Skip to content
Ads Advertisement

ကမ္ဘာ့ဆေးဘက်ဆိုင်ရာ ခေတ်ရေစီးကြောင်း (၂၀၂၆)

လူတွေရဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံ၊ ပြောင်းလဲလာတဲ့ ရာသီဥတု၊ တိုးတက်လာတဲ့ နည်းပညာဖွံ့ဖြိုးမှုတွေက တခြားကဏ္ဍတွေအပြင် ဆေးပညာနဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍအပေါ်လည်း ကျွဲကူး ရေပါ ဆိုသလို သက်ရောက်မှု ကြီးကြီးမားမား ရှိပါတယ်။ သက်ရောက်မှုကြီးခြင်းကပင်လျှင် အရင့်အရင်က မရှိခဲ့ဖူးတဲ့ ခေတ်ရေစီးကြောင်းတွေကို ပုံဖော်ပေးနေတ​ယ်လို့ Willis Towers Watson (WTW) က သတိပေးထားပါတယ်။ WTW ဟာ ကျန်းမာရေး အာမခံနဲ့ အတိုင်ပင်ခံဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိကပိုင် အဖွဲ့အစည်းကြီးဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၃၈ မှာ ကိုယ်ပိုင်ရုံး၊ ကိုယ်စားလှယ်ရုံးတွေနဲ့ လည်ပတ်နေတာပါ။

သက်ရောက်မှုတွေက ကျန်းမာရေးကဏ္ဍအတွက် ခေတ်ရေစီးကြောင်း (Trends) တွေကို ဖန်တီးပေးနေပြီး တချို့ဟာ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှု၊ လူတွေရဲ့ ကျန်းမာရေး အသိ၊​ ဗဟုသုတက လာတာ ဖြစ်ပေမယ့် အုပ်ချုပ်သူအာဏာပိုင်တွေနဲ့ သူတို့ ပြဋ္ဌာန်းကျင့်သုံးတဲ့ မူဝါဒတွေကြောင့်လည်း ဖြစ်တယ်လို့ WTW က ဆိုထားပါတယ်။ အခု ၂၀၂၆ ခုနှစ်အတွက် ကျန်းမာရေးဆိုင်ရာ ရေစီးကြောင်းကြီး (Trend) ဖြစ်လာစေမယ့် အဓိက အချက် ငါးခုကို WTW က ဖော်ထုတ်ထားပါတယ်။ ဒီလို ဖော်ထုတ်မှုကို တစ်ကမ္ဘာလုံးအခြေအနေအရ မြင့်တက်လာတဲ့ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်တွေနဲ့ ခေတ်ရေစီးကြောင်းအပေါ် လွှမ်းမိုးနေတဲ့အချက်တွေအပေါ် အခြေခံပြီး ဆန်းစစ်ထားတာ ဖြစ်ပါတယ်။ WTW ဟာ နှစ်အလိုက် ဖြစ်တန်ခြေရှိတဲ့ Trend တွေကို သုတေ သန လုပ်ပြီး ထုတ်ပြန်နေကြအဖွဲ့လည်း ဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်မြင့်တက်မှုဟာ အနာဂတ် ကျန်းမာရေးဆိုင်ရာရေစီးကြောင်းတွေအပေါ် အများကြီး မူတည်နေတာကို ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်ဟာ ကမ္ဘာနဲ့တဝန်း မြင့်တက်နေပြီး ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ သုံးနှစ်စာ ခန့်မှန်းချက်အရ သုံးနှစ်အတွင်း ၀ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်နေတာ ဖြစ်ပါတယ်။​ ဒီလိုမြင့်တက်မှုဟာ လက်တင်အမေရိက၊ မြောက်အမေရိက၊ အာရှ-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတွေ မတူညီတဲ့ ပမာဏစီနဲ့ ကြုံနေရပေမယ့် ပြည်သူ့ကျန်းမာရေးကဏ္ဍအပေါ် အစိုးရစိုက်ထုတ်မှုများတဲ့ ဥရောပမှာတော့ ၂၀၂၄ ကထက် ၂၀၂၆ ခုနှစ်မှာ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကရဲ့ သုံးနှစ်တာ ကွာခြားချက်ဟာ ၂ ဒသမ ၈၀ အထိ မြင့်တက်လာမှာဖြစ်ပြီး လက်တင်အမေရိက ၂ ဒသမ ၃ ၊ အာရှ-ပစိဖိတ်ဟာ ၂ ဒသမ ၂ အထိ မြင့့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကို ကြည့်ရင် ကမ္ဘာမှာ ဥရောပကလွဲရင် ကျန်တဲ့ ဒေသကြီးတွေရဲ့ ဆေးဘက်ဆိုင်ရာ ကုန်ကျမှုစရိတ်ဟာ အဆင်းမရှိဘဲ အတက်နဲ့ချည်း ရင်ဆိုင်နေရတဲ့ အခြေအနေပါ။

**ကမ္ဘာ့ဇုန်ကြီးများအလိုက် နှစ်စဉ် တက်လာနေသည့် ကျန်းမာရေးကုန်ကျစရိတ်များ (ပုံ-၁)**

အခုလိုမျိုး ဆေးဘက်ဆိုင်ရာကုန်ကျစရိတ် ပမာဏ မြင့်တက်လာတာဟာ အကြောင်းအရင်းတစ်ခု တည်းကြောင့် မဟုတ်ဘူးလို့ WTW က ယုံကြည်ပါတယ်။​ ဒါကြောင့် ဒေသအလိုက် ဒီလိုဖြစ်စေတဲ့ အဓိက အ ကြောင်းအရင်း သုံးခုစီကို ရှာဖွေဖော်ထုတ်ခဲ့ပါတယ်။ ဒီလို ဖော်ထုတ်ရာမှာလည်း ဆေးပညာကဏ္ဍ တိုးတက်မှု၊ ပြည်သူ့ကျန်းမာရေးစနစ်နှင့် ကုန်ကျစရိတ် ခွဲဝေမှု အခြေအနေ၊ ပံ့ပိုးမှုနှင့် အာမခံ၊ အလွဲသုံးစားမှု စတာတွေကို အခြေခံခဲ့ပါတယ်။ WTW က ဒီလိုမျိုး ဆန်းစစ်ခဲ့တာဟာ ကမ္ဘာအနှံ့က အဖွဲ့အစည်းတွေဟာ အန္တရာယ်ရှိနိုင်မှု၊ ရင်းနှီးမြှုပ်နှံမှု စတဲ့ နယ်ပယ်တွေဟာ အားကောင်းမောင်းသန်ဖြစ်ဖို့၊ လုပ်သားအင်အားတွေရဲ့ စွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးဖို့ အချက်အလက်နဲ့ ဖြေရှင်းချက်တွေကို ရှာဖွေဖော်ထုတ်နေတဲ့ အဖွဲ့တစ်ခု ဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။ ဒေသအခြေပြုလိုက် ဆန်းစစ်ပြီးတဲ့နောက် ဆေးဘက်ဆိုင်ရာကုန်ကျစရိတ် မြင့်မားရမှုနဲ့ ဆက်စပ် တဲ့ အချက်အလက်တွေ (ပုံ – ၂) ကို ဖော်ထုတ်ခဲ့ပါတယ်။

WTW ရဲ့ ဆန်းစစ်ချက်အရ အာရှ-ပစိဖိတ်ဇုန်မှာ ပါတဲ့ မြန်မာနိုင်ငံဟာ ဆေးဘက်ဆိုင်ရာနည်းပညာအသစ်နဲ့ ဆေးဝါးဗေဒဆိုင်ရာ တိုးတက်မှုတွေမှာ အားကောင်း မောင်းသန်မရှိပေမယ့် ကုန်ကျစရိတ် ခွဲဝေမှု အနည်းငယ် (သို့) လုံးဝမရှိခြင်း ဆိုတဲ့ ကဏ္ဍမှာတော့ ဒုတ်ဒုတ်ထိ မှန်ကန်နေတာကို တွေ့ရပါတယ်။​ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းစာရင်းဝင် မြန်မာမှာ လူဦးရေအများစုဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကိုယ်တိုင်ကုန်ကျခံရတဲ့နည်းလမ်း (Out of Pocket Payment) ကိုသာ အလေးထားနေရဆဲ ဖြစ်သလို နိုင်ငံ့လူဦးရေ ၅၅ သန်းထဲက ခြောက်သိန်းကျော်လောက်ကသာ ကျန်းမာရေးအာမခံစနစ်ထဲမှာ ရှိနေတယ်လို့ ပြန်ကြားရေးထုတ် “မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းနှင့် လွှမ်းမိုးသောအချက်များ” ဆောင်းပါးမှာ ပါရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကျန်းမာရေးကုန်ကျ စရိတ်မှာ လူထုစိုက်ထုတ်ရမှုဟာ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကျော်ပဲ​ ရှိသင့်တယ်လို့ သတ်မှတ်ထားပေမယ့် တကယ်တမ်း မြန်မာလူထုဟာ ၇၀ ရာခိုင်နှုန်းကျော်အထိ စိုက်ထုတ်ကျခံ သုံးစွဲနေရဆဲပါ။

WTW အဖွဲ့က ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ် မြင့်မားလာမှုနဲ့ ကမ္ဘာ့ဇုန်အလိုက် ဒါတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ဆန်းစစ်ပြီးတဲ့အခါ ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့ရေစီးကြောင်းတွေအတွက် အရေးပါတဲ့ အချက်ငါးခုကိုလည်း ထုတ်ပြန်ထားပါတယ်။​ ဒီအချက် ငါးခုဟာ ၂၀၂၆ အတွက်သာမက နောင်လာမယ့်နှစ်တွေ ရဲ့ ဆေးပညာကုန်ကျစရိတ် မြင့်မားမှုတွေအတွက် ထည့်သွင်းစဉ်းစားရမယ့် အရေးပါတဲ့အချက်တွေ ဖြစ်ပါတယ်။

**S အခွန်အကောက်နှင့် ကုန်သွယ်မှုဆိုင်ရာ မူဝါဒများ**

စျေးကွက်အများစုကို ထိခိုက်စေသည့် အမေရိကန်၏ အခွန်အကောက်များကြောင့် စျေးကွက်မတည်ငြိမ်မှုကို မြင့်လာစေသည့်အပြင် လာမယ့် သုံးနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်တွေ တိုးလာမယ်လို့ ကမ္ဘာတစ်ဝန်း အာမခံကုမ္ပဏီရဲ့ ၈၁ ရာခိုင်နှုန်းက ခန့်မှန်းထားပါတယ်။ အဓိက စိုးရိမ်ရတာက ကုန်သွယ်မှုအတားအဆီးတွေ တိုးလာပြီး ဆေးဝါးနဲ့ ဆေးပစ္စည်းတွေအတွက် ကုန်ကျစရိတ် ထပ်တိုးလာတာ၊ ဒီ့အတွက် အာမခံပရီမီယံကြေးပါ မြင့်လာပြီး ထောက်ပံ့ရေးကွင်းဆက် ပြတ်တာနဲ့ ဆေးရုံနဲ့ ဝန်ဆောင်မှုပေးသူတွေရဲ့ လုပ်ငန်းလည်ပတ်ကုန်ကျစရိတ်အပေါ် သက်ရောက်ကြီးမားသွားမှာကို ဖြစ်ပါတယ်။ ဒီဘဏ္ဍာရေးဆိုင်ရာ ဖိအားတွေဟာ ပိုပြီးကျယ်ပြန့်တဲ့ စီးပွားရေးနဲ့ ကျန်းမာရေး ပါတဲ့ လူမှုရေးဆိုင်ရာအပေါ် သက်ရောက်မှု၊ ရိုက်ခတ်မှုကြီးပြီး အသက်အာမခံ ပရီမီယံကြေးတိုးခြင်းဟာ အ လုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးစလုံးရဲ့ ထည့်ဝင်နိုင်ခြင်း တတ်နိုင်မှုအပေါ်တွင်သာမက တချို့စျေးကွက်တွေမှာ အဖွဲ့လိုက် ဖောက်သည်နည်းသွားတာ၊​ ကော်ပိုရိတ်ဝင်ငွေ လျော့ကျတာတွေကိုပါ ဖြစ်စေတာမို့ အာမခံကုမ္ပဏီတွေရဲ့ အမြတ်အစွန်းနဲ့ ဝန်ဆောင်နိုင်မှုကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။

**S မျိုးပွားခြင်းနှင့် မိသားစုစီမံကိန်း ဝန်ဆောင်မှုကဏ္ဍ တိုးတက်လာခြင်း**

ပုံမှန်အတိုင်း သားသမီး မရနိုင်တဲ့ ဇနီးမောင်နှံတွေအတွက် မျိုးပွားခြင်းဆိုင်ရာကိစ္စဟာ အာမခံကုမ္ပဏီပေါင်း ၆၆ ရာခိုင်နှုန်းရဲ့ ဆေးဘက်ဆိုင်ရာ အာမခံအစီအစဉ်တွေထဲကနေ ဖယ်ထုတ်ခံထားဆဲ ဖြစ်ပေမယ့် မိသားစုစီမံကိန်း လိုအပ်ချက်ကြောင့် သူ့ရဲ့ အကျုံးဝင်မှုဟာ တိုးတိုးလာနေပါတယ်။ အထူးကု အတိုင်ပင်ခံဝန်ဆောင်မှုအဖြစ် အာမခံကုမ္ပဏီ ၃၃ ရာခိုင် နှုန်းက ဒါကို အာမခံစနစ်နဲ့ ဝန်ဆောင်မှုပေးနေပြီး ဆေးဝါးနဲ့ ကုသမှုအတွက် ၂၇ ရာခိုင်နှုန်း၊ ဆေးပညာအရ “In Vitro Fertilization” – မြန်မာလို ဖန်ပြွန်ကုထုံးနဲ့ ကုသမှုအတွက် ၂၅ ရာခိုင်နှုန်းအထိ အကျိုးခံစားခွင့်ပေး ထားသလို ဒါဟာ ကမ္ဘာတစ်ဝန်းမှာ ခေတ်စားလာသလို စစ်တမ်းမှာ ပါတဲ့ ကမ္ဘာ့ဒေသကြီးလေးခုစလုံးမှာ ဒီဝန် ဆောင်မှုကို ပေးနေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့က ရန်ကုန် ဗဟိုအမျိုးသမီဆေးရုံမှာလည်း ဇနီးမောင်နှံ ၁၂ ခုအတွက် ၂၀၂၆ ခုနှစ် ဧပြီနဲ့ မေလအတွင်းက IVF နည်းသုံးပြီး ကလေးရနိုင်ဖို့ ဆောင်ရွက်ပေးထားတယ်လို့ ဆေးရုံဘက်ကနေ သိရပါတယ်။

**S စရိတ်နှစ်မျိုးလုံး တက်လာစေတဲ့ ကင်ဆာ**

ကင်ဆာဟာ ရောဂါရှာဖွေမှုလို အသုံးပြုမှုနဲ့ ကုသရေးကုန်ကျစရိတ်နှစ်ခုစလုံးအတွက် ကုန်ကျစရိတ် မြင့်မားလာမှုဟာလည်း ကုသမှုနည်းနာနဲ့ ဆေးဝါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုနဲ့အတူ အလျင်အမြန် တိုးတက်နေပါတယ်။ အာမခံကုမ္ပဏီတွေရဲ့ ၇၄ ရာခိုင်နှုန်းက တစ်နှစ်အတွင်း အသက် ၄၀ အောက် လူဦးရေရဲ့ ကင်ဆာဖြစ်ပွားမှု တိုးလာတယ်လို့ အစီရင်ခံထားပြီး ကင်ဆာရောဂါ ရှာဖွေမှု ဟာ အကုန်အကျအများဆုံးဖြစ်တယ်လို့ ၅၇ ရာခိုင်နှုန်းက ဆိုထားပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံတွေရဲ့ အန္တရာယ်ရှိနိုင်တဲ့ အချက်တွေဟာ ကင်ဆာဖြစ်ပွားမှုမြင့်တက်လာခြင်းနဲ့ ဆက်စပ်နေတယ်လို့ ထောက်ပြထားပါတယ်။ လက်ရှိမှာ ကင်ဆာအတွက် Mutation-based (မျိုးဗီဇပြောင်းလဲခြင်း အခြေပြုကုသနည်း) နဲ့ Liquid Biopsies (သွေးရည်စစ်နည်း) (ခန္ဓာကိုယ်တစ်ရှူး သို့မဟုတ် ကင်ဆာဆဲလ် အား ထုတ်ယူ၍ စစ်ဆေးခြင်း) စတဲ့ ကုသနည်းတွေ၊ ကုသရာမှာ သုံးတဲ့ ဆေးဝါးကဏ္ဍနဲ့ ကုသနည်း (စောင့်ရှောက်မှုနည်းနာ) တွေ တိုးလာပေမယ့်လည်း ဒီနည်းလမ်းတွေဟာ ကုန်ကျစရိတ် များတဲ့အပြင် ရေရှည်မှာလည်း ကုန်ကျစရိတ် များလာစေမယ်လို့ Willis Towers Watson (WTW) က ဆိုထားပါတယ်။

**S GLP_1 ဆေးဝါး တိုးလာမယ်ဆိုတဲ့ မျှော်လင့်ချက်**

ဒီကနေ့ ကမ္ဘာမှာ အဝလွန်မှုဟာ ကျန်းမာ ရေးအတွက် အန္တရာယ်တစ်ခု၊ ပြဿနာတစ်ခုဖြစ်နေပြီး ဒါကို ကုသဖို့အတွက် Glucagon-Like Peptide-1 (GLP-1) ဆေးရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ ဒီဆေးကို အရင်က ဆီးချိုအမျိုးအစား – ၂ ခံစားရသူတွေအတွက် အသုံးပြုခဲ့တာဖြစ်ပြီး အင်ဆူလင်ထုတ်လုပ်တာကို မြှင့်တင်ပေးတာ၊ ဂလူးကာကွန် (Glucagon) (သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ ဟော်မုန်း) ထုတ်လုပ်မှုကို လျှော့ချတာ၊ အစာအိမ်ထဲ အစာတွေ ကြာကြာထားစေတာ၊ ဦးနှောက်ကို အစာစားချင်းစိတ် လျှော့ချဖို့ အချက်ပေးတာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အဝလွန်သူတွေအတွက် သုံးတဲ့ ဆေးအဖြစ် သုံးလာတာဖြစ်ပြီး အမေရိကတိုက်မှာ ဒီ ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအာမခံ ထားနိုင်မှုဟာ ၅၅ ရာခိုင်နှုန်းရှိပြီး ကမ္ဘာတစ်ဝန်းအနေနဲ့ ၃၈ ရာခိုင်နှုန်း အထိ ရှိပါတယ်။ အာမခံကုမ္ပဏီပေါင်း ၆၈ ရာခိုင်နှုန်းကတော့ လာမယ့် သုံးနှစ်အတွင်း အသုံးပြုမှု တိုးလာဖို့ မျှော်လင့်ထားပေမယ့် ၆၇ ရာခိုင်နှုန်းကတော့ ဒီအတွက် ကုန်ကျစရိတ်တွေက ထပ်တိုးလာမယ်လို့ ခန့်မှန်းထားကြပါတယ်။​ GLP-1s ဟာ ကုန်ကျစရိတ် မြင့်တာမို့ ပြည်သူ့ကျန်းမာရေးကဏ္ဍနဲ့ ပုဂ္ဂလိက ကျန်းမာရေး အစီအစဉ်တွေမှာတောင် အသုံးပြုမှုကို ကန့်သတ်ချက်တွေ ချမှတ်ထားပြီး ဒါဟာ ဒေသအလိုက် ဆေးဘက်ဆိုင်ရာ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ BMI (ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း သို့မဟုတ် ကိုယ်အလေးချိန်နှင့် အရပ်အား တွက်ချက်၍ အဝလွန်မှု ရှိ-မရှိအား တိုင်းတာသည့် စံနှုန်း) သတ်မှတ်ချက်ထက် မြင့်တဲ့ အဆင့် သတ်မှတ်ချက်၊ ကုသဖို့ အချိန်ကြာမြင့်မှုတွေအပေါ်လည်း အဓိက မူတည်နေပါတယ်။

**S AI ဉာဏ်ရည်တုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု**

ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေ အတွက် အာမခံကုမ္ပဏီတွေမှာ AI နည်းပညာကို သိသိသာသာ သုံးတာဟာ ကမ္ဘာ့အာမခံကုမ္ပဏီစုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းသာ ရှိပြီး ကျန်းမာရေး အာမခံဆိုင်ရာ အစီအစဉ်နဲ့ လုပ်ငန်းလည်ပတ်မှုမှာ ဒီစွမ်းရည်ကို ပေါင်းစပ်အသုံးပြုဖို့ ကြိုးပမ်းတာကတော့ နှစ်နှစ်အတွင်း ၃၇ ရာခိုင်နှန်းအထိ မြင့်တက်လာမယ်လို့ မျှော်လင့်နေကြပါတယ်။ AI အပေါ် ရင်းနှီးမြှုပ်နှံတာဟာ ကုန်ကျမှုအပေါ် သက်ရောက်မှုမရှိဘူးလို့ အာမခံကုမ္ပဏီ ၆၃ ရာခိုင်နှုန်းက အစီရင်ခံထားကြတာလည်း ရှိပါတယ်။ ဒါပေမဲ့လည်း လာမယ့်နှစ်မှာတော့ အခုဖြေဆိုထားတဲ့ ၆၃ ရာခိုင်နှုန်းထဲက ၃၅ ရာခိုင်နှုန်းကတော့ ကုန်ကျစရိတ်လျှော့ကျမယ်လို့ ခန့်မှန်းထားပြီး ၃၀ ရာခိုင်နှုန်းကတော့ နှစ်နှစ်အတွင်း ကုန်ကျစရိတ်တွေ တိုးလာဦးမယ်လို့ ဆိုထားပြန်ပါတယ်။ AI နည်းပညာကြောင့် အခုဆိုရင် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်နဲ့ ဆေးကုသမှုခံယူရမယ့် အချိန် ကြာမြင့်မှုကို အနည်းငယ် လျှော့ချထားနိုင်ပြီး နိုင်ငံတစ်ခုမှ ဆရာဝန်တစ်ဦးက အခြားနိုင်ငံ ဒါမှမဟုတ် ဒေသတစ်ခုကို လူကိုယ်တိုင်သွားစရာ မလိုဘဲ AI နည်းပညာသုံး ခွဲစိတ်နည်းပညာတွေနဲ့ အဝေးကနေ ကုသပေးမှုတွေကိုလည်း စမ်းသပ်အောင်မြင်နေပြီ ဖြစ်ပါတယ်။​ ဒါဟာ ဒေသတွင်းအာမခံလုပ်ငန်းတစ်ခုဟာ တခြားဒေသက အာမခံလုပ်ငန်းနဲ့ပါ AI နည်းပညာသုံး ချိတ်ဆက်လုပ်ကိုင်ရတာကိုပါ မြင့်မားလာစေပြီး ရောဂါရှာဖွေမှုနဲ့ ကုသမှုလိုမျိုး ဆေးဘက်ဆိုင်ရာကဏ္ဍတွေမှာပါ နိုင်ငံနဲ့ နယ်မြေပိုင်းခြားထားမှု ဘောင်ကိုပါ ချိုးဖျက်လိုက် တာလည်း ဖြစ်ပါတယ်။

ဒေသအလိုက် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနဲ့ ပုံစံတွေ ကွဲပြားပေမယ့်လည်း ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ် မြင့်တက်ခြင်းဟာ ကမ္ဘာနဲ့တစ်ဝန်း ဆက်လက်ဖြစ်ပေါ်နေတဲ့ ရေစီးကြောင်းတစ်ခု ဖြစ်နေပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် နိုင်ငံစုံက အစိုးရတွေ၊ လုပ်ငန်းရှင်ကြီးတွေအတွက် မဟာဗျူဟာမြောက် အစီအစဉ်တကျ စီမံခန့်ခွဲမှုနဲ့ အသုံးစရိတ် ခန့်မှန်းချက်တွေကို တွက်ချက်ထားဖို့ လိုအပ်နေပြီ WTW က သတိပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ ကုန်ထုတ်စွမ်းအားစုဖြစ်တဲ့ အလုပ်သမားတွေရဲ့ ကြံ့ခိုင်သန်စွမ်းမှုကို ထိန်းသိမ်းဖို့ဆိုရင် အလုပ်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဦးစားပေးဖို့၊ ကင်ဆာနဲ့ပတ်သက်ပြီး အသိပညာပေးတာနဲ့ ကာကွယ်ခြင်းတွေကို နားလည်အောင် လုပ်ဖို့၊ ဝန်ထမ်းတွေက ကျခံရတာရှိရင် ကုန်ကျစရိတ် ခွဲဝေမှုကို ထည့်သွင်းစဉ်းစားဖို့၊ ကျန်းမာရေးဆိုင်ရာ ပညာပေးတာနဲ့ ကြိုတင်ကာကွယ် ခြင်းကိစ္စတွေမှာ ရင်းနှီးမြှုပ်နှံထားသင့်ပြီလို့လည်း တိုက်တွန်းထားပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement