မြန်မာလူကြီးသူမတွေက “အနာပဆုတ် ကျောလုံးပုတ်” လို့ ဆိုရိုးစကား တင်စားပြောဆိုလေ့ ရှိကြပါတယ်။ ဒါဟာ ခေတ်မီဆေးပညာတွေ မရှိခင်ကတည်းက ရှေးလူကြီးတွေဟာ အနာပဆုတ်ကို ပေါ့ပေါ့ဆဆ ထားခဲ့ရင် ပိုးတွေက ကျောပြင်တစ်ခုလုံးအနှံ့ ပြန့်သွားပြီး အသားတွေပုတ်ကာ အသက်အန္တရာယ် ထိခိုက်နိုင်တယ်ဆိုတာကို သိထားခဲ့ပြီး နှောင်းလူတွေကို သတိပေးထားခဲ့တာ ဖြစ်ပါတယ်။
သာမန်အနာစိမ်းပေါက်တာက လူတိုင်းနီးပါး ကြုံဖူးကြတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ အနာစိမ်းက တစ်လုံးတည်း မဟုတ်ဘဲ အများကြီးစုပြီး ပေါက်လာတာ၊ အနာက အလွန်ကြီးပြီး နက်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါကို ဆေးပညာအရ Carbuncle လို့ခေါ်ပြီး မြန်မာလိုတော့ အနာပဆုတ် လို့ လူသိများကြပါတယ်။ အနာပဆုတ်ဟာ သာမန်အနာစိမ်းထက် အရွယ်အစား ပိုကြီးပါတယ်။ အနာထိပ်ဝမှာ ပြည်ပေါက်တစ်ပေါက်တည်း မဟုတ်ဘဲ ဆန်ကောပေါက်လို ပြည်ပေါက်တွေ အများကြီး ပါရှိတတ်ပါတယ်။ နာကျင်မှုကလည်း ပိုပြင်းထန်သလို ဖျားတာ၊ နုံးတာ၊ အကျိတ်ထွက်တာတွေပါ တွဲဖြစ်တတ်ပါတယ်။ များသောအားဖြင့် လည်ပင်းဂုတ်ပိုး၊ ကျောပြင်၊ ပခုံးနဲ့ ပေါင်တံတွေမှာ အဖြစ်များပါတယ်။
အနာပဆုတ်ဆိုတာ အမွေးတွေပေါက်လာမယ့်နေရာက အိတ်လေးတွေ (Hair follicles) အများကြီးပူးပေါင်းပြီး အရေပြားအောက် အတွင်းနက်နက်ထဲ ပြည်တည်တာ ဖြစ်ပါတယ်။ အဓိကတရားခံကတော့ Staphylococcus aureus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် နောက်ပိုင်းမှာ ဆေးယဉ်ပါးတဲ့ပိုး (MRSA) တွေကြောင့် ပိုအဖြစ်များလာတာကို တွေ့ရပါတယ်။ ဒီရောဂါဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ဆီးချိုရောဂါက ထိပ်ဆုံးက ပါဝင်ပါတယ်။ ဆီးချိုသွေးချို မထိန်းနိုင်တဲ့သူတွေမှာ သွေးဖြူဥတွေရဲ့ စွမ်းဆောင်ရည်ကျဆင်းပြီး ပိုးတွေကို မတိုက်ထုတ်နိုင်တဲ့အတွက် သာမန်လူတွေထက် အနာပဆုတ် ပိုဖြစ်လွယ်စေတာပါ။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကျဆင်းနေသူတွေ၊ အဝလွန်သူတွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းသူတွေမှာလည်း ဖြစ်တတ်ပါတယ်။
အနာပဆုတ်ဟာ သာမန်အနာစိမ်းတွေလို သောက်ဆေး၊ လိမ်းဆေးလေး သုံးရုံနဲ့ လက်နဲ့ညှစ်လိုက်ရုံနဲ့ မပျောက်ကင်းနိုင်ပါဘူး။ “ကျောလုံးပုတ်” မသွားရအောင် အနာပိုးဝင်ပြီး ဆိုးဝါးမလာအောင် အထိရောက်ဆုံး ကုသနည်းကတော့ အနာပဆုတ်ကို စနစ်တကျ ခွဲပြီးဖောက်ထုတ်ပစ်ခြင်း/ ခွဲစိတ်ကုသခြင်း (Incision and Drainage) ပဲ ဖြစ်ပါတယ်။ သာမန်အနာစိမ်းတွေနဲ့ မတူတာက ပြည်အိတ်တွေက အထဲမှာ အခန်းလိုက်ဖွဲ့ပြီး ရှိနေတတ်တဲ့အတွက် အပေါ်ယံဖောက်ထုတ်ရုံနဲ့ မရဘဲ သေချာခွဲစိတ်ပြီး ပြည်ပုပ်တွေကို ဖယ်ရှား၊ ဆေးကြောသန့်စင်မှသာ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။ အနာပဆုတ်ဖြစ်ခဲ့ရင် သာမန်အနာစိမ်းတွေလို အနာကို လက်နဲ့ညှစ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းက ပိုးတွေကို သွေးကြောထဲ ရောက်သွားစေပြီး အသက်အန္တရာယ်ရှိတဲ့ သွေးဆိပ်သင့်တာမျိုး ဖြစ်စေနိုင်ပါတယ်။
အနာပဆုတ်မှာ ပုံမှန်အားဖြင့် ပိုးသတ်ဆေး/ပဋိဇီဝဆေး သောက်ဖို့ လိုအပ်နိုင်ပါတယ်။
ပိုးသတ်ဆေးသောက်တဲ့ နေရာမှာလည်း ဆရာဝန်ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ ဆရာဝန်အနေနဲ့ လိုအပ်ရင် အနာကပြည်ကို ယူပြီး ပိုးမွေးမြူစစ်ဆေးခြင်း (Pus Culture) ပြုလုပ်ကာ သင့်တော်တဲ့ ပိုးသတ်ဆေးကို ရွေးချယ်ပေးပါလိမ့်မယ်။ ပိုးသတ်ဆေးတွေဟာ စနစ်တကျ မသောက်ဘူးဆိုရင် နောက်ပိုင်းမှာ ဆေးယဉ်ပါးတဲ့ ပြဿနာ ဖြစ်လာနိုင်ပြီး ရောဂါပိုးတွေကို မနိုင်တော့တာ ဖြစ်လာနိုင်ပါတယ်။
အနာပဆုတ်ကို အချိန်မီ မကုသရင် ပိုးက အရေပြားအောက်တစ်လျှောက် ပြန့်သွားတာ ၊ အရိုးထိအောင် စားသွားတာနဲ့ သွေးဆိပ်သင့်ပြီး အသက်အန္တရာယ် ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။
အနာပဆုတ် မဖြစ်အောင် ၁) ဆီးချိုရောဂါရှိရင် ဆီးချိုကို သေချာထိန်းပါ၊ ဒါဟာ အရေးအကြီးဆုံး အချက်ပါပဲ၊ ၂) တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ၊ ၃) မျက်နှာသုတ်ပဝါ၊ အဝတ်အစား၊ ဓားကစတာတွေကို မျှဝေသုံးစွဲခြင်း ရှောင်ကြဉ်ပါ၊ ၄) အနာခဏခဏပြန်ဖြစ်တတ်သူတွေအနေနဲ့ မိမိရဲ့ အသုံးအဆောင်တွေကို ပိုးသတ်ဆေးရည်နဲ့ လျှော်ဖွပ်တာ၊ တစ်ကိုယ်လုံးသန့်ရှင်းရေး လုပ်တာတွေ ပြုလုပ်သင့်ပါတယ်။
အနာပဆုတ်ဆိုတာ သာမန်အနာစိမ်းထက် ပိုမိုပြင်းထန်ပြီး ဂရုစိုက်ကုသရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ်။ ရှေးလူကြီးတွေ သတိပေးခဲ့သလိုပါပဲ၊ ပေါ့ပေါ့ဆဆနေရင် အသက်အန္တရာယ် ပေးနိုင်တဲ့အထိ ပြင်းထန်နိုင်တဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေမှာ (သို့) သင့်မှာ သာမန်အနာစိမ်းနဲ့မတူဘဲ အနာပဆုတ်ဖြစ်နေတယ်လို့ သံသယရှိရင် အိမ်မှာပဲ ဆေးမြီးတိုတွေနဲ့ ကုမနေဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကုသဖို့ တိုက်တွန်းချင်ပါတယ်။
References:
• Stevens DL et al. Practice Guidelines for the Diagnosis and Management of Skin and Soft Tissue Infections: 2014 Update. Clin Infect Dis.
• NICE Guidelines (NG141): Skin infections: antimicrobial prescribing.
• CDC: Methicillin-resistant Staphylococcus aureus (MRSA) General Information.