ယနေ့ခေတ် လူအများစုဟာ ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာထိုင်ခြင်း၊ စမတ်ဖုန်းများ သုံးစွဲခြင်း၊ အွန်လိုင်းအစည်းအဝေးများ တက်ရောက်ခြင်းနဲ့လူမှုကွန်ရက်စာမျက်နှာများကို ခေတ်မီနည်းပညာ ပစ္စည်းတွေကနေ အလွယ်တကူ ကြည့်ရှုအနားယူခြင်းတွေနဲ့ အချိန်ကုန်ဆုံးနေကြပါတယ်။ ဒီအလေ့အထ တွေဟာ ဘေးဥပါဒ် အန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ အနေအထိုင်ပေါ် မူတည်ပြီး လည်ပင်းရိုးနဲ့ ခါးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီသက်ရောက်မှုတွေကို သတိမမူမိတဲ့အခါ ရေရှည်မှာ လည်ပင်းရိုးနဲ့ခါးရိုးမှာ နာကျင်လာပြီး လည်ပင်းကျီးပေါင်း (cervical spondylosis)နဲ့ ခါးကျီးပေါင်း(lumbar spondylosis) ဖြစ်လာပါတော့တယ်။ ဒီနေ့ကတော့ လည်ပင်းကျီးပေါင်းနဲ့ ပတ်သက်ပြီး အဓိကထားပြောသွားမှာဖြစ်ပါတယ်။
လည်ပင်းကျီးပေါင်းရောဂါဟာ ယခုအခါမှာတော့ သက်ကြီးရွယ်အိုတွေမှာသာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခု မကတော့ပါဘူး။ အသက်အရွယ်ကြီးရင့်ခြင်းက အဓိကအကြောင်းရင်းတစ်ခု အဖြစ် ရှိနေသေးပေမယ့် ယနေ့ခေတ် ရုံးထိုင်အလုပ်လုပ်ရတဲ့ လူနေမှုပုံစံ၊ မမှန်ကန်တဲ့ ထိုင်ပုံထိုင်နည်း၊ ဖုန်းနဲ့ ကွန်ပြူတာအစရှိတဲ့ အိုင်တီပစ္စည်းတွေရဲ့စခရင် (Screen) ကို ကြည့်ပြီး အချိန်ကြာမြင့်စွာ အသုံးပြုခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့် အလုပ်လုပ်နိုင်တဲ့ အရွယ်လူကြီးများ သာမက လူငယ်ထုတွေပါ အဖြစ်များလာတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။
ဆိုတော့အရင်ဆုံးလည်ပင်ကျီးပေါင်း (Cervical Spondylosis)ဆိုတာ ဘာလဲကို သိဖို့လိုလာပါတယ်။ ပထမဦးဆုံးလည်ပင်းမှာရှိတဲ့ အဆစ်ရိုးလေးတွေ အကြောင်းရှင်းပြချင်ပါတယ်။ လည်ပင်းအဆစ်ရိုး ဆိုတာ ကျောရိုးဆစ်ရဲ့ ပထမဆုံး အရိုးအဆစ် ၇ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဦးခေါင်းကို ထိန်းမတ်ပေးထားကာ ပုံမှန်အားဖြင့်တော့ အပေါ်အောက်၊ ဘေး ဘယ် ညာ ခေါင်းငုံ့တာ လှည့်တာ လုပ်နိုင်အောင် ပင်မ အာရုံကြောမ (spine)မထိအောင်ကာကွယ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် အသက်အရွယ်ကြောင့် သော်လည်းကောင်း၊ ရေရှည်လည်ပင်းညောင်းညာတဲ့အထိ ခဏခဏအလုပ်လုပ် ရတာကြောင့် သော်လည်းကောင်း လည်ပင်းမှာရှိတဲ့ အရိုးများ၊ အရိုးနုပြားများ၊ အဆစ်များနဲ့ အရွတ်တွေ ယိုယွင်းပျက်စီးလာတဲ့အခါ လည်ပင်းရိုးကြားမှာရှိတဲ့ အရိုးနုပြားများ (Intervertebral discs) မှာ ကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့နည်းလာနိုင်ခြင်း၊ အဆစ်များ တောင့်တင်းလာခြင်းနဲ့ အရိုးအတက်ငယ်များ ထွက်လာခြင်းတို့ကြောင့် လည်ပင်းအရိုးကျီးပေါင်းရောဂါ ဖြစ်လာစေပါတယ်။
ရလဒ်အနေနဲ့ကတော့ လည်ပင်းရိုးနာခြင်း သို့မဟုတ် လည်ပင်းနဲ့ပုခုံးတောင့်တင်းခြင်း၊ ပခုံးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နာကျင်မှုက လက်မောင်းဆီသို့ ပျံ့နှံ့သွားခြင်း၊ လက်မောင်း သို့မဟုတ် လက်ဖဝါးမှာ ထုံကျင်ခြင်း၊ နဲ့ လည်ပင်းလှုပ်ရှားနိုင်စွမ်း လျော့နည်းသွားခြင်းတို့ဖြစ်ပါတယ်။ ဝေဒနာအများစုကတော့ ပြင်းထန်မှုမရှိဘဲ လူနေမှုပုံစံ ပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ နဲ့နေထိုင်မှုပုံစံ ပြုပြင်ခြင်း တို့ဖြင့်ကုသနိုင်ပါတယ်။ သို့သော်လည်း လက်မောင်းအားနည်းလာခြင်း၊ လမ်းလျှောက်ရ ခက်ခဲခြင်း သို့မဟုတ် ဆီးဝမ်းမထိန်းနိုင်ခြင်း စတဲ့ ပြင်းထန်သော လက္ခဏာများ ရှိလာပါက အရေးပေါ် ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသမှု ခံယူဖို့လိုအပ်ပါတယ်။
လည်ပင်းအရိုးအဆစ်နာကျင်မှုဟာ ယခုအခါမှာ ကမ္ဘာလုံးဆိုင်ရာ အဓိက ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်လာပါတယ်။ စစ်တမ်းများအရ ၂၀၂၀ ပြည့်နှစ်မှာ တစ်ကမ္ဘာလုံးရဲ့ လူဦးရေ ၂၀၃ သန်းခန့် ဟာ လည်ပင်းအရိုးအဆစ်နာတဲ့ ဝေဒနာကို ခံစားခဲ့ရပြီး ၂၀၅၀ ပြည့်နှစ်မှာ ဒီအရေအတွက်ဟာ ၂၆၉ သန်းခန့်အထိ မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းထားကြပါတယ်။ လူနေမှုပုံစံ ပြောင်းလဲလာခြင်း၊ ထိုင်၍လုပ်ရသော အလုပ်များပြားလာခြင်း၊ ဒစ်ဂျစ်တယ်ပစ္စည်းများ သုံးစွဲခြင်းနဲ့ လုပ်ငန်းခွင် နေထိုင်မှုစနစ် (Ergonomics) မမှန်ကန်ခြင်းတို့ကလည်း လူငယ်များနဲ့ အလုပ်လုပ်ကိုင်နိုင်သော အရွယ်တွေမှာ လည်ပင်းကျီးပေါင်းကိုပိုပြီး ဖြစ်စေပါတယ်။ အမျိုးသမီးများဟာ အမျိုးသားများထက် လည်ပင်းအရိုးအဆစ်နာကျင်မှု ဖြစ်ပွားနှုန်း ပိုမိုမြင့်မားကြောင်း လည်းတွေ့ရှိရပါတယ်။
လည်ပင်းအရိုးအဆစ်နာတိုင်း လည်ပင်းကျီးပေါင်းလို့ တရားသေတော့ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် လည်း လည်ပင်းအရိုးအဆစ်တွေ ကိုက်ခဲနာကျင်လာပြီဆိုရင်တော့ သတိထားရတော့မယ် စနစ်တကျ နေထိုင်မှုပုံစံပြင်ဆင်ဖို့လိုအပ်တယ်ဆိုတာကိုတော့ သိထားရပါမယ်။ ယနေ့ခေတ် လူအများစု ဟာ စာပွဲခုံမှာ အချိန်ကြာမြင့်စွာ ထိုင်ရလေ့ရှိပါတယ်။ ရုံးဝန်ထမ်းတွေဟာ အထူးသဖြင့် ကွန်ပျူတာအသုံးပြုတဲ့အခါ နာရီပေါင်းများစွာ တူညီတဲ့ ပုံစံအတိုင်း ထိုင်ရလေ့ရှိပါတယ်။ ပုံသေအချိန်ကြာမြင့်စွာထိုင်တဲ့ အနေအထားဟာ လည်ပင်း၊ ပခုံးနှင့် ကျောအပေါ်ပိုင်းမှာရှိ တဲ့ ကြွက်သားတွေကို ပိုမိုညောင်းညာ စေနိုင်ပါတယ်။ အလုပ်လုပ်တဲ့နေရာ ပြင်ဆင်မှု မမှန်ကန်တဲ့အခါ လည်ပင်းဟာ အချိန်ကြာမြင့်စွာ အနည်းငယ် ရှေ့သို့ ကုန်းနေရတတ်ပါတယ်။ ဒါကလည်း လည်ပင်းရိုးအဆစ်တွေနာကျင်မှုကို ဖြစ်စေတဲ့ အကြောင်းတရားတွေထဲကတစ်ခုပဲဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ စမတ်ဖုန်းနှင့် လူမှုကွန်ရက် အသုံးပြုမှု သိသိသာသာ မြင့်တက်လာခြင်းဖြစ်ပါတယ်။ ဖုန်းသုံးတဲ့အခါမှာ ကျွန်တော်တို့ဟာ ခေါင်းကို အချိန်အကြာကြီး ငုံ့ကြည့်ရလေ့ရှိပါတယ်။ ဒီအနေအထားကြောင့်ဖြစ်လာတဲ့နာကျင်မှုကို အင်္ဂလိပ်လို”Text neck” သို့မဟုတ် “Tech neck” လို့ ခေါ်ဆိုကြပါတယ်။ ထပ်ခါတလဲလဲ ငုံ့ကြည့်ခြင်းနဲ့ ထိုင်ပုံထိုင်နည်း မမှန်ခြင်းတို့ ဟာ လည်ပင်းကြွက်သားများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပြီး နာတာရှည် လည်ပင်းရိုးနာခြင်း၊ နဲ့ကြွက်သားတောင့်တင်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
တတိယအချက်ကတော့ ကိုယ်လက်လှုပ်ရှားမှု လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။ တစ်နေ့တာရဲ့ အချိန်အတော်များများကို ထိုင်နေပြီး ပုံမှန်လေ့ကျင့်ခန်း မလုပ်တဲ့အခါ လည်ပင်း၊ ပခုံးနှင့် ကျောဘက်မှာရှိ တဲ့ ကြွက်သားများ အားနည်းလာနိုင်ပါတယ်။ ခန္ဓာကိုယ်အနေအထားကို ထိန်းပေးသော ကြွက်သားတွေ အားနည်းလာပါက ဦးခေါင်းကို စနစ်တကျ ထောက်ကူပေးဖို့ ခက်ခဲလာစေပါတယ်။
နောက်ဆုံးအချက်ကတော့ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အလုပ်တာဝန်တွေက လည်ပင်းအရိုး အဆစ်နာတဲ့လက္ခဏာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ရုံးဝန်ထမ်းတွေဟာ အလုပ်ပြီးရမည့်အချိန် သတ်မှတ်ချက်တွေကြောင့် အချိန်ကြာမြင့်စွာ စခရင်ကြည့်ရခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် လည်ပင်းနှင့် ပခုံးတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေကို ပိုမိုတင်းမာလာစေပြီး နာကျင်မှုကို ပိုမိုဆိုးဝါးစေတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။
ရုံးလုပ်ငန်းဟာ လည်ပင်းအရိုးအဆစ်နာတဲ့ပြဿနာများနှင့် များစွာသက်ဆိုင်နေပါတယ်။ ကိုယ်ထိုင်တဲ့ အလုပ်စားပွဲနဲ့ ကိုယ်လုပ်တဲ့ အလုပ်ရဲ့ အပြင်အဆင်ကလည်း အရေးကြီးပါတယ်။ ကွန်ပျူတာစခရင်သည် နိမ့်လွန်းခြင်း သို့မဟုတ် မြင့်လွန်းခြင်း၊ ကျောမှီစနစ်တကျ မပါသော ကုလားထိုင်ကို သုံးခြင်း၊ လည်ပင်းကို ရှေ့သို့ ကုန်း၍ အားစိုက်၍ အလုပ်လုပ်ရခြင်း၊ ဖုန်းကို ပခုံးနှင့် နားကြားတွင် ညှပ်၍ ပြောခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု အနားပေးခြင်းမရှိဘဲ အချိန်အကြာကြီး ထိုင်ခြင်း ကဲ့သို့သော အခြေအနေမျိုးတွေမှာ လည်ပင်းကြွက်သားတွေဟာ ဦးခေါင်းကို အနေအထားတစ်ခုမှာထိန်းဖို့ ပိုပြီး အလုပ်လုပ်ရပါတယ်။ အချိန်ကြာတာနဲ့အမျှ ညောင်းညာတာ၊ တောင့်တင်းတာနဲ့ နာကျင်တာတို့ကို ဖြစ်စေပါတယ်။ လည်ပင်ကျီးပေါင်းရှိတဲ့သူတွေမှာ ထိုင်ပုံထိုင်နည်း မမှန်ကန်ခြင်းက ဝေဒနာတွေကို ပိုမိုဆိုးရွားစေပါတယ်။
ဒီလို လည်ပင်အရိုးအဆစ်တွေနာကျင်လာသူတွေရော လည်ပင်းကျီးပေါင်းအဆင့်အထိခံစားနေရတဲ့ သူတွေအတွက် အဓိက ပြုပြင်သင့်တာကတော့
ပထမ- ထိုင်ပုံထိုင်နည်းဖြစ်ပါတယ်။ ကွန်ပျူတာစခရင်ဟာ မျက်စိနဲ့ တစ်တန်းတည်းအဆင့်တွင် ရှိသင့်ပြီး ထိုင်ခုံက ကျောအောက်ပိုင်းကို ထောက်ကူပေးသင့်ပါတယ်။ ခြေထောက်တွေကလည်း ကြမ်းပြင်ပေါ်ကို ပြားပြားနင်းထားသင့်ပါတယ်။ ပုခုံးနဲ့ ကြွက်သားတွေကလည်း သက်တောင့်သက်သာဖြစ်တဲ့ အနေအထားမျိုး ရှိရမှာ ဖြစ်ပါတယ်။ လက်ပ်တော့ အသုံးပြုသူတွေအတွက်ကတော့ သီးသန့်ကီးဘုတ်နှင့် မောက်စ်ပါဝင်တဲ့ လက်ပ်တော့စင် (Laptop stand) ကို အသုံးပြုခြင်းက လည်ပင်းကို အောက်သို့ အချိန်အကြာကြီး ငုံ့မထားဖို့ ကူညီပေးတဲ့အတွက် ပိုမိုကောင်းမွန်ပါတယ်။
ဒုတိယတစ်ချက်ကတော့ အနေအထားတစ်ခုတည်းမှာ အချိန်အကြာကြီး ထိုင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ မိနစ် ၃၀ မှ မိနစ၆၀ တိုင်းမှာ ခေတ္တအနားယူပေးခြင်းက ကြွက်သားတောင့်တင်းမှုကို လျှော့ချနိုင်ပါတယ်။ မတ်တတ်ရပ်ခြင်း၊ မိနစ်အနည်းငယ် လမ်းလျှောက်ခြင်း ဒါမှမဟုတ် ပခုံးကို ညင်သာစွာ လှုပ်ရှားပြီး ပုခုံးလေ့ကျင့်ခန်းလုပ်ခြင်းတို့ကိုလည်း လုပ်ပေးသင့်ပါတယ်။ ရေကူးခြင်း၊ အကြောဆန့်ခြင်း၊ ယောဂကျင့်ခြင်းနှင့် ကြွက်သားသန်မာစေသော လေ့ကျင့်ခန်းများသည်လည်း ခန္ဓာကိုယ်အနေအထားကို ကောင်းမွန်စေပြီး ကြွက်သားတင်းမာမှုကို လျှော့ချပေးနိုင်ပါတယ်။
စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ အချိန်အကြာကြီး ခေါင်းငုံ့ကြည့်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ ဖုန်းကို မျက်စိနဲ့တစ်တန်းတည်းလောက်မှာထားပြီး ကြည့်တာမျိုးလုပ်သင့်ပါတယ်။ မအိပ်ခင်မှာဖုန်းကြည့်တာ ဖုန်းသုံးတာကို ကန့်သတ်ရမှာဖြစ်ပါတယ်။ အသံမက်ဆေ့ခ်ျ (Voice messages) များ၊ ဖုန်းတင်စင်များ သို့မဟုတ် စခရင်အချိန်သတိပေးချက်များကို အသုံးပြုခြင်းက လည်ပင်းကို စဉ်ဆက်မပြတ် ငုံ့ပြီးအသုံးပြုခြင်းကို လျှော့ချပေးနိုင်ပါတယ်။ လည်ပင်းအဆစ်နာခြင်းဟာ အရိုးအဆစ်ပြဿနာ သက်သက် မဟုတ်ဘဲ အလုပ်ဝန်ပိုး၊ စိတ်ဖိစီးမှုနှင့် လူနေမှုပုံစံတို့နှင့်လည်း ဆက်စပ်နေတာကြောင့် လုံလောက်စွာ အိပ်စက်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနှင့် မျှတသော အလုပ်-အနားယူမှု အစီအစဉ်များဟာ နာကျင်မှုဝေဒနာကို လျှော့ချပေးနိုင်ပါတယ်။
ထိရောက်ကောင်းမွန်သော ညင်သာတဲ့ လည်ပင်းလေ့ကျင့်ခန်းတွေကတော့ မေးစေ့ကို အတွင်းသို့ သွင်းသည့် လေ့ကျင့်ခန်း (Chin tuck exercise)၊ ပခုံးတစ်ဖက်ဆီကို ဝိုင်း၍ လှည့်ခြင်း (Shoulder roll)၊ လည်ပင်းကို ဘေးသို့ စောင်းခြင်း (Neck side bending)၊လည်ပင်းကို ညင်သာစွာ လှည့်ခြင်း (Gentle neck rotation)၊ပခုံးရိုးနှစ်ခုကို နောက်သို့ ပူးခြင်း (Scapular retraction exercise)နဲ့ ကျောအပေါ်ပိုင်း အကြောဆန့်ခြင်း (Upper back stretching)တို့ဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းတွေကို စနစ်တကျ ဖြည်းဖြည်းချင်း ညင်ညင်သာသာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်(Physiotherapist)နဲ့ လိုအပ်ပါက တိုင်ပင်လုပ်ဆောင်ဖို့လည်းလိုပါတယ်။ နာကျင်မှုကို သက်သာဖို့အတွက် အကိုက်အခဲပျောက်ဆေး ဥပမာ ပါရာစီတမောကို သောက်သုံးလို့ရပါတယ်။ ဒါပေမယ့် မသက်သာတဲ့အခါမျိုး ဥပမာအားဖြင့် လက်တွေခြေတွေကျင်လာတာ အားပျော့လာတာ လမ်းလျှောက်လို့အဆင်မပြေတာ မျိုးတွေရှိလာတဲ့အခါမှာတော့ နီးစပ်ရာဆေးရုံဆေးခန်းမှာ အရေးပေါ်ကုသမှုလိုအပ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး စနစ်တကျ ကုသမှုခံယူဖို့လည်းလိုအပ်ပါတယ်။
နိဂုံးချုပ်ရရင်တော့ တစ်ချိန်က အသက်အရွယ်တစ်ခုမှာမှ ဖြစ်တတ်တယ်လို့ သတ်မှတ်ထားကြတဲ့ လည်ပင်အရိုးအဆစ်နာတာ လည်ပင်းကျီးပေါင်းဟာ အခုအချိန်မှာတော့နေထိုင်မှု ပုံစံပြောင်းလဲလာမှု ကြောင့် အသက်အရွယ်မရွေး ဖြစ်ပွားလာတာကို သတိပြုမိကြဖို့လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သတိပြုမိရုံသာမက လည်ပင်းအရိုးအဆစ်နာကျင်မှုကို လျော့ချနိုင်ဖို့ စနစ်တကျ နေထိုင်တတ်စေဖို့ အတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးထားပါတယ်။ စာဖတ်သူအပေါင်း ဖတ်ရှုဆင်ခြင် ဂရုပြုနေထိုင်နိုင်မယ်လို့မျှော်လင့်ရင်း ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။
References
-Mayo Clinic. (2025). Cervical spondylosis: Symptoms and causes. Mayo Clinic.
-National Institute for Occupational Safety and Health. (2024). Ergonomics and work-related musculoskeletal disorders. Centers for Disease Control and Prevention.
-Steinmetz, J. D., et al. (2024). Global, regional, and national burden of neck pain, 1990-2020, and projections to 2050: A systematic analysis of the Global Burden of Disease Study 2021. The Lancet Rheumatology.