာတွေပါ။
ကျမဟာ အမေ၊ အဒေါ်တွေနဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေရဲ့ စကားလုံးတွေကို ပြန်ဆန့်ကျင်မိတာတွေ၊ ကတောက်ကဆတွေ ဖြစ်ခဲ့ရတယ်။ ဆေးရုံက ဆရာဝန်၊ သူနာပြုတွေမှာတဲ့ စကားတွေနဲ့ ဆန့်ကျင်နေတာ တွေမှန်သမျှကို ငြင်းဖို့ ကြိုးစားမိတယ်။ ဖတ်မှတ်မိတဲ့ လက်ကမ်းစာစောင်တွေ၊ စာအုပ်တွေထဲက အချက်အလက်တွေနဲ့ ပြန်ထောက်ပြီး သူတို့ယုံကြည်နေတာတွေ လွဲနေကြောင်းတုန့်ပြန်ရင်း စိတ်ဆိုးဒေါသထွက်တာတွေ မကြာခဏ ဖြစ်ရပါတယ်။
ရက်သား၊ လသားအရွယ်မှာ ကလေးအသက်အရွယ်အပိုင်းအခြားအလိုက်ဖြစ်တတ်တဲ့ သဘာဝတွေကို နားမလည်ဘဲ တိုင်းရင်းဆေးဝါးတွေ ခွံ့ကြတာတွေကြောင့် အူယောင်ပြီး ပေါက်ထွက်မတတ်ပူနေတဲ့ ဗိုက်ကြီးတွေနဲ့ ဆေးရုံတွေကို ရောက်လာတဲ့ကလေးတွေ၊ တိုင်းရင်းဆေးတွေ၊ ရင်လူးဆေးတွေလိမ်းလို့ ပြည်တည်နာဖြစ်ပြီး ဆေးထိုးအပ်နဲ့ ပြည်တွေစုပ်ထုတ်ရတဲ့ ကလေးတွေ၊ ရေချိုးရင်းနဲ့ ကလေးရဲ့ရင်သားကို လက်နဲ့ဖျစ်ညှစ်လို့ ပိုးဝင်ပြီးဆေးရုံရောက်ရတဲ့ ကလေးနုနုနယ်နယ်လေးတွေအကြောင်းကို လူမှုကွန်ရက်ပေါ်က ကလေးဆရာဝန်တွေ မျှဝေထားတဲ့ စာတွေကို ဖတ်မိ၊ မြင်မိ၊ ကြားမိသလောက် ပြောပြဖြစ်ပါတယ်။
နို့တိုက်မိခင် အစားရှောင်ရင် ကလေးအာဟာရချို့တဲ့ရောဂါဖြစ်တတ်လို့ ဆရာမတွေက သွေးတိုးစာ၊ တက်စာ၊ အရက်သေစာ၊ ကွမ်းနဲ့ ဆေးလိပ်တွေကလွဲရင် အာဟာရဖြစ်စေတဲ့ အစားအစာတွေကို စုံအောင် စားခိုင်းတဲ့အကြောင်း သူတို့လာလည်ကြတိုင်း၊ သူတို့နဲ့ ကြုံတိုင်းမှာ မကြာမကြာ ပြန်ပြောပြ ဖြစ်တယ်။ ကလေးပေါင်း ရာထောင်ချီ မွေးပေးဖူး၊ ပြုစုကုသဖူးတဲ့ ဆရာဝန်တွေရဲ့ စကားကိုသာ အတည်ယူမှာ ဖြစ်တဲ့အကြောင်း ခပ်ရှင်းရှင်းပြောပြပြီးတဲ့ နောက်ပိုင်းမှာတော့ ကျမဆီကို သူတို့ သိပ်မလာဖြစ်ကြ တော့ပါဘူး။
ကိုယ်တိုင်သာမက မိတ်ဆွေသူငယ်ချင်းတွေရဲ့ မီးနေသည်ဘဝမှာလည်း ရှေးရိုးစွဲအမေ၊ ရှေးရိုးစွဲ ယောက္ခမ တို့ကြားမှာ မူလက ကောင်းမွန်ခဲ့တဲ့ ဆက်ဆံရေးတွေဟာ ကလေးမွေးပြီး သွားတဲ့အချိန်မှာ ပြောင်းလဲ သွားကြပြီး၊ ပိုဝေးတဲ့ဆက်ဆံရေး ဖြစ်သွားစေတာကို တွေ့ရတယ်။ သမီးနဲ့ မိခင်ကြား၊ ချွေးမနဲ့ ယောက္ခမကြား အိမ်တွင်းပဋိပက္ခတွေ ဖြစ်စေတာဟာ ဒီလို ညှိယူမရတဲ့ အယူအဆတွေကြောင့်လည်း ပါတယ်ဆိုတာ သတိထားမိလာတယ်။ တစ်ခါတရံမှာ ကလေးရဲ့ ဖခင်ကိုယ်တိုင်က ရှေးရိုးစွဲအမူအကျင့်တွေ ကို လက်ခံနေပြီး၊ ကလေးမိခင်ကိုလည်း လိုက်နာဖို့ ဖိအားပေးတာတွေရှိကြတယ်။ ကိုယ့်ဘက်မှာ တစ်ယောက်မှမရှိဘဲ စိတ်ဖိစီးရတဲ့ အဖြစ်အပျက်တွေပါ။
ကျမလေ့လာမိ၊ မြင်ရတွေ့ရသမျှအတွေ့အကြုံတိုင်းမှာ အယူအဆဟောင်းတွေ ကြားထဲက ဖောက်ထွက်ရဲတဲ့ မိခင်တွေကသာ သူတို့ သားသမီးတွေကို ကာကွယ်နိုင်ကြတာကို တွေ့ရပါတယ်။
ဒါပေမယ့် တချို့ မီးဖွားထားတဲ့ သွေးနုသားနု မိခင်ဟာ ကလေးရဲ့ အဘွားဖြစ်သူတွေရဲ့ လွှမ်းမိုးခြင်းကို ခံကြရပါတယ်။ တချို့သော ရှေးထုံးအလွဲတွေကို ဟုတ်လိမ့်နိုးနိုး လိုက်လုပ်မိကြပါတယ်။
“ကလေးသွားရည်ကျရင် ကလေးဆီးသွားထားတဲ့ အဝတ်နဲ့ ပါးစပ်ကို အသက်အောင့်ပြီး သုံးကြိမ်ပွတ်ပစ်ပါ” ဆိုတဲ့ အကြံပြုချက်မျိုးတွေကို ငယ်ရွယ်တဲ့ မိခင်၊ ဖခင်တွေဆီကလည်း ကြားရဖူးပါတယ်။
ဒီလိုလိုက်လုပ်မိတဲ့ သားသည်မအေကိုယ်တိုင်ဟာ နောင်တစ်ချိန်မှာ ကလေးရဲ့ အဘွားနေရာကို ရောက်လာ တယ်။ ယောက္ခမနေရာကို ရောက်လာတယ်။ ပြီးတော့ ကလေးတွေ မွေးဖူးတဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေနေရာကို ရောက်လာပါတယ်။ ဒီအခါမှာ သူ့အလှည့်တုန်းက ကြားဖူးနားဝနဲ့ ကျင့်သုံးခဲ့ရဖူးတဲ့ အမူအကျင့်တွေကို နောက်မျိုးဆက်ဆီကို လက်ဆင့်ကမ်းပါတော့တယ်။
ဒီလိုအဖြစ်မျိုးတွေက နယ်တွေ၊ ကျေးလက်ဒေသတွေ၊ ကျန်းမာရေး အသိပညာပေး အစီအစဉ်တွေနဲ့ လက်လှမ်းမီမှု နည်းပါတဲ့ ဝေးလံခေါင်သီဒေသတွေမှာသာမက မြို့ပြဒေသတွေမှာလည်း ဖြစ်ပျက်နေဆဲပါ။ အပြီးတိုင်ပျောက်ကွယ်ဖို့ဆိုတာ မျိုးဆက်နဲ့ချီလျှောက်ရဦးမယ့် ခရီးဖြစ်ပါတယ်။
ဒါပေမယ့် ဟိုးအရင်ကာလတွေထက်စာရင် အခုနောက်ပိုင်းမှာ လက်ကိုင်ဖုန်းတွေက တစ်ဆင့်၊ လူမှုကွန်ရက် တွေ ကတစ်ဆင့် ကျန်းမာရေးအသိပညာတွေကို လွယ်လွယ်ကူကူရရှိနိုင်နေတာကတော့ အားသာချက်တခုပဲ ဖြစ်ပါတယ်။
နည်းပညာနဲ့ နီးစပ်တဲ့လူကြီးတွေကို နည်းပညာကနေတစ်ဆင့် ခေတ်မီတဲ့ ကလေးပြုစုစောင့်ရှောက်ရေး နည်းလမ်းတွေကို လမ်းပြပေးဖို့၊ နည်းပညာနဲ့ အလှမ်းကွာတဲ့ လူကြီးတွေကိုလည်း ကျိုးကြောင်းဆီလျော်တဲ့ လက်တွေ့အဖြစ်အပျက်တွေကို ထပ်တလဲလဲ ရှင်းပြပြောပြပေးရင်း ရှေးရိုးစွဲသံသရာကို ကိုယ့်ခေတ်မှာ အမြစ်ဖြတ်ပြီး ကိုယ့်မျိုးဆက်ကို ကာကွယ်စောင့်ရှောက်ကြမယ်လို့ ဘဝတူ မိခင်တွေအချင်းချင်း အားပေးလိုက်ရပါတယ်။