အရွယ်ရောက်ပြီး လူတယောက်ရဲ့ ခံတွင်းထဲမှာ တခြားလူကြီးသွားတွေ မသိမသာနဲ့ သွား အားလုံး စုံအောင်ပေါက်ခဲ့ပေမဲ့ အံဆုံးသွား(Last Molar)ခေါ် “Wisdom Tooth” ပေါက်လာပြီဟေ့ဆိုရင် လူတော်တော်များများမှာ နာကျင်မှုဝေဒနာအမျိုးမျိုးခံစားပြီးမှ ပေါက်လာတာတွေ့ရပါတယ်။ “Wisdom Tooth” လို့ခေါ်တဲ့သဘောက ဒီအံဆုံးမှ မပေါက်ရင်ဉာဏ်ပညာမပြည့်စုံဘူးဆိုလိုတာ မဟုတ်သလို သူ ပေါက်လာမှသာ ဉာဏ်ပညာပြည့်စုံသွားတယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ လူအများပညာသင်ကြား တတ်မြောက်ပြီးချိန်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေပြီးလုပြီးခင်၊ ဉာဏ်ရည်အတွေးအခေါ်တွေ သိသိသာသာ ပြည့်စုံလာချိန် အသက် ၁၇၊ ၁၈ နှစ်လောက်ကနေ အသက် ၂၁ နှစ်အတွင်း အံဆုံးသွားတွေ ခံတွင်းထဲ ထွက်ပေါ်လာလို့သာ “Wisdom Tooth”လို့ တင်စားခေါ်ဝေါ်တာဖြစ်တန်ကောင်းပါတယ်။ တချို့လည်း အသက် ၃၀ ကျော်မှ ပေါက်လာတာမျိုးရှိသလို အံဆုံးသွားလုံးဝ မထွက်လာသူတွေလည်း ရှိနေပါတယ်။
အံဆုံးသွားတချောင်းဝါးလို့ရတဲ့နေရာအထိ ထွက်လာဖို့ကတော့ လူတယောက်ရဲ့မေးရိုး၊ ပေါက် ထားပြီးသား သွားတွေရဲ့ အခြေအနေ၊ အံဆုံးပေါက်လာမဲ့လားရာ၊ ထွက်ပေါ်လာနိုင်မဲ့နေရာအနေအထား တွေပေါ်မှာ မူတည်ပါတယ်။ အံဆုံးပေါက်တဲ့အချိန် တယောက်နဲ့တယောက် ဝေဒနာခံစားရပုံချင်းလည်း ကွာခြားပါတယ်။ အံဆုံးသွားပေါက်တဲ့အချိန် နာကျင်မှုရှိတယ်ဆိုတာ သွားပေါက်ခြင်းဖြစ်စဉ်တခုမှာ ကြုံရတာမျိုးအပြင် ယောင်တာ၊ နာကျင်မှုဝေဒနာပြင်းထန်တာမျိုးကတော့ အံဆုံးပေါက်ဖို့ ခွဲထွက်ထားတဲ့ သွားဖုံးအဖတ်အနီးတဝိုက်မှာ အစာအကြွင်းအကျန် ကျန်ရှိကပ်တွယ်တာကနေ စပါတယ်။ တချို့အံဆုံး တဝိုက်သွားဖုံးယောင်တာ၊ နာတာလောက်ခံစားရပေမဲ့ တချို့မှာ အစာမမျိုနိုင်လောက်တဲ့အထိ၊ အစာ မစားနိုင်လောက်တဲ့အထိ ဖြစ်ကြတာကိုလည်း တွေ့ရပါတယ်။ အဲ့ဒီလိုအခြေအနေတွေ တွေ့ကြုံရသူများ အတွက်တော့ အံဆုံးသွားဆိုတာ နာမည်ကောင်းမရဘဲ လူတွေငြူစူတာခံရတဲ့သွား ဖြစ်နေပါတော့တယ်။ ဒါ့ကြောင့်ပဲ အံဆုံးဆိုတာ ကောင်းကျိုးမပေးဘူး နှုတ်လိုက်တာကောင်းတယ်ဆိုတာမျိုး ကြားရများနေတာ ဖြစ်နိုင်ပါတယ်။ အံဆုံးဆိုတိုင်း နှုတ်သင့်သလား၊ ဘယ်လိုအခြေအနေမှာဆို မနှုတ်သင့်ဘူးလဲ ဒါမှမဟုတ် ဘာကြောင့် နှုတ်လိုက်သင့်တာလဲ စတဲ့အကြောင်းတွေ ပြောကြတဲ့အခါ တည့်တည့်မတ်မတ် သူ့နေရာသူ ပေါက်လာပြီး အသုံးဝင်မဲ့အနေအထားမျိုးဆိုရင် တန်ဖိုးရှိတဲ့အတွက် မနှုတ်သင့်ပါဘူး၊ အသုံးဝင်မဲ့ သွားတချောင်းကို မလိုအပ်ဘဲနှုတ်မိရင်တော့ နှမြောစရာကောင်းမှာ အမှန်ပါပဲဗျ။ နောက်ဆက်တွဲဆိုးကျိုး တွေဖြစ်လာမဲ့အနေအထားဆိုရင်လည်း မဖြစ်မနေနှုတ်ရမှာဖြစ်ပြီး ဘာကြောင့်နှုတ်ရတယ်ဆိုတာ လူနာ ကိုယ်တိုင် နားလည်သိရှိဖို့လိုပါတယ်။
ရှေးယခင်လူသားတွေတုန်းက အခုထက်ပိုပြီး မေးရိုးတွေကြီးမားသန်မာကြသတဲ့ဗျ။ စားသောက် နေထိုင်ပုံတွေ မတူတဲ့အခါ ပြောင်းလဲလာကြတဲ့ သဘောပေါ့ဗျာ။ ယခင်လူသားတွေတုန်းကတော့ စိုက်ပျိုးရေး၊ ချက်ပြုတ်ရေးတွေ မပေါ်ပေါက်သေးတဲ့အခါ သစ်မြစ်သစ်ဖု၊ အလေ့ကျပေါက်တဲ့အပင်တွေ၊ အခွံမာသီးတွေ၊ အသားတွေစသဖြင့် အစာမာတွေကိုပဲ အားစိုက်ဝါးကြတော့ မေးရိုးဖွံ့ဖြိုးကြီးထွားဖို့ လုံ့ဆော်ပြီး ကြီးမားသန်မာတဲ့မေးရိုးတွေပိုင်ဆိုင်ခဲ့ကြတာဖြစ်ပါတယ်။
အခုခေတ်ရဲ့အစားအသောက်တွေကတော့ အားစိုက်ထုတ်စရာမလိုဘဲ စားလို့ဝါးလို့ရတဲ့အစာပျော့ မျိုးကိုသာ စားလာကြတာများတဲ့အတွက် လူတွေရဲ့ မေးရိုးကလည်း သေးပြီးနေရာကျဉ်းလာပါတယ်။ အံဆုံးသွားရဲ့ သဘောတရားက အရင်ပေါက်ထားပြီးသား အံသွားတွေစားလို့ဝါးလို့ ပြုန်းတီးပျက်စီးချိန်မှာ နောက်ထပ်လူ့သက်တမ်းတလျှောက် ဝါးအား စားအားကောင်းအောင် အကူထွက်ပေါ်လာပေးတဲ့ သွား တချောင်းဖြစ်ပါတယ်။ ရှေးယခင်လူသားတွေရဲ့မေးရိုးပေါ်မှာတော့ အံဆုံးကသူ့နေရာတကျပေါက်ပြီး အသုံးဝင်ခဲ့ပေမဲ့ ယခုလူတွေရဲ့ သေးပြီးကျဉ်းနေတဲ့မေးရိုးပေါ်မှာတော့ အံဆုံးတွေအတွက် နေရာမလုံ လောက်တော့ပါဘူး။ ဒါ့ကြောင့် တချို့လူတွေရဲ့ အံဆုံးက မေးရိုးထဲမြှုပ်နေတာ၊ စောင်းတာ၊ ကန့်လန့် ပေါက်တာအပြင် တဝက်တပျက်ပဲ ခံတွင်းထဲထွက်လာပြီး အံဆုံးပတ်လည်ကသွားဖုံးမှာ ပြဿနာတွေ စလာပါတော့တယ်။ အံဆုံးသွားက မေးရိုးထဲမှာ မြှုပ်နေတဲ့အနေအထား၊ သွားဖုံးရိုးနေရာမှာ အစားထိုးဝင် လာတဲ့အနေအထား၊ သွားဖုံးကိုဖောက်ပြီး ခံတွင်းထဲနေရာယူထွက်ပေါ်လာတဲ့အနေအထားကနေ နောက်ဆုံးဝါးလို့ရတဲ့နေရာ(Occlusal plane)အထိ ရောက်လာတဲ့အနေအထားဆိုပြီး အဆင့်ဆင့်ထွက် ပေါ်လာရပါတယ်။ မေးရိုးအခြေအနေ၊ ခံတွင်းထဲမှာ အံဆုံးအတွက်နေရာလုံလောက်မှုအခြေအနေပေါ် မူတည်ပြီး တဆင့်ချင်းစီမှာ ကြာတဲ့အချိန်လည်း မတူပါဘူး။ လချီကနေ နှစ်ချီသည်အထိကြာနိုင်ပါတယ်။ တချို့တွေမှာ တဝက်တပျက်ပေါက်တဲ့ အနေအထားမှာပဲ နှစ်များစွာကြာသည်အထိ ရပ်သွားနိုင်သလို တချို့မှာ အံဆုံးလုံးဝမထွက်လာတာမျိုးလည်း တွေ့ရပါတယ်။ မေးရိုးထောင့်ကနေစောင်းပြီးထွက်လာ မယ့်အနေအထားရှိတဲ့ အံဆုံးသွားက ခံတွင်းထဲမှာ ပေါက်ထားပြီးသား အံသွားကိုမျက်နှာမူထိုးတိုက်ပြီး ထွက်လာတဲ့အခါ အံဆုံးပေါက်လို့နာတဲ့ဝေဒနာအပြင် အတွန်းခံရတဲ့ အံသွားမှာလည်း အစာညှပ်၊ နာကျင်၊ သန့်ရှင်းရမလွယ်၊ အစာဝါးလို့ အဆင်မပြေ၊ ယောင်တာ၊ ပိုးဝင်တာဖြစ်ပြီး နဂိုရှိပြီးသား စားလို့ဝါးလို့ ကောင်းတဲ့အခြေအနေကို ပျက်စီးစေတာမျိုးလည်း ရှိပါတယ်။
အံဆုံးပေါက်လို့နာကျင်ပြီး သွားနှင့်ခံတွင်းဆေးခန်းလာပြကြတဲ့ လူနာအများစုက မျက်နှာတခြမ်း ယောင်ယမ်းပြီး ပါးစပ်ဟလို့အဆင်မပြေတဲ့ အနေအထားနဲ့ ရောက်လာကြတာများပါတယ်။ ခံတွင်းထဲကို စစ်ဆေးကြည့်ရင် တဝက်တပျက်ပေါက်နေတဲ့ အံဆုံးကို နီပြီးယောင်ယမ်းနေတဲ့သွားဖုံးက ဖုံးအုပ်ထားတာ တွေ့ရပြီး များသောအားဖြင့် အောက်မေးရိုးမှာရှိတဲ့ အံဆုံးတွေမှာ အဖြစ်များပါတယ်။ သွားတိုက်သန့်ရှင်း ရေးလုပ်တဲ့အခါ နာနေတဲ့အံဆုံးနေရာကို သွားတိုက်တံ မရောက်တော့ဘဲ သန့်ရှင်းရေး မလုံလောက်ခြင်း က နာကျင်ယောင်ယမ်းမှုကို ပိုဆိုးစေပြီး ပိုးဝင်သည်(Infection)အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီအခြေအနေ ကို တဝက်တပျက်ပေါက်နေသောသွားဘေးပတ်လည် သွားဖုံးယောင်ယမ်းခြင်း(Pericoronitis)လို့ခေါ် ပါတယ်။
အံဆုံးသွားက သွားဖုံးကိုခွဲထွက်ပြီး သွားဖုံးက အဖုံးအကာလိုဖြစ်နေတဲ့အနေအထားမှာ အစာ အကြွင်းအကျန်များက အဲ့ဒီသွားဖုံးအောက်ထဲပိတ်မိနေတတ်ပါတယ်။ အစာစားပြီးတိုင်း ပလုတ်ကျင်းတာ၊ သွားတိုက်တာတွေကို စနစ်တကျမလုပ်ဘူးဆိုရင် အစာအကြွင်းအကျန်ဝင်ထားတဲ့သွားနဲ့ သွားဖုံးကြားမှာ ဘက်တီးရီးယားပေါက်ရာနေရာတခု ဖန်တီးထားသလိုဖြစ်နေပြီး နီရဲတာ၊ နာတာ၊ ယောင်တာတွေစတင် ဖြစ်ပေါ်လာပါတယ်။ အစာစားချိန်တိုင်းမှာလည်း ယောင်နေတဲ့သွားဖုံးကို ဆန့်ကျင်ဖက်သွားက ထိမိ၊ ကိုက်မိပြန်တော့ ပိုဆိုးတဲ့အခြေအနေကိုဖြစ်စေပြီး အချိန်ကြာလာတာနဲ့အမျှ ခံတွင်းအနံ့ဆိုးထွက်တာ ကနေ ပြည်တည်နာအထိ ဖြစ်ရပါတော့တယ်။ ထို့ထက်အခြေအနေပိုဆိုးပါက ဖျားခြင်း၊ အစာဝါးရခက် ခြင်း၊ အစာမျိုရခက်ခြင်း၊ ပြန်ရည်ကြောဂလင်းများ ယောင်ယမ်းခြင်းနှင့် ပါးစပ်ဟရခက်ခဲခြင်းများပါ နောက်ဆက်တွဲဆိုးကျိုးအထိ ခံစားကြရပါတယ်။ တဝက်တပျက်ပေါက်နေတဲ့ သွားဘေးပတ်လည် သွားဖုံး ယောင်ယမ်းခြင်း(Pericoronitis)ဆိုတာ အဖြစ်များကြတာတွေ့ရပေမဲ့ ခံတွင်းသန့်ရှင်းရေးဂရုစိုက် ထိန်းသိမ်းခြင်း၊ ဆားရည်ဖြင့် ပလုတ်ကျင်းပေးခြင်း၊ သွားနှင့်ခံတွင်းဆေးခန်းတွင် စောစီးစွာပြသတိုင်ပင် ခြင်းများပြုလုပ်ပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။
အံဆုံးပေါက်တဲ့ဖြစ်စဉ်က လပိုင်းကနေ နှစ်ပိုင်းဘယ်လောက်ထိကြာမလဲ မသိနိုင်တဲ့အတွက် အံဆုံးစပေါက်လို့ နာတာ၊ ယောင်တာမျိုးရှိပြီဆိုရင် သွားနှင့်ခံတွင်းဆေးခန်းမှာ ကြိုတင်ပြသအကြံဉာဏ် ယူနိုင်ပါတယ်။ လိုအပ်တဲ့ ဓာတ်မှန်ရိုက်ပြီး သွားပေါက်လာမဲ့ လားရာမှန် မမှန်၊ သွားအနေအထား တည့်နေလား/ စောင်းနေလား၊ သွားကသွားဖုံးရိုးထဲမှာဘယ်လောက်အတိုင်းအတာအထိ မြှုပ်နေလဲ၊ သွား ထွက်ပေါ်လာဖို့ ခံတွင်းထဲမှာ နေရာ ရှိ/မရှိ၊ ဘေးအံသွားပေါ်မှာ အန္တရာယ် ရှိ/မရှိ၊ သူ့အလိုလိုသွားဖုံးကို ခွဲထွက်နိုင်မလား/ သွားဖုံးဖြတ်ထုတ်ပေးဖို့လိုတဲ့ အခြေအနေလား စသဖြင့် တိုင်ပင်ဆွေးနွေးကာ အံဆုံး သွားတချောင်း နောက်ဆက်တွဲ ဆိုးကျိုးများ မရှိဘဲ ခံတွင်းထဲထွက်ပေါ်လာဖို့လိုပါတယ်။ အကယ်၍ နှုတ်ပစ်ရမဲ့ အခြေအနေဖြစ်နေတဲ့ အံဆုံးဆိုရင်လည်း ဘာကြောင့်နှုတ်သင့်တယ်၊ ဘယ်လိုဆက်လက် ကုသရမလဲအထိ ကိုယ်တိုင်သေချာ နားလည်သဘောပေါက်ထားသင့်ပါတယ်။ တချို့ အခြေအနေမှာ ဆိုရင် ထွက်လာမဲ့ အံဆုံးကို နှုတ်ရတာမျိုးမဟုတ်ဘဲ အပေါ်/အောက် ဆန့်ကျင့်ဖက်မှာရှိ နေတဲ့ သွားကိုနှုတ်မှ အဆင်ပြေမယ့်အနေအထားမျိုးလည်း ကြုံလာတတ်ပါတယ်။ ဒါ့ကြောင့် အံဆုံး တချောင်းအဆင်ပြေချောမွေ့စွာ ခံတွင်းထဲထွက်ပေါ်လာဖို့ သွားနှင့်ခံတွင်းဆေးခန်းမှာ ပြသတိုင်ပင်ကြရန် အသိပေးလိုက်ပါတယ်ဗျာ။