မတ်လလယ်မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အလျင်အမြန် ကူးစက်ပျံ့နှံ့နေသော ဝက်သက်ရောဂါကြောင့် အများစုမှာ ကလေးငယ်များဖြစ်သည့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ၎င်းသည် နိုင်ငံ၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဝက်သက်ရောဂါ ကူးစက်မှုလှိုင်း ဖြစ်လာနိုင်သည်။
ဝက်သက်ရောဂါသည် လေထဲမှတစ်ဆင့် အလွန်ကူးစက်လွယ်သော ရောဂါတစ်ခုဖြစ်ပြီး ပြင်းထန်သော နောက်ဆက်တွဲ ရောဂါများနှင့် သေဆုံးမှုအထိ ဖြစ်ပွားစေနိုင်ပါသည်။
တွေ့ရလေ့ရှိသော လက္ခဏာများမှာ –
• ဖျားခြင်း (အဖျားကြီးခြင်း)
• မျက်စိနာခြင်း၊ မျက်စိနီခြင်းနှင့် မျက်ရည်ပူကျခြင်း
• ချောင်းဆိုးခြင်း
• နှာချေခြင်း တို့ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး၌ ဝက်သက်ရောဂါကြောင့် လူပေါင်း ၉၅,၀၀၀ ခန့် သေဆုံးခဲ့ရပြီး အများစုမှာ အသက် ၅ နှစ်အောက် ကလေးငယ်များ ဖြစ်ကြသည်။
ဝက်သက်ရောဂါကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့် တားဆီးနိုင်သော်လည်း ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ရန်အတွက် လူဦးရေ၏ ၉၅ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေး ထိုးနှံထားရန် လိုအပ်ကြောင်း WHO က ဆိုသည်။
၎င်းရောဂါသည် လေထဲမှတစ်ဆင့် လွင့်စင်လာသော အစက်အမှုန်များနှင့် ရောဂါပိုးရှိသော မျက်နှာပြင်များကို ထိတွေ့မိခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး၊ ကိုယ်ခံအားမရှိသူတစ်ဦးသည် ရောဂါပိုးနှင့် ထိတွေ့မိပါက ၉၀ ရာခိုင်နှုန်းအထိ ကူးစက်နိုင်ခြေ ရှိပါသည်။ အကောင်းဆုံးသော ကာကွယ်နည်းမှာ MMR (ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျာမန်ဝက်သက်) ကာကွယ်ဆေး ထိုးနှံခြင်းပင် ဖြစ်ပါသည်။
Ref: BBC