Skip to content
Ads Advertisement

ကလေးအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဆိုင်ရာရောဂါများအကြောင်းသိကောင်းစရာ

အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဟာ မြန်မာနိုင်ငံမှာ အသက်ငါးနှစ်အောက်ကလေးတွေမှာ အဖြစ်အများဆုံးနဲ့ သေဆုံးမှုအများဆုံး ရောဂါဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းမှာ အသက်ရှူလမ်းကြောင်းအထက်ပိုင်းပိုးဝင်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ အသက်ရှူလမ်းကြောင်းအထက်ပိုင်းကို အလွယ်နည်းအားဖြင့် နား၊နှာခေါင်းနဲ့ အသံအိုးအထိလို့ မှတ်သားလို့ရပြီး လေပြွန်ကစပြီး အဆုတ်တစ်ခုလုံးကို အသက်ရှူလမ်းကြောင်းအောက်ပိုင်းလို့ အကြမ်းအားဖြင့်မှတ်သားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းအထက်ပိုင်း ပိုးဝင်ခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပြီး များသောအားဖြင့် မပြင်းထန်ပါဘူး။ ပုံမှန်အားဖြင့် တစ်ပတ်လောက်ထိ ရောဂါလက္ခဏာ ခံစားရနိုင်ပြီး ပြန်လည်သက်သာကောင်းမွန်လာပါတယ်။  အသက်ရှူလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်းဟာ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ မှိုတွေကြောင့် အဖြစ်များပြီး ကလေးမှာအဆုတ်ရောင်နမိုးနီးယား ရောဂါခံစားရပြီး သာမန်ဖျားနာခြင်းကနေ အသက်အန္တရာယ်ခြိမ်းခြောက်သည်အထိ ပြင်းထန်နိုင်ပါတယ်။

https://myanhealth.org/wp-content/uploads/2024/05/Acute-respiratory-tract-infections-in-Children_img2-1024×536.jpg

ရောဂါလက္ခဏာများ

အသက်ရှူလမ်းကြောင်းပိုးဝင်တဲ့အခါ ကလေးတွေမှာ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားနာခြင်း၊ ကိုယ်ပူခြင်း၊ နှုံးခြင်းနဲ့ နွမ်းနယ်ခြင်းစတဲ့ ရောဂါလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။

အဆုတ်ရောင်နမိုးနီးယားဖြစ်လျှင် အထက်ပါရောဂါလက္ခဏာအပြင် အသက်ရှူမြန်ခြင်း၊ အသက်ရှူရ ခက်ခဲခြင်းတွေ ရှိနိုင်ပါတယ်။

ပြင်းထန်/အလွန်ပြင်းထန်အဆုတ်ရောင်နမိုးနီးယားဖြစ်လျှင် အထက်ပါရောဂါလက္ခဏာတွေအပြင် အန္တရာယ် လက္ခဏာများဖြစ်တဲ့ တရွှီရွှီမြည်သံ ကြားရခြင်း၊ အလွန်မှိန်းခြင်း၊ အသက်ရှူလိုက်တိုင်း ရင်ဘတ်ချိုင့်ဝင်သွားခြင်း၊ အစာဝင်တိုင်းအန်ခြင်းနဲ့ လျှာနဲ့နှုတ်ခမ်းတွေပြာလာခြင်း စတာတွေဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေတွေ့နေရပြီ ဆိုရင်တော့ ကလေးအတွက် အသက်အန္တရာယ်ရှိနေပြီဖြစ်တဲ့အတွက် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်း (သို့) ကျန်းမာရေးဆေးပေးခန်းကို အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

ဆောင်ရွက်ရန်များ

  • ကလေးကိုအနားယူခိုင်းပါ။
  • အရည်များများတိုက်ပါ။
  • အစာပုံမှန်အတိုင်းကျွေးပါ။
  • ကလေးကိုယ်ပူပါက ပါရာစီတမောတိုက်ကျွေးပေးပါ။
  • ချောင်းဆိုးပါက ကလေးချောင်းဆိုးပျောက်ဆေးတိုက်ကျွေးပေးနိုင်ပါတယ်။
  • အန္တရာယ်လက္ခဏာများကိုစောင့်ကြည့်ပါ။

ရှောင်ရန်များ

  • မိမိသဘောအရ ပိုးသတ်ဆေး(ပဋိဇီဝဆေး) မတိုက်ကျွေးရပါ။
  • ကလေးအနားမှာ ဆေးလိပ်မသောက်ရပါ။

ကာကွယ်ရန်

  • နှစ်စဉ်ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပါ။
  • နှာချေ၊ချောင်းဆိုးတိုင်း နှာခေါင်းနှင့်ပါးစပ်ကိုအုပ်၍ဆိုးပါ။ အသုံးပြုပြီးသော တစ်ရှူးစများကို စနစ်တကျ စွန့်ပစ်ပါ။
  • လက်ကို ဆပ်ပြာနဲ့ရေအသုံးပြုပြီး မကြာခဏဆေးကြောပါ။
  • ကလေးအသက်အလိုက် ထိုးရမယ့်ကာကွယ်ဆေး အပြည့်ထိုးပါ။
  • ကလေးကိုအာဟာရပြည့်ဝအောင် ဂရုတစိုက်ကျွေးမွေးပါ။

မှတ်ချက်

ပြင်းထန်အဆုတ်ရောင်နမိုးနီးယားရောဂါဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်သူမှုပေးသူအနေနဲ့ ကလေးမှာ အဆုတ်ရောင်နမိုးနီးယားလက္ခဏာ တွေ့ရတယ်ဆိုရင် ပိုးသတ်ဆေးတိုက်ကျွေးဖို့ ညွှန်ကြားလာနိုင်ပါတယ်။ ပိုးသတ်ဆေးတွေဟာ ဆေးပတ်လည်အောင် တိုက်ပေးပါမှ ထိရောက်တဲ့ အာနိသင်ရရှိမှာဖြစ်ပြီး ဆေးယဉ်ပါးမှု အန္တရာယ်ကိုပါ လျှော့ချပေးနိုင်မှာ ဖြစ်တဲ့အတွက် ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာတိုက်ကျွေးရပါမယ်။

References

Myanmar SRMNCAH factsheet/WHO

Lower respiratory tract infections: What to know

Overview of respiratory tract infection in Children

Upper respiratory tract infection

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement