Skip to content
Ads Advertisement

လိပ်ခေါင်းရောဂါအကြောင်း သိကောင်းစရာ

(Dr. Yen Bi Ter ရေးသားသည်)

လိပ်ခေါင်းရောဂါ (Hemorrhoids) ဆိုတာ လူတိုင်း ကြားဖူးနားဝရှိပြီးသား ဖြစ်ပေမယ့် လူသိရှင်ကြားပြောဖို့ ရှက်တတ်ကြတဲ့ ရောဂါပါ။ 

လိပ်ခေါင်းရောဂါမှာ အစာဟောင်းအိမ် (စအိုနားနီးရှိ အူမကြီး) အတွင်းထဲဖြစ်တဲ့ “အတွင်းလိပ်”နဲ့ စအိုနားတဝိုက်မှာ ဖြစ်တဲ့ “အပြင်လိပ်” ဆိုပြီး နှစ်မျိုး ရှိပါတယ်။ လက္ခဏာတွေကတော့ ဝမ်းသွားတဲ့အခါ သွေးပါလာတာ၊ စအိုဝ တဝိုက် နာကျင်တာ၊ ယားယံတာနဲ့ စအိုတစ်ဝိုက် အလုံးထွက်တာတွေ ဖြစ်ပါတယ်။ တခါတရံမှာ အစာဟောင်းအိမ်ထဲမှာ ဖြစ်တဲ့ အတွင်းလိပ်ခေါင်းဆိုရင် သွေးထွက်တာလောက်ပဲ ရှိတတ်ပေမယ့် အပြင်လိပ်ခေါင်းဆိုရင်တော့ နာကျင်မှုက ပိုဆိုးတတ်ပါတယ်။

တကယ်တော့ လူအများစု ထင်နေကြသလို လိပ်ခေါင်းရောဂါဟာ အစပ်စားလို့ ဖြစ်တာ မဟုတ်ပါဘူး။ အစပ်က ယားယံမှုကို ပိုဆိုးစေနိုင်ပေမယ့် အဓိကအကြောင်းအရင်းကတော့ ဝမ်းချုပ်တာပါ။ ဝမ်းချုပ်တာကြောင့် ဝမ်းသွားတဲ့အခါ အားစိုက်ညှစ်ရတာ၊ အိမ်သာမှာ အချိန်ကြာမြင့်စွာ ထိုင်ရတာ၊ အမျှင်ဓါတ်စားသုံးတာ နည်းတာတွေကြောင့် ဖြစ်ပွားလေ့ ရှိပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အဝလွန်သူတွေမှာ ပို အဖြစ်များတတ်ပါတယ်။

သတိထားရမှာကတော့ စအိုက သွေးဆင်းတိုင်း လိပ်ခေါင်းရောဂါ သတ်သတ်လို့ ယူဆလို့မရပါဘူး။ သွေးအလွန်အကျွံဆင်းတာ၊ ဗိုက်နာတာ၊ ဝမ်းသွားပုံမမှန်တာ (ဝမ်းချုပ်လိုက်/လျောလိုက်ဖြစ်တာ)၊ ကိုယ်အလေးချိန် ကျသွားတာတွေရှိရင်တော့ အူမကြီးကင်ဆာလိုမျိုး တခြားကြီးမားတဲ့ ရောဂါတွေ ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အသက် ၄၅ နှစ်အထက်တွေဆိုရင် ပိုပြီးဂရုစိုက်သင့်ပါတယ်။

လိပ်ခေါင်းရောဂါကို ကုသတဲ့နေရာမှာ ရောဂါပြင်းထန်မှု အဆင့်ပေါ်မူတည်ပြီး ကုသပုံ ကွာခြားသွားပါတယ်။ ဆရာဝန်တွေကတော့ လိပ်ခေါင်းကို အဆင့် (၁) ကနေ (၄) အထိ သတ်မှတ်လေ့ ရှိပါတယ်။

အဆင့် (၁) နဲ့ (၂) လိုမျိုး အလုံးက အပြင်ထွက်မလာသေးတာ၊ ထွက်လာရင်လည်း သူ့အလိုလို ပြန်ဝင်သွားတဲ့ အဆင့်တွေမှာတော့ ခွဲစိတ်စရာ မလိုပါဘူး။ ဒီအဆင့်တွေမှာ ဝမ်းမချုပ်အောင် အစားအသောက်ဆင်ခြင်နည်းတွေ၊ ရေများများသောက်တာ၊ ဆေးသောက်တာတွေနဲ့ ကုသနိုင်သလို နိုင်ငံတကာမှာတော့ လိပ်ခေါင်းကို ရာဘာကွင်းနဲ့ စည်းနှောင်ပြီး ရှုံ့သွားအောင် ပြုလုပ်တာ၊ ဆေးထိုးကုသတာ စတဲ့နည်းလမ်းတွေနဲ့ ပျောက်ကင်းအောင် ကုသကြပါတယ်။ 

ဒါပေမဲ့ အလုံးဟာ သူ့ဖာသာ ပြန်မဝင်ဘဲ လက်နဲ့ ပြန်သွင်းမှ ဝင်တဲ့ အဆင့် (၃) နဲ့ လုံးဝ ပြန်သွင်းလို့ မရတော့တဲ့ အဆင့် (၄) ဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်လာပါပြီ။ ခွဲစိတ်တဲ့အခါမှာ ရိုးရိုးခွဲစိတ်ခြင်းနဲ့ Stapler ဆိုတဲ့ ပစ္စည်းအသုံးပြုတဲ့ ခွဲစိတ်ခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါပေမဲ့ ဘယ်အဆင့် ဖြစ်နေပါစေ ရောဂါလက္ခဏာတွေက တစ်ပတ်ထက် ပိုကြာနေမယ်၊ နာကျင်မှုက ပြင်းထန်မယ်ဆိုရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အချုပ်အားဖြင့် ပြောရရင် လိပ်ခေါင်းရောဂါဟာ ရှက်စရာရောဂါ မဟုတ်ဘဲ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ရေ များများသောက်၊ အသီးအရွက် များများစားပြီး ဝမ်းမှန်အောင်နေမယ်ဆိုရင် ဒီရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

#လိပ်ခေါင်းရောဂါ

#အူမကြီးကင်ဆာ

#ဝမ်းချုပ်ခြင်း

References

  1. Hemorrhoids overview, Cleveland Clinic — structure, symptoms. 
  2. NIDDK: symptoms, causes, and treatment of hemorrhoids. 
  3. Mayo Clinic: hemorrhoids — causes, symptoms, and advice. 
  4. MedlinePlus: symptom differences in hemorrhoids. 
  5. Case-based learning: haemorrhoids – The Pharmaceutical Journal

 

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement