• မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် ရထားတဲ့ Albutein နဲ့ အလားသဏ္ဌာန်တူ ဆေးတုတွေ စျေးကွက်ထဲ ရောင်းနေတာကို စိစစ်တွေ့ရှိထားတာမို့ အဲဒီဆေးတွေကို ဝယ်ယူ မသုံးစွဲမိဖို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးကြေညာချက် ထုတ်ထားပါတယ်။
• ပါမောက္ခနဲ့ အထူးကုဆရာဝန်ကြီး ၁၃ ဦး ပါတဲ့ အထူးကု ဆေးကုသရေးအဖွဲ့ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ဇွန် ၂၇ နဲ့ ၂၈ ရက်အတွင်း ဒေသခံတွေအထိ ကွင်းဆင်းပြီး ကုသမှုတွေ ပေးအပ်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
• နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးငယ်တွေဟာ အိမ်ကနေ တိမ်းရှောင်ရုံနဲ့ ကျရောက်နိုင်တဲ့ အန္တရာယ်အားလုံးက လွတ်မြောက်သွားတာ မဟုတ်လို့ ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဘဝ ကူညီရေး အစီအစဉ်တွေအပြင် အသက်အန္တရာယ် မကြုံရအောင်အတွက် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းအန္တရာယ်အကြောင်းကိုလည်း အသိပညာပေးမှုတွေ လုပ်နေတယ်လို့ ကလေးသူငယ်များ၏ အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးနေတဲ့ ယူနီဆက်စ်က ထုတ်ပြန်ထားပါတယ်။
• ပြည်သူအတွက် သက်မွေးဝမ်းကျောင်းသင်တန်းတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဖွင့်လှစ် ပိုချနိုင်ဖို့ စီစဉ်နေတယ်လို့ ဇွန် ၃၀ ရက်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီများဖောင်ဒေး ရှင်း (IFRC) ရဲ့ အာရှ – ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
• မွေးကင်းစ ကျန်းမာရေး စောင့်ကြည့်မှုမှာ နေ့စဉ် ဝမ်း သွား – မသွား နဲ့ ဝမ်းအရောင်ပြောင်းလဲမှုကို စစ်ဆေးမေးမြန်းတာဟာ အသက်အန္တရာယ်ရှိ ရောဂါတွေကို စောစီးစွာ အရေးပါတာမို့ ကျိုက်ထိုမြို့ နယ်ပြည်သူ့ဆေးရုံကြီးမှာလည်း မွေးကင်းစကလေး လှည့်လည် စစ်ဆေးရာမှာ ဒီအကြောင်းအရာကို နေ့စဉ် မေးမြန်းတဲ့ပုံစံကို ကျင့်သုံးနေတယ်လို့ ဆေးရုံဘက်က ထုတ်ပြန်ထားပါတယ်။
• သန္ဓေတားဆေး (စားဆေး၊ ထိုးဆေး) တွေကို သတ်မှတ်အချိန်အတိုင်း မသုံးစွဲရင် ကိုယ်ဝန်ရနိုင်တာမို့ လက်မောင်းထဲ ထည့်တဲ့ တားဆေး (Contraceptive Implant) ဟာ ထိရောက်ပြီး အဆင်ပြေတဲ့ ရွေးချယ်စရာ တစ်ခုဖြစ်လာပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လုပ်ဆောင်သင့်တယ်လို့ ကျိုက်ထိုပြည် သူ့ဆေးရုံကြီးက သတိပေးထားပါတယ်။
• ထိုင်းနိုင်ငံက Squishy လို့ ခေါ်တဲ့ လက်နဲ့ ညှစ်ပြီး ကစားရတဲ့ အရုပ်တွေမှာ ဓာတုပစ္စည်းတွေ အလွန်အကျွံပါလာလို့ ကျန်းမာရေးထိခိုက်တဲ့အထိ အန္တရာယ်ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
• ဖုန်းအပါအဝင် ဒစ်ဂျစ်တယ်ပစ္စည်းတွေ အချိန်ကြာကြာ သုံးတာဟာ သုံးစွဲသူရဲ့ လည်ပင်းပုံသဏ္ဌာန် ပြောင်းတာ၊ မျက်စိအမြင် ထိခိုက်တာ၊ လက်လှုပ်ရှားမှဒ စွမ်းရည် လျော့ကျတာအပြင် ကြွက်သား သန်စွမ်းမှုကို ကျဆင်းစေတာတွေ ဖြစ်လာနိုင်တယ်လို့ သိပ္ပံသုတေသနတွေကို ကိုးကားပြီး ဘီဘီစီ ကျန်းမာရေးသတင်းက ရေးသားထားပါတယ်။
• ဝင်ငွေမြင့် နိုင်ငံတချို့မှာ အဝလွန် သက်ကြီးရွယ်အိုနဲ့ ပုံမှန် BMI ရှိသူတွေအကြား ကိုလက်စထရောနဲ့ သွေးပေါင်ချိန်ကွာခြားချက်ဟာ လွန်ခဲ့တ့ နှစ် ၃၀ အတွင်း သိသာစွာ လျော့နည်းလာပြီး တချို့နိုင်ငံ တွေမှာဆိုရင် ကွာခြားမှု မရှိသလောက် ဖြစ်လာပြီလို့ The Lancet ဂျာနယ်က ဖော်ပြတဲ့ သုတေသန တစ်ရပ်မှာ ပါရှိပါတယ်။ ဒါဟာ အသက် ၄၀ ကျော်အရွယ် အဝလွန်သူတွေက ကိုလက်စထရော လျှော့ချတဲ့ ဆေး (ဥပမာ – Statins) နဲ့ သွေးပေါင်ကျဆေးတွေကို အရင်ထက် ပိုပြီး ကျယ်ကျယ် ပြန့်ပြန့်သုံးလာတာကြောင့်လို့ သုံးသပ်ထားပြီး အဝလွန်ရင် သွေးပေါင်ချိန် တက်ပြီး ကိုလက်စထရော မြင့်တာကြောင့် နှလုံးနဲ့ သွေးကြောကျန်းမာရေးကို ထိခိုက်စေပြီး နှလုံးဖောက်တာ၊ အားနည်းတာနဲ့ လေဖြတ်တာ ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။
• ကနေဒါမှာ အိပ်နေတဲ့ အသက် ၁၁ နှစ်အရွယ် ကလေးရဲ့ နှာခေါင်းနဲ့ ပါးစပ်ပေါ် လင်းနို့ လာနားရာကနေ ခွေးရူးပြန်ရောဂါ ကူးစက်ခံရလို့ သေဆုံးသွားတယ်လို့ ဘီဘီစီ သတင်းက ရေးသားထားပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ်က ကနေဒါနိုင်ငံ၊ အွန်တာရီယိုပြည်နယ်က အားလပ်ရက် အပန်းဖြေ အိမ် (Cottage) ကို သွားလည်ရာကနေ ဖြစ်ပျက်ခဲ့တာလို့လည်း ပြီးခဲ့တဲ့ တနင်္ဂလာနေ့ထုတ် Canadian Medical Association ဂျာနယ်မှာ ဖော်ပြထားပါတယ်။
• ကော်ဖီဟာ အသည်းရောဂါနဲ့ အသည်းကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ လေ့လာမှုတစ်ခုကို ကိုးကားပြီဂ CNN သတင်းဌာနက ရေးသားထားကာ တချို့အခြေအနေတွေမှာ တစ်နေ့ကို ကော်ဖီ ငါးခွက်နဲ့အထက် သောက်သူတွေမှာတောင် ကာကွယ်နိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီသုတေသနဟာ လူပေါင်း ၃၅၄,၀၀၀ ကျော်ကို ဆယ်နှစ်ကြာ စောင့်ကြည့် အခြေခံပြီး ထုတ်ပြန်ထားတာ ဖြစ်တယ်လို့ Clinical Gastroenterology and Hepatology ဂျာနယ်မှာလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။
• အမေရိကန်မှာ နွေကာလ အပူချိန် မြင့်တက်လို့ အပူလွန်ကဲမှုဒဏ် ခံရပြီး အရေးပေါ်ဌာနမှာ ကုသရသူဟာ နှစ်စဉ် တစ်သိန်းကျော်ရှိလာတာမို့ အပူရှပ်ခြင်း (Heatstroke) ကြောင့် ဖြစ်လာမယ့် အန္တရာယ်တွေကို သိထားသင့်တယ်လို့ CNN သတင်းဌာနက အကြံပြု ရေးသားထားပါတယ်။