Skip to content
Ads Advertisement

သတိထားကြည့်မှ မြင်ရမယ့် သက်ကြီးစိတ်ကျန်းမာ

“မောင်ဘုန်း…မောင်ဘုန်း”

​တစ်ဖက် အိပ်ခန်းထဲက အော်ခေါ်သံကြောင့် အလန့်တကြား သွားကြည့်မိတော့ အဖွားဖြစ်သူ အိပ်နေရင်းနဲ့ ယောင်နေတဲ့ အသံ။ သူ မအိပ်ခင် မြေးဖြစ်တဲ့သူနဲ့ စကားပြောနေရင်းက မှေးခနဲ အိပ်ပျော်သွားရင်းက စိတ်စွဲပြီး မြေးဖြစ်သူ နာမည်ကို အော်နေမိတာ။ ဘေးအခန်းက သမီးဖြစ်သူက သွားကြည့်တော့ ယောင်နေတာ။

​“အဘွားက အတော့်ကို ပစိပစပ် များလာပြီ။ သားက ကျောင်းလွယ်အိတ်ကို ပြီးရင် ထည့်မယ်ဆိုတာကို မရဘူး။ မထည့်မချင်းကို တတွတ်တွတ်နဲ့ နားငြီးနေတာ။ သားကို မပြောရရင် အဖိုးဘက်ကို လှည့်သွားကော။ စကားပြောရင်လည်း ဘုနဲ့ ဘောက်ရယ်” လို့ ဆိုလာသူက မြေးဖြစ်သူ မောင်ဘုန်း။

အဘွားဖြစ်သူက ဒေါ်ဌေးက အသက် ၆၅ နှစ်။ အမျိုးသား၊ သမီး နှစ်ယောက်နဲ့ နေရင်း အိမ်ကတဆင့် ကျောင်းလာတတ်တဲ့ သားဖြစ်သူရဲ့ သား (မြေး) ကို နေ့စဉ်မပြတ် ဂရုစိုက်ပေးတတ်သူ။ တစ်အိမ်လုံးရဲ့ ဝေယျာဝစ္စကို ကြုံးရုန်းလုပ်ရင်း တစ်ဖက်ကလည်း သူ့တာဝန်လို့ သတ်မှတ်ထားတာတွေကို မပြည့်မီမှာ ကြောက်ရင်း အမြဲမပြတ် စိတ်ပူနေတတ်သူ။

တကယ်တော့ ဒေါ်ဌေးက အရင်က အဲဒီလို မဟုတ်ပါဘူး။ တခြားသူတွေရဲ့ အရိပ်အကဲကို ကြည့်ပြီး နောက်ကနေ တိတ်တိတ်လေး ဖြည့်ဆည်းပေးတတ်တဲ့ ဇနီးကောင်း၊ မိခင်ကောင်း။ သားဖြစ်သူကနေ မြေးကလေး မွေးလာပြီးနောက်ပိုင်းမှာ အဲဒီအမူအကျင့်တွေက ပြောင်းသွားသလို တစ်ခုခုဆို စိတ်မရှည်တော့တဲ့ ပုံစံ ပြောင်းလာတာ အခုဆို ငါးနှစ်ကျော်လာပြီ။ လူက ဆီးချိုဝေဒနာသည်။​ ယောင်္ကျားဖြစ်သူနဲ့ သားသမီးတွေက ခံစားနေရတဲ့ ဆီးချိုရောဂါကို ဂရုစိုက်ဖို့ တတွတ်တွတ် ပြောနေကြပေမယ့် သူ့ စိတ်ထဲမှာက သူ့ ရောဂါကို ဂရုစိုက်ဖို့ထက် သူ့ မြေးလေးအတွက် မလစ်ဟင်းအောင်၊ ယောင်္ကျားနဲ့ သားသမီးတွေအပေါ် အရင်လို စိတ်မရှည်တော့ဘဲ ဘုနဲ့ ဘောက် ဖြစ်နေတာကိုက အမှန်လို့ ထင်ပြီး အိမ်သူအိမ်သားအားလုံးနဲ့ အဆင်မပြေဖြစ်လာသူ။​

ဆေးပညာရှုထောင့်အရ ကြည့်ရင် လူတွေဟာ သက်ကြီးပိုင်းကို ချဉ်းကပ်လာပြီဆိုတာနဲ့ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ အမူအကျင့် ပြောင်းလဲလာမှု နောက်ဆက်တွဲပါ။ အသက်အရွယ် ကြီးလာတာအပြင် ဦးနှောက်ရဲ့ အလုပ်လုပ်ပုံ ပြောင်းလဲတာ၊ ကျန်းမာရေးပြဿနာနဲ့ လူမှုဘဝအခြေအနေတွေကလည်း ဒီအပေါ်ကို သက်ရောက်မှု ကြီးသလို မိသားစုဝင်တွေအတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ သက်ကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုထဲက တစ်ခုက မှတ်ဉာဏ်ချို့ယွင်းတာ (Cognitive Impairment) နဲ့ သတိမေ့ရောဂါ (Dementia) ပါ။ ဒီထဲက အယ်လ်ဇိုင်းမာရောဂါ (Alzheimer’s Disease) ကတော့ မှတ်ဉာဏ် ချို့ယွင်းမှု အဖြစ်အများဆုံး ပုံစံတစ်ခုပါ။​ ဒီလိုဖြစ်လာပြီဆိုရင် လူရဲ့ အမူအကျင့်တွေကလည်း ပြောင်းလာပါတယ်။ မကြာသေးခင်ကမှ ဖြစ်ခဲ့တာတွေကို မေ့တာ၊ ကိုယ်သွားနေကြ ရင်းနှီးတဲ့ နေရာတွေမှာတောင် လမ်းပျောက်နေတတ်တာ၊ စကားပြောတဲ့အခါ စကားလုံးရှာမရဘဲ တဝဲလည်လည်နဲ့ ထစ်ငေါ့နေတာ၊ စိတ်ဓာတ်ကျပြီး စိုးရိမ်ပူတာတွေ ဖြစ်တတ်သလို တခါတလေ ဆန့်ကျင်ဘက် ထောင်လွှားပြီး မာနကြီးသလိုလိုနဲ့ စိတ်တိုဒေါသထွက်လွယ်တာတွေ ဖြစ်လာတတ်ပါတယ်။

နောက်ထပ် ပုံစံတစ်ခုကတော့ ကိုယ့် လုပ်နိုင်စွမ်းကို ဘဝင်မကျတော့ဘဲ စိတ်ဓာတ်ကျတာ (Depression) မျိုး ဖြစ်တာပါ။ ဒါဟာ သက်ကြီးပိုင်းရောက်လာတဲ့ သူတွေမှာ အဖြစ်များတဲ့ စိတ်ကျန်းမာရေး ပြဿနာဖြစ်ပြီး ဝန်ထမ်းတွေမှာဆိုရင် သက်ပြည့်ပင်စင်ယူပြီးနောက်ပိုင်း ပင်စင်နာ ဆိုပြီး နာမည်တပ်ကြတဲ့ ဖြစ်စဉ်တစ်ခုပါ။​ ဒီလို စိတ်ဓာတ်ကျမှုဖြစ်တာဟာ လူအများကြီးရဲ့ နေရာကနေ တစ်ကိုယ်တည်း ဖြစ်သွားတာ၊ ကိုယ့်မှာ ဆီးချို၊ သွေးတိုး၊ နှလုံးလို နာတာရှည်ရောဂါ တစ်ခုခု ဖြစ်တာ၊ ချစ်ရ ခင်ရတဲ့သူတစ်ဦးဦး ဆုံးရှုံးသွားရတာ မျိုး ကြုံရရင် ဖြစ်စေ ဖြစ်ပွားလာတတ်ပါတယ်။

​“ကျွန်တော့်အဖေက သစ်တောက။ သူက အထက် လူကြီးတွေနဲ့ မတည့်ပေမယ့် သူက အောက်ခြေက ဝန်ထမ်းတွေနဲ့က အရမ်းအဆင်ပြေတဲ့သူ။ ဒီတော့ ဘေးပတ်ချာလည်မှာက လူများပြီး လူက သွားဟယ် လာဟယ်နဲ့ဆိုတော့ ပင်စင်မယူခင်အချိန်အထိက အတော်လေး ကျန်းမာတယ်ဗျ။ သူ ပင်စင်လည်း ယူလိုက်ချိန်၊ တိုက်တိုက်ဆိုင်ဆိုင်က သူ့ ညီ ဆုံးသွားတာ။ အဲဒီအချိန် ဘေးမှာကလည်း အရင်လို လူက မရှိ၊ ညီကလည်း ဆုံး သွားတော့ ချက်ချင်းဆိုသလိုပဲ လူက စိတ်ဓာတ်ကျသလိုလို၊ တစ်ခုခုကို မကျေနပ်သလိုတွေ စဖြစ်လာကော။ ဒီ့ထက်ပိုဆိုးလာတာက အိမ်မှာရှိတဲ့သူတွေဆို ဘယ်သူ့ကိုမှ အလိုမကျတော့တာ။ အခု အသက်က ၈၅ ကျော်လာလေ ပိုဆိုးလာလေပဲ။ သက်ကြီးဖြစ်တတ်တဲ့ နှလုံးရောဂါ ရှိလို့ သွေးကြဲဆေး သောက်ရတာပဲ​ရှိတယ်။ မှတ်ဉာဏ်ကတော့ ကောင်းတုန်း။ ဘယ်တုန်းက ဘာလုပ်ခဲ့တာ၊ သူ့ကို ဧည့်သည်လာတွေ့ရင် တခြားအသက်ကြီးသူတွေ လို မဟုတ်ဘဲ အသိရှိရှိနဲ့ကို စကားပြန်ပြောနိုင်တယ်။ ဒါပေမဲ့ မိသားစုနဲ့ကျရင် ငါက သေတော့မှာ၊ သွားတော့မှာနဲ့ချည်း ပြောတာ။ အဓိက က စိတ်ကျတာပဲ ပြောရမယ်။ အလုပ်က နားလိုက်တော့ ဘေးမှာ တပည့်တပန်းတွေ မရှိတာ၊ သူ ချစ်တဲ့ ညီကလည်း ဆုံးသွားတာတွေက သူ့ကို ဂယက်ရိုက်တာပဲ” လို့ ဖခင်ဖြစ်သူ ကျန်းမာရေးကို အနီးကပ်ဂရုစိုက်ပေးနေတဲ့ အသက် ၄၀ အရွ​ယ် ကိုသာဓုက MyanHealth ကို ပြောပြပါတယ်။

သက်ကြီးပိုင်းတွေမှာ ဒီပရက်ရှင် ဆိုတဲ့ စိတ်ဓာတ်ကျဆင်းမှု ဖြစ်လာရင် ပြောင်းလဲလာတတ်တဲ့ အမူအကျင့်တွေ အများကြီး ရှိပါတယ်။ အဓိကအားဖြင့် မျှော်လင့်ချက်မဲ့ပြီး ဝမ်းနည်းနေသလို ဖြစ်တာ၊ တစ်ချိန်က ကိုယ်စိတ်ဝင်စားခဲ့တဲ့ အရာတွေအပေါ်မှာတောင် စိတ်ဝင်စားမှု လျော့ကျတာ၊ အိပ်မပျော်တာ ဒါမှမဟုတ် ဆန့်ကျင်ဘက် အလွန်အကျွံ အိပ်တာ၊ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး တန်ဖိုးမရှိသလို ခံစားရတာ၊ ဒီ့ထက် ဆိုးလာရင် တော့ သေကြောင်းကြံစည်လိုတဲ့ အတွေးတွေ ဝင်လာတာအထိ ဖြစ်တတ်တယ်လို့ National Institute of Mental Health – NIMH ရဲ့ “Older Adults and Depression” နာမည်နဲ့ ဖော်ပြထားတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ သက်ကြီးပိုင်းတွေမှာ နောက်ထပ် ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုကတော့ Anxiety Disorders ဆိုတဲ့ စိုးရိမ်ပူပန်မှု လွန်ကဲလာတာပါ။ ကိုယ့်ရဲ့ ကျန်းမာရေး၊ မိသားစုပြဿနာ၊​ ဒါမှမဟုတ် ငွေကြေးအခက်အခဲတွေကလည်း စိုးရိမ်စိတ် လွန်ကဲတာကို ဖြစ်စေနိုင်ပြီး အခုဆိုလိုတဲ့ စိုးရိမ်စိတ်လွန်ကဲတယ်ဆို တာက အနာဂတ်အပေါ် မလိုအပ်ဘဲ စိုးရိမ်နေတာ၊ အသေးအမွှားကိစ္စတွေကအစ စိုးရိမ်စိတ် များနေတာမျိုးကို အဓိက ဆိုလိုတာပါ။ ဒီလိုဖြစ်လာရင် လူက နားလို့ ရတဲ့ အခင်းအကျင်းရှိရင်တောင် အနားမယူနိုင်ဘဲ တည်ငြိမ်မှု ပျောက်တာ၊ အာရုံစူးစိုက်ဖို့ ခက်ခဲတာ၊ ညဘက်တွေ အိပ်မပျော်တာ၊ ကိုယ်ခန္ဓာပိုင်းအရဆို ရင်တုန်တာ၊ ချွေး ထွက်တာ၊ ကြွက်သားတွေ တင်းမာတာတွေ ဖြစ်တတ်ပါတယ်။

​စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေက အသက်အရွယ်ကြောင့်၊ ကျန်းမာရေးကြောင့်၊ လူမှုစီးပွားဘဝ အခြေ အနေတစ်ရပ်ရပ်ကြောင့် အပေါ်က ပြောပြတဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ရှိလာရင် အမူအကျင့် ပြောင်းလာ တွေရှိပြီး အဖြစ်များပြီး သိသာတဲ့ လက္ခဏာတွေကတော့ စိတ်တိုလွယ်တာ / ရန်လိုတာ၊ စိတ်အာရုံ ထွေပြားပြီး အမှားမှားအယွင်းယွင်းတွေ မြင်တာ၊ အိပ်စက်မှုပုံစံတွေ ပြောင်းလဲတာတွေ ဖြစ်လာတတ်ပါတယ်။ နောက်ပြီး Inappropriate Behaviors လို့ ခေါတဲ့ မူမမှန်၊ မသင့်လျော်တဲ့ အပြုအမူတွေ လုပ်လာတတ်ပါတယ်။ မတော်တဲ့ ပုံစံနဲ့ ဝတ်စားဆင်ယင်မှု လုပ်တာ၊ ပစ္စည်းတွေ ဖွတ်ထားတယ် ဒါမှမဟုတ် ခိုးခံရတယ်လို့ ထင်မြင်တာတွေ၊ အများသူငါရှေ့မှာ မသင့်လျော်တဲ့ အပြုအမူ၊ အပြောအဆိုတွေ လုပ်တာကလည်း စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရဲ့ နောက်ဆက်တွဲ လက္ခဏာတွေ ဖြစ်တယ်။ နောက်ထပ်တစ်ခုကတော့ Social Withdrawal လို့ ခေါ်တဲ့ လူမှုဆက် ဆံရေးအဝန်းအဝိုင်းကနေ ဝေးကွာလာတာပါ။ ဒီလို ဖြစ်ရတာဟာ စိတ်ဓာတ်ကျပြီး တစ်ကိုယ်တည်း သီးသန့်နေတာအပြင် မှတ်ဉာဏ်ချို့ယွင်းလို့ ဒါမှမဟုတ် ကိုယ်ခန္ဓာအားနည်းလို့ ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ရေးမှာ အကန့်အသတ်​ရှိတာတွေကြောင့်လည်း ဖြစ်သလို ကိုယ်တိုင်က အပြင်ထွက်လိုစိတ် နည်းပြီး တစ်ကိုယ်တည်းနေလိုစိတ် ကဲလာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တကယ်တော့ လူတွေက သက်ကြီးပိုင်းရောက်လာရင် အကြောင်းအမျိုးမျိုးကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ ယွင်းမှုတွေ ဖြစ်တတ်ပေမယ့် များသောအားဖြင့် ဒါက အသက်ကြီးလို့ ဖြစ်တတ်တဲ့ သဘောသဘာဝပါလို့ တွေးထင်တတ်ကြပါတယ်။ ဒါကြောင့်လည်း သက်ကြီးပိုင်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုနဲ့ နောက်ဆက်တွဲ အမူအကျင့် ပြောင်းလဲလာမှုကို သတိမမူမိကြတာ ဖြစ်ပါတယ်။ ဒါကို နားလည်ပြီး ဆောလျင်စွာ ရောဂါရှာဖွေတာမျိုး၊ ကုသမှု ခံယူပေးတာမျိုးဟာ သက်ကြီးအရွယ်တို့ စိတ်ကျန်းမာရေးအတွက် အကောင်းဆုံး ဖြေရှင်းနည်း တစ်ရပ်ပါ။ သက်ကြီးရွယ်အိုတွေမှာ စိတ်ပိုင်းဆိုင်ရာနဲ့ အမူအကျင့်တွေက အရင်နဲ့မတူဘဲ ပြောင်းလဲလာပြီဆိုတာ သတိထားစောင့်ကြည့်တတ်ဖို့ကတော့ မိသားစုဝင်တိုင်းရဲ့ ပထမ အလုပ်ပါ။ စောင့်ကြည့်ရင်းက ပြောင်းလဲမှုတွေကို စတွေ့လာပြီဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ ပညာရှင်တွေနဲ့ ပြဖို့ လိုပါတယ်။ ဆေးဝါးနဲ့ ကုသဖို့ လိုရင် ဆေးဝါးနဲ့ ကုပြီး စိတ်ပိုင်းဆိုင်ရာ ကုထုံး (Therapy) နဲ့ ကုရမယ်ဆိုရင်လည်း ကျွမ်းကျင်တဲ့ ကုထုံးပညာ ရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။

နောက်တစ်ခုကတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရဖို့နဲ့ အေးချမ်းစေဖို့အတွက် မိသားစုတွေအပါအဝင် မိတ်ဆွေတွေရဲ့ အခန်းကဏ္ဍကလည်း ကုထုံးတစ်ခုလို့ ဆိုရမှာပါ။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အမူအကျင့် ပြောင်းလာတာအပေါ် နားလည်ပေးပြီး ဂရုစိုက်မယ်၊ ပံ့ပိုးပေးမယ်ဆိုရင် ခံစားရသူကိုယ်တိုင် သူ့ဘာသာသူ နားလည်လာပြီး ပြန်လည်ဆင်ခြင်တာမျိုး၊ လိုအပ်ရင် ဆေးဝါးနဲ့ ကုသမှု အကူအညီတောင်းခံတာမျိုးကို ရလာစေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အသက်ကြီးသွားလို့၊ အပြင်ထွက်ရင် အန္တရာယ်များတယ်ဆိုတဲ့ စိုးရိမ်စိတ်မျိုးနဲ့ အပြင်ထွက်တာ၊ လမ်းလျှောက်တာမျိုးကို မကန့်သတ်မိဖို့ပါ။ ကိုယ်ခန္ဓာကိုယ် မထိခိုက်စေမယ့် အပေါ့စားလေ့ ကျင့်ခန်းမျိုး လုပ်နိုင်မယ့် အခင်းအကျင်းမျိုး ဖန်တီးပေးပြီး အပြင်ထွက် လမ်းအတူလျှောက်ပေးတာမျိုးကို လုပ်ပြီး ပတ်ဝန်းကျင်နဲ့ အဆက်မပြတ် ထိတွေ့နေအောင် ဖန်တီးပေးပါ။ နောက်ပြီး အသက်အရွယ်အလိုက် လိုအပ်တဲ့၊ မျှတတဲ့ အာဟာရမျိုး ရရှိစေမယ့် အစားအစာတွေကို စားသုံးနိုင်အောင် လုပ်ပေးရပါမယ်။​ နောက်ပြီး အမြဲ တမ်းတစ်ယောက်တည်းထိုင်ပြီး တွေးချင်တာ တွေးနေတာမျိုးထက် စာဖတ်ဖို့ တိုက်တွန်းတာ၊ သက်ကြီးရွယ်အိုတွေ ကစားနိုင်တဲ့ အပေါ့စားဂိမ်းမျိုး ကစားပေးတာ၊ စကားပြောပေးတာတွေကလည်း ဦးနှောက်ကို အမြဲတမ်း လှုပ်ရှားစေပြီး အားအင်သစ်တွေကို ဖန်တီးပေးနိုင်ပါတယ်။ သက်ကြီးရွယ်အိုတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ဘဝနေထိုင်မှု အရည်အသွေးတွေကလည်း အရေးကြီးတာမို့ ဂရုစိုက်ဖို့ လိုပါတယ်။ မိသားစုဝင်တွေကလည်း သက်ကြီးပိုင်းတွေ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့အတူ အမူအကျင့် ပြောင်းလဲမှုတွေကို သတိထားစောင့်ကြည့်ပြီး လိုအပ်လာရင်တော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ အမြန်ဆုံး တိုင် ပင်ဆွေးနွေးဖို့က အရေးကြီး လိုအပ်ပါတယ်။ ဒါမှ ဘယ်လိုနည်းလမ်းနဲ့ ကုသနိုင်မယ်ဆိုတာကို အဖြေရှာနိုင်မှာပဲ ဖြစ်ပါတယ်။

#သက်ကြီးရွယ်အို

#စိတ်ကျန်းမာရေး

#စိတ်ဓာတ်ကျဆင်းမှု

#စိုးရိမ်စိတ်

ကိုးကား

– Alzheimer’s Association, National Institute of Mental Health (NIMH), Anxiety & Depression Association of America (ADAA)

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement