သားဦးမိခင်နဲ့ မွေးကင်းစကလေးဦးခေါင်း ဘောက်နှင့်အဆီပြင်ပြဿနာ

Published On: January 27th, 2024|Views: 1940|

ခိုင်ရီရေးသည်

မိခင်ဘဝဖြတ်သန်းမှုတွေမှာ သားဦးမိခင်ဘဝရဲ့အစောဆုံးရက်တွေ၊ အစောဆုံးလတွေကိုဖြတ်သန်းရတာ အခက်အခဲဆုံးနဲ့ စိတ်ဖိစီးမှုတွေ အများဆုံးပဲလို့ဆိုရမှာပါ။

သရုပ်ဖေါ်ပုံ - အေးသီတာကျော်

ကလေးနဲ့ပတ်သက်သမျှ အတွေ့အကြုံအားလုံးဟာ အသစ်အဆန်းတွေချည်းပဲဖြစ်နေတဲ့အခါ ဘယ်အဖြစ် အပျက်ကအရေးကြီးတာလည်း၊ ဘယ်အဖြစ်အပျက်ကအရေးမကြီးဘူးလဲဆိုတာကို ခေါင်းအေးအေးထားပြီး မတွေးတောနိုင်ဘူး။ ကြုံလာသမျှကို စိတ်ဖိစီးမှုအပြည့်နဲ့ စိုးရိမ်ကြောင့်ကြလွန်ကဲပြီး တနည်းနည်းနဲ့ ဖြေရှင်းဖို့တာစူနေမိတယ်။

အဲလို စိုးရိမ်သောကတွေအပြည့်နဲ့သားဦးမိခင်ဘဝမှာ ကျမမှားဖူးတဲ့အတွေ့အကြုံလေးတခုကတော့ မှတ်မှတ်ရရပါပဲ။

ရက်သား၊ လသားကလေးငယ်တွေရဲ့ ဦးခေါင်းမှာ အဖြူရောင်၊ အဝါရောင်၊ အညိုရောင် အပြားလိုက်ကပ်နေတဲ့ ဂျီး(ချေး)ဖတ်တွေကို ကျမ မကြာခဏမြင်ခဲ့ဖူးတယ်။ ကျေးလက်မှာတော့ လူကြီးတွေက ကလေးတွေ နှာစေးမှာစိုးလို့ ကလေးဆေးတို့ဖတ်ကြီးဆိုတဲ့ တိုင်းရင်းဆေးကို လိမ်းကြတယ်။ ကလေးတွေရဲ့ ငယ်ထိပ်နေရာတဝိုက်မှာ မည်းညစ်ညစ်အဖတ်တွေနဲ့ ပြည့်နေတတ်တယ်။ ဒါပေမယ့် ကိုယ်နဲ့မဆိုင်သေးတဲ့အတွက် ဂရုမပြုမိခဲ့ဘူး။ ပြဿနာလို့လည်း မထင်ခဲ့မိဘူး။

ကိုယ်တိုင် ကလေးမွေးပြီးတဲ့အခါမှာတော့ ကျမရဲ့ ရက်သားအရွယ်ကလေးလေးရဲ့ ငယ်ထိပ်တဝိုက်က အဝါရာင် အချပ်အချပ်တွေဟာ ကျမကို စိုးရိမ်ပူပန်စေပါတော့တယ်။

ကလေးရဲ့ ဆံပင်ထူထူတွေကြားထဲကို တခါမှသတိမထားမိတဲ့ကျမဟာ ကလေး ရက် ၂၀ အရွယ်လောက်မှာမှ သူ့ငယ်ထိပ်တဝိုက်ကိုသတိထားမိတယ်။ ငါးအရည်ခွံလို လှိုင်းထနေတဲ့ အဝါဖျော့ဖျော့ရောင် အဖတ်တွေဟာ ကျမကလေးရဲ့ ဦးခေါင်းရှေ့ခြမ်းမှာ အလွှာလိုက်ဖြစ်နေတယ်။

ဦးရေပြားပေါ်မှာတင်မကဘဲ ကလေးရဲ့ နားရွက်နောက်မှာ၊ နှာခေါင်းဘေးမှာ၊ နားထင်မှာ နဖူးတပြင်လုံးမှာ လည်း လက်နဲ့ထိလိုက်ရင် ကြမ်းရှရှအဖြူရောင်အဖတ်တွေက ခပ်ပါးပါးရှိနေတယ်။

ဂျီး(ချေး)တွေလား၊ ဘောက်တွေလား၊ အနာလား၊ အဝါရောင်တွေဆိုတော့ အနာဖေးတွေလား၊ ဒီအဖတ်တွေ အောက်မှာ အနာတွေလား စတဲ့ အတွေးတွေအမျိုးမျိုးနဲ့ ကျမတယောက်တည်း အိပ်မရအောင်သောကတွေ ဖြစ်နေခဲ့တယ်။ အတွေ့အကြုံရှိတဲ့ ကလေးမအေတွေသူကို မေးတော့ “စိတ်မပူနဲ့၊ အုန်းဆီလေးထည့်ပေးပြီး ခေါင်းလျှော်ပေးရင် ပျောက်သွားလိမ့်မယ်” လို့ အကြံပေးကြတယ်။

တချို့ကျတော့လည်း ကိုယ်ဝန်ရှိတုန်း အမျိုးသားနဲ့အတူနေရင် ကလေးမွေးလာတဲ့အခါ ကလေးခေါင်းမှာ အဲ့လို အဆီတွေကပ်ပါလာတတ်တယ် စတဲ့ အပြစ်တင်သလိုလို၊ အကြံပေးသလိုလို မှတ်ချက်ကို ပေးတယ်။ အဲလိုနဲ့ ကျမ ဘယ်သူ့ကိုမှဆက်မမေးဖြစ်တော့ဘူး။

အဝါရောင်အနာဖေးတွေနဲ့ အမြင်ရ ရုပ်ဆိုးနေပေမယ့် ကလေးကတော့ သက်တောင့်သက်သာပါပဲ။ နာကျင်နေတဲ့ပုံစံလည်းမရှိသလို၊ ဂျီကျတာ၊ မှိန်းတာတွေ မရှိဘူး။ ဒါပေမယ့် ကျမစိတ်ထဲမှာတော့ မသက်သာလှဘူး။

ကလေးရဲ့ ငယ်ထပ်နဲ့ ဦးခေါင်းရှေ့ပိုင်းတဝိုက်ကို ခေါင်းလျှော်ပေးဖို့ကြိုးစားပေမယ့် အဲဒီအဖတ်တွေက တို့ဟူးခြောက်တွေကို ရေစိမ်လိုက်သလို ပွလာရုံပဲရှိတယ်။ ကွာကျမသွားဘူး။ နောက်နေ့တွေမှာ ဆက်ပြီးရှိနေတဲ့ ကလေးရဲ့ခေါင်းက အဲဒီ အဖတ်တွေကို လက်သည်းနဲ့ ဆွပြီး ဆွဲခွာမိတယ်။ ဆွဲခွာလိုက်တဲ့ အဖတ်တွေရဲ့အောက်မှာ အနာတွေများ ရှိနေမလားဆိုတဲ့စိတ်နဲ့ လက်က မဝံ့မရဲ။

ကလေးရဲ့ ထူထူထဲထဲ ဆံပင်ငုတ်တိုလေးတွေဟာ အဝါရောင် ဘောက်ဖတ်တွေနဲ့အတူတူ အဆုပ်လိုက် အဆုပ်လိုက် ကျွတ်ပါလာတယ်။ ခေါင်းမှာ ဘောက်ဖတ်တွေ ကွာသွားပြီဆိုရင် ကလေးကို ခေါင်းလျှော် ပေးတယ်။

နဖူးပြင်၊ နားရွက်နောက်နဲ့ နှာခေါင်းဘေးက အဖြူဖတ်လေးတွေကိုလည်း ကလေးလိမ်းတဲ့ သံလွင်ဆီနဲ့ နှူးပြီး ဆွဲခွာတယ်။ နားကြပ်ဂွမ်းတံနဲ့ ဖိပွတ်ပြီး ဖယ်ဖို့ကြိုးစားတယ်။ ရေစိမ်ထားတဲ့ ဂွမ်းလုံးလေးနဲ့ မျက်နှာသစ်ပေးတယ်။ တနေ့တနေ့ ရင်ခွင်ထဲမှာရှိနေတဲ့ ကလေးကို ဂရုတစိုက်နဲ့ မပြတ်တမ်း လုပ်နေမိတာက ခေါင်းနဲ့ မျက်နှာက ဘောက်ဖတ်တွေကို ဆွဲခွာနေမိတာပါပဲ။ ဆွဲခွာလိုက်၊ ခေါင်းလျှော်လိုက်လုပ်ရင်းနဲ့ ပျောက်သွားသလိုလိုနဲ့ နောက် ၂ရက်လောက် နေရင် အသစ်ကစပြီး ပြန်ပေါ်လာ ပြန်တယ်။ ကျမကလည်း အသစ်က ပြန်ပြီး ဆွဲခွာရပြန်တယ်။ တကြိမ်ခွာတိုင်းမှာ ကျမရဲ့ လက်ခုပ်တဖက်နဲ့ အပြည့်ရတဲ့ ဘောက်ဖတ်တွေ၊ ဆံပင်ကျွတ်တွေဟာ သားဦးမအေ ကျမအတွက် တကယ့် သောကဖြစ်စေတဲ့ အရာတွေပါပဲ။

အဲလိုနဲ့ ၂ပတ်လောက်ကြာသွားတဲ့အချိန်မှာ ကျမကလေးရဲ့ ဆံစနဲ့ နဖူးအစပ်တွေနဲ့ နဖူးအစပ်တွေက အရေပြား နုနုကလေးတွေဟာ ဖောင်းပြီးရဲလာတယ်။ အပြင်လူတယောက် ရုတ်တရက်မြင်လိုက်ရင် ထိတ်လန့်သွားမယ့် ရေပြားအသားအရောင်လိုဖြစ်လာတယ်။

နောက်ဆုံးမှာ အိမ်နဲ့အနီးဆုံးက မိသားစုဆရာဝန်ဆေးခန်းဆီကို အပြေးအလွှား သွားရတဲ့အဆင့်ကို ရောက် သွားခဲ့တယ်။ ဆရာဝန်က ကျမကလေးကို ကြည့်လိုက်ပြီး ပိုးဝင်တဲ့လက်ခဏာ ဖြစ်နေတဲ့အတွက် ၁၀ရက်စာ ပိုးသတ်ဆေး ပေးလိုက်မယ့်အကြောင်းပြောတယ်။ ပြီးတော့ တနေ့ ၃ကြိမ်လိမ်းရမယ့် အနာလိမ်းဆေးလေး တမျိုးပေး ပါတယ်။ အခုလို ထပ်ပြီး ဆွဲမခွာဖို့ ပြောတယ်။

ကျမဟာ ဆရာဝန်ပေးလိုက်တဲ့ လိမ်းဆေးကို လိမ်းပြီး ပိုးသတ်ဆေးကို မတိုက်သေးဘဲ စောင့်ကြည့်တယ်။ ကျမကို စိတ်ဖိစီးစေတဲ့ ဘောက်ဖတ်တွေကို လျှစ်လျှူရှုထားလိုက်တယ်။ အထူးသဖြင့် မျက်နှာနဲ့ နားထင်က ဘောက်ဖတ်တွေကို မတို့မထိတော့ဘဲ မမြင်ဟန်ဆောင်ထားလိုက်တယ်။ ရက်ပိုင်းအတွင်းမှာ ကလေးရဲ့ ရဲနေတဲ့ အရေပြားနုနုလေးတွေဟာ ပြန်ပြီး အဆင်ပြေလာတယ်။ ပိုးသတ်ဆေး တိုက်စရာမလိုလိုက်ဘဲ လိမ်းဆေးနဲ့တင် ပုံမှန်အသားအရေလို ဖြစ်လာတော့မှပဲ သားဦးမအေ ကျမဟာ သက်ပြင်းမောကြီး ကျရပါတယ်။

အဲလိုနဲ့ ကလေးအသက် ၄၅ ရက်ပြည့်တော့ ကလေးအထူးကု ဆရာဝန်ကြီးဆီ သွားပြရပါတယ်။ ကျမ ကလေးရဲ့ နဖူးဟာ ချောမွေ့မနေဘဲ ကင်းဗက်စကို ပွတ်ကြည့်ရသလိုပဲ ကြမ်းကြမ်းရှရှဖြစ်နေတယ်။ ကလေးဆရာဝန်ကြီးက ကလေးကိုတလှည့် ကျမကိုတလှည့်ကြည့်ပြီး “အမေရေ၊ ကျမကလေးကို ရှင်ဘယ်လိုများ လုပ်ထားသလဲ၊ မျက်နှာကလည်း ကြမ်းထော်နေတာပဲ”တဲ့။ အပြစ်တင်ခံရတာဆိုပေမယ့် ကလေးအတွက် စေတနာအပြည့်ပါနေတဲ့ ဆရာမကြီးရဲ့လေသံကြောင့် ကျမရင်ထဲ တော်တော်နွေးထွေး ရတယ်။

ကလေးနဖူးအတွက် လိမ်းဆေးလေးတမျိုးပေးတယ်။ လိမ်းပြီး နည်းနည်းကြာရင် ပွတက်လာတဲ့ အဖတ်တွေကို ရေစိုအဝတ်လေးနဲ့ ဆွဲသုတ်လိုက်ရင် ဂျီး(ချေး)တွေလို အလိတ်လိုက် ပါသွားတယ်။ ၃ရက်ပြည့်တဲ့နေ့မှာ ကလေးရဲ့ မျက်နှာဟာ ချောမွေ့ပြီး အရင်ရက်တွေက သူမဟုတ်ခဲ့သလိုပဲ အားလုံး ပျောက်သွားတော့တယ်။

ကလေးလည်း ၁လခွဲလောက်ရောက်လာ၊ ကလေးနဲ့လည်း နေသားတကျဖြစ်စပြုလာတဲ့ ကျမဟာ အဲဒီအချိန်ရောက်တော့မှ အင်တာနက်မှာ ကလေးခေါင်းက ဘောက်ပြဿနာနဲ့ပတ်သက်တဲ့ အချက်အလက် တွေ လိုက်ရှာဖတ်မိတယ်။ လွယ်လွယ်နဲ့ စုံအောင်ရှာမတွေ့ဘူး။ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနဲ့ ပတ်သက်တဲ့ စာမျက်နှာတွေ၊ ဆေးဆိုင်စာမျက်နှာတွေ၊ ဆရာဝန်တွေရဲ့ စာမျက်နှာတွေပြီးတော့ မိဘတွေအချင်းချင်း အသိအမြင် အပြန်အလှန်ဖလှယ်ကြတဲ့ အဖွဲ့တွေဆီမှာ နေရာအနှံ့ လိုက်ရှာဖတ်ကြည့် မိပြီးတဲ့နောက်မှာတော့ ကလေးဦးခေါင်းအဆီပြင်နဲ့ ဘောက်ပြဿနာဆိုတဲ့ အချက်ကို တွေ့လိုက်ရတော့တာ ပါပဲ။

မွေးကင်းစကလေးတွေမှာ ကြုံရတတ်တဲ့ ဦးခေါင်းအဆီပြင်နဲ့ ဘောက်ပြဿနာ(Cradle Cap)ဆိုတာ ယားယံတာ၊ နာကျင်တာတွေမရှိလို့ မိဘတွေအတွက် စိတ်ပူစရာမဟုတ်ပါဘူးတဲ့။ လသားအရွယ် ကလေးတွေမှာ အတွေ့ရများပြီး၊ ကလေးအသက် ၃ ပတ်ကနေ ၁ နှစ်အတွင်း မကြာခဏ ဖြစ်လေ့ရှိတယ်လို့ သိရတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မိခင်ရဲ့ဟော်မုန်းတစ်ချို့ဟာ သန္ဓေသားဆီကို ရောက်ရှိသွားပြီး မွေးဖွားလာတဲ့အခါ ကလေးရဲ့ အဆီဂလင်းတွေကနေ အဆီတွေ လိုအပ်တာထက် ပိုထုတ်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကလေးအယောက် ၁၀၀ မှာ ၁၀ ယောက်လောက်ထိဖြစ်လေ့ရှိပြီး၊ ၁ နှစ်ကျော်တဲ့အထိ ဆက်ဖြစ်နေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်တယ်လို့ မှတ်သားရပါတယ်။

နောက်တချက်ကတော့ Malassezia ဆိုတဲ့ မှိုရောဂါတမျိုးလို့လည်း ဖော်ြပထားတာတွေ့ရတယ်။ ပုံမှန်အတိုင်းလည်း အရေပြားမှာ ရှိတတ်ပြီး ပုံမှန်ထက် ပိုပွားများလာတဲ့အခါ Cradle Cap ဖြစ်တတ်တယ်လို့ဆိုပါတယ်။

နောက်တခုက မိဘတွေအနေနဲ့ မွေးကင်းစကလေးငယ်ကို ရေချိုး၊ ခေါင်းလျှော်လုပ်ပေးရမှာကို စိုးရိမ်တဲ့အတွက် ပုံမှန် ခေါင်းမလျှော်ပေးရင်လည်း ဖြစ်တတ်တယ်။

အဓိက အကြံပေးထားတာကတော့ Cradle Cap ဖြစ်လာရင် ပိုးဝင်နိုင်တဲ့အတွက် လက်နဲ့ဆွဲမခွာဖို့၊ အားနဲ့ မကုတ်ခြစ်ဖို့၊ ခေါင်းလျှော်တဲ့အခါ ကွာချင်ဇောနဲ့ အတင်းမလျှော်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဦးရေပြားမှာ မာတောင့်ပြီး ကပ်နေတဲ့ အဆီပြင်အဖတ်တွေ ပျော့ပြောင်းသွားအောင် အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ အုန်းဆီလိုအရာမျိုးလိမ်းပြီး၊ မိနစ်နည်းနည်းကြာတဲ့အခါ ဘီးနုနုနဲ့ စက်ဝိုင်းပုံံစံလေး ဖြီးခိုင်းပါတယ်။

အဲလိုနည်းနဲ့ တဖြည်းဖြည်းနဲ့ ပါးပြီး ပျောက်သွားတတ်သလို၊ တနှစ်အတောအတွင်း ပေါ်လိုက် ပျောက်လိုက်ဖြစ်တတ်တာမို့ စိတ်မပူဖို့ ရေးသားထားကြတာကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျမဖြတ်သန်းခဲ့ရတဲ့ စိုးရိမ်ပူပင်မှုတွေဟာ လုံးဝ ကုန်စင်အောင် ပျောက်ပြယ်သွားပါတော့တယ်။

သားဦးမအေတယောက်အနေနဲ့ ကျမရဲ့ နားမလည်မှုတွေကြောင့် ရက်သားနုနုအရွယ်လေးမှာ ပိုးသတ်ဆေးတွေ သောက်ရမယ့်အဆင့်အထိရောက်စေခဲ့တဲ့ ဒီအတွေ့အကြုံကတော့ ကျမအတွက် အမြဲအမှတ်တရဖြစ်နေမယ့် အတွေ့အကြုံတခုပါပဲ။

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ