ကမ္ဘာ့လူဦးရေရဲ့ ၂၄ ရာခိုင်နှုန်းခန့်ဟာ သန်ကောင်ရောဂါကို ခံစားနေရပြီး အာဖရိက၊ အာရှနဲ့ တောင်အမေရိက စတဲ့ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေမှာ သန်ကောင်ပြဿနာဟာ ပိုကြီးမားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း မိဘတွေအနေနဲ့ ကိုယ့်ကလေးက ထမင်းမစားချင်တာ၊ ဗိုက်နာတာ၊ စားသလောက်ပိန်လာတာ၊ စအိုယားတာတွေဖြစ်ရင် “သန်ထိုးနေပြီလား” ဆိုပြီး တွေးမိကြတဲ့အထိကို သန်ကောင်ရောဂါက ပေါများလှပါတယ်။
သန်ကောင်ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး ဖြစ်တဲ့သူတွေရဲ့ ၅၀ရာခိုင်နှုန်းလောက် ကျွန်တော်တို့လို အပူပိုင်းဒေသ၊ အရာရာ မပြည့်စုံတဲ့ဒေသတွေက ဖြစ်ပါတယ်။
မြန်မာနိုင်ငံလို ပူနွေးစိုစွတ်ပြီး အစားအသောက်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး မပြည့်စုံသေးတဲ့ဒေသတွေမှာ သန်ကောင်ရောဂါဟာ ကလေးတွေအတွက်ပဲ မဟုတ်ဘဲ လူကြီးတွေမှာလည်း တွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ မိဘအများစုက ကလေးတွေကို ၆ လတစ်ကြိမ် သန်ချဆေးတိုက်ဖို့ သတိရတတ်ပေမယ့် လူကြီးတွေကတော့ “သန်ဆိုတာ ကလေးတွေပဲ ဖြစ်တာ” လို့ ထင်ပြီး ကိုယ့်ကိုယ်ကို ပေါ့ဆမိတတ်ကြပါတယ်။ တစ်ကယ်တမ်းတော့ လူကြီးတွေလည်း သန်ကောင်ရောဂါ ကူးစက်ဖြစ်ပွားနိုင်ပါတယ်။
သန်ကောင်ရောဂါဟာ ကလေးတွေမှာ သွေးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ပုခြင်းညှက်ခြင်း၊ ကြီးထွားမှုနှုန်းနှေးခြင်း စတာတွေ ဖြစ်စေတတ်ပါတယ်။ သန်ရောဂါကို သတိမထားမိဘဲ ရောဂါက ဆိုးဝါးပြင်းထန်လာရင်တော့ ဒီသန်ကောင်တွေက အူလမ်းကြောင်းမှာ ပိတ်မိနေတာ၊ တခြားနေရာကို လျှောက်သွားပြီး အခြားကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခပေးတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အရေပြားယားယံတာတွေ၊ မိန်းမကိုယ်ယောင်ယမ်းပြီး ယားယံတာတွေ၊ အဖြူဆင်းတာတွေ၊ ဝမ်းမကြာခဏလျှောတာတွေ စတဲ့လက္ခဏာတွေ တွေ့နေရရင်လည်း သန်ကောင်ရောဂါ ဖြစ်နိုင်ပါတယ်။
သန်ကောင်တွေဟာ အမျိုးအစား အမျိုးမျိုးရှိပြီး သန်လုံးကောင် (Ascaris)၊ သန်ချိတ်ကောင်၊ ကြာပွတ်သန်ကောင် တွေအပြင် အသား၊ ငါးကနေကူးစက်တဲ့ တိပ်ပြားသန်ကောင် (Tapeworm) တွေက
မြန်မာနိုင်ငံမှာ အတွေ့ရများတဲ့ အမျိုးအစားတွေပါ။ ၎င်းတို့အထဲကမှ သန်လုံးကောင် (Ascaris) ကတော့ ကလေးတွေမှာလည်း အဖြစ်များသလို လူကြီးတွေမှာလည်း မကြာခဏတွေ့ရပြီး၊ အခန့်မသင့်ရင် အူပိတ်ခြင်း (intestinal obstruction) ကိုပါ ဖြစ်စေနိုင်တဲ့ အမျိုးအစားပါ။ သန်ကောင်အရေအတွက်များလာပြီး အူထဲမှာ စုပုံပိတ်ဆို့သွားတဲ့အခါ ဝမ်းမသွားတော့ခြင်း၊ လေမလည်တော့ခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်းစတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေဟာ ရိုးရိုးသန်ထိုးတာမဟုတ်တော့ဘဲ ခွဲစိတ်ဆေးကုသမှုဌာနအထိ ရောက်လာနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။
တစ်ခါများတော့ ကျွန်တော်တို့ ခွဲစိတ်ကုဌာနကို အသက် ၂၀ အရွယ် လူငယ်လေးတစ်ယောက် တစ်ပတ်လောက် ဗိုက်ဖောင်းပြီး ဝမ်းမသွားတဲ့ အူအနည်းငယ်ပိတ်တဲ့လက္ခဏာ (Partial Intestinal Obstruction) နဲ့ ရောက်လာခဲ့ဖူးပါတယ်။ အာထရာဆောင်းပုံရိပ်ဖော်စက်နဲ့ စစ်ဆေးကြည့်တဲ့အခါ အူထဲသန်ကောင်တွေ များနေတာကို တွေ့ရပြီး အခြားစိုးရိမ်စရာလက္ခဏာတွေ မတွေ့ရတဲ့အတွက် ဆေးရုံမှာစောင့်ကြည့်ပြီး ဝမ်းချူလိုက်တဲ့အခါမှာတော့ ဝမ်းနဲ့အတူ သန်ကောင် အထွေးလိုက် ကျလာတာကို တွေ့ကြုံရဖူးပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အဆိုပါလူနာရဲ့ ဗိုက်ဖောင်းတာနဲ့ အူပိတ်သလိုဖြစ်နေတဲ့ လက္ခဏာတွေလည်း သိသိသာသာ သက်သာသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်က သန်ကောင်ပြဿနာကို လူကြီးတွေမှာလည်း မပေါ့ဆသင့်ကြောင်း မီးမောင်းထိုး ပြသနေပါတယ်။ အခုဒီလူနာမှာတော့ အူပိတ်တဲ့ပြဿနာကို လွယ်လွယ်ကူကူ ဖြေရှင်းလိုက်နိုင်ပေမယ့် အချို့လူနာတွေမှာတော့ အူကိုခွဲစိတ် ဖြတ်တောက်လိုက်ရတာတွေအထိ ရှိတာကို ကျွန်တော့်အတွေ့အကြုံအရကော သုတေသန စာစောင်တွေမှာပါ တွေ့ရပါတယ်။
ဒါပေမယ့်လည်း သန်ကောင်ရှိနေတဲ့ လူကြီးတိုင်းမှာ အူပိတ်မယ်လို့တော့ မဆိုလိုပါဘူး။ အများစုမှာ ရိုးရိုးဗိုက်အောင့်ဗိုက်နာ၊ အစာစားချင်စိတ်လျော့၊ ဝမ်းလျှောဝမ်းချုပ်မမှန်၊ ကိုယ်အလေးချိန်ကျ၊ စအိုယားယံတာ စတဲ့ မသိမသာလက္ခဏာတွေသာ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဗိုက်တအားဖောင်းလာတာ၊ ဝမ်းမသွား လေမလည်တော့တာ၊ အန်တာ၊ ဗိုက်နာတာ ပိုဆိုးလာတာ တွေ ဖြစ်လာရင်တော့ အူပိတ်ခြင်းလို ပြင်းထန်တဲ့ နောက်ဆက်တွဲဖြစ်နိုင်လို့ ဆေးရုံကို အမြန်သွားသင့်ပါတယ်။ အိမ်မှာပဲ သန်ချဆေးသောက်ပြီး စောင့်နေဖို့ မသင့်ပါဘူး။
သန်ကောင်ကူးစက်ရတဲ့အကြောင်းရင်းတွေကတော့ အားလုံးသိကြတဲ့အတိုင်း လက်မဆေးဘဲ အစာစားခြင်း၊ မသန့်ရှင်းတဲ့ရေသောက်ခြင်း၊ အစားအသောက်မသန့်ခြင်း၊ ဖိနပ်မပါဘဲ မြေကြီးပေါ်လမ်းလျှောက်ခြင်း၊ ယင်လုံအိမ်သာအသုံးမပြုနိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ပြီးတော့ လွယ်လင့်တစ်ကူ လမ်းဘေးမှာ ဝယ်စားလို့ ရနေတဲ့ လမ်းဘေးစာတွေကလည်း သန့်ရှင်းမှုအားနည်းမယ်ဆိုရင် သန်ကောင် အဓိကဝင်ရောက်နိုင်တဲ့ လမ်းကြောင်းဖြစ်ပါတယ်။
ကာကွယ်ဖို့အတွက်တော့ ကလေးတွေလိုပဲ လူကြီးတွေမှာလည်း သန့်ရှင်းရေးအလေ့အကျင့်က အရေးကြီးပါတယ်။ လက်ကို ဆပ်ပြာနဲ့ မှန်မှန်ဆေးခြင်း၊ သန့်ရှင်းတဲ့ရေသောက်ခြင်း၊ အစားအစာကို ကျက်အောင်ချက်စားခြင်း၊ အိမ်သာသန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ ဖိနပ်စီးပြီး သွားလာခြင်း စတာတွေက သန်ကူးစက်မှု လျှော့ချဖို့ အခြေခံကျပါတယ်။ သန်ဖြစ်နိုင်ခြေမြင့်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေကတော့ ကလေးတွေကိုပဲ မဟုတ်ဘဲ လူကြီးတွေလည်း ကိုယ့်ကျန်းမာရေးကို သတိထားပြီး လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ သန်ချဆေးသုံးသင့်ပါတယ်။
References
• WHO. Deworming in children (eLENA).
• CDC. Clinical Care of Soil-transmitted Helminths (STH).
• NICE CKS. Threadworm: management.
• Riaz M, Aslam N, Zainab R, et al. Prevalence, risk factors, challenges, and the currently available diagnostic tools for the determination of helminths infections in human. European Journal of Inflammation. 2020;18. doi:10.1177/2058739220959915
• Ali AY, Mohamed Abdi A, Mambet E. Small bowel obstruction caused by massive ascariasis: two case reports. Ann Med Surg (Lond). 2023 Feb 6;85(3):486-489. doi: 10.1097/MS9.0000000000000224. PMID: 36923774; PMCID: PMC10010792.