မကြာသေးခင် ထိုင်းနိုင်ငံက တက္ကသိုလ်ကျောင်းသားတွေကို အသည်းပိုးစစ်ဆေးရာမှာ အသည်းပိုးကူးစက်ခံရသူ အများအပြားရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ သတင်းခေါင်းစဉ်အချို့မှာ ကျောင်းသားထောင်ပေါင်းများစွာဟာ Opisthorchis viverrini လို့ခေါ်တဲ့ အသည်းသန်ပြားပိုး၊ အတိုကောက်အားဖြင့် OV ပိုး ကူးစက်ခံထားရတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ဒါပေမယ့် ပဏာမစစ်ဆေးမှုမှာ အပြုသဘောရလဒ်ထွက်တာဟာ ပိုးကူးစက်နေကြောင်း အတည်ပြုထားတာနဲ့ မတူပါဘူး။ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနရဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆက်တွဲထုတ်ပြန်ချက်အရ Maha Sarakham Rajabhat University မှ ကျောင်းသား ၂,၂၀၀ ဦးကို OV-ATK ဆီးစစ်ကိရိယာနဲ့ စစ်ဆေးရာ ၄၅၁ ဦးမှာ အပြုသဘောရလဒ်ထွက်ခဲ့ပါတယ်။ အဲဒီနောက် ဝမ်းနမူနာရရှိခဲ့တဲ့ ၃၀၉ ဦးကို စံဓာတ်ခွဲခန်းနည်းလမ်းတွေနဲ့ ထပ်မံစစ်ဆေးရာ လေးဦးမှာသာ အသည်းသန်ပြားပိုးရှိကြောင်း အတည်ပြုခဲ့ပါတယ်။
ဒီသတင်းက ကျန်းမာရေးအရ သတိထားသင့် အချက်နှစ်ခုကို ထောက်ပြပေးနေပါတယ်။ တစ်ခုက ပဏာမစစ်ဆေးမှုရလာဒ်အကြောင်းပါ။ ပဏာမစစ်ဆေးမှုမှာ အပြုသဘောရလဒ်ထွက်သူတိုင်းကို ပိုးကူးစက်နေပြီလို့ ချက်ချင်းသတ်မှတ်လို့ မရပါဘူး။ ပဏာမစစ်ဆေးမှုဟာ နောက်ထပ်စစ်ဆေးဖို့လိုသူတွေကို ခွဲခြားရှာဖွေဖို့ အသုံးပြုတဲ့ စမ်းသပ်မှုတစ်မျိုးဖြစ်ပြီး ရောဂါအတည်ပြုဖို့အတွက် ဝမ်းနမူနာကို အဏုကြည့်မှန်ပြောင်းနဲ့ စစ်ဆေးတာလိုမျိုး ထပ်ဆင့်စစ်ဆေးမှုတွေ လိုအပ်နိုင်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ရေချိုငါးအစိမ်း၊ မကျက်တကျက်ငါးနဲ့ လုံလောက်အောင် အပူမပေးထားတဲ့ (မချက်ပြုတ်ထားတဲ့) ငါးထုတ်ကုန်တွေကတစ်ဆင့် အန္တရာယ်ရှိတဲ့ ကပ်ပါးပိုးတွေ လူကိုကူးစက်နိုင်တယ်ဆိုတဲ့အချက်ပါ။
Opisthorchis viverrini ဟာ ပြားပြီး သစ်ရွက်ပုံသဏ္ဍာန်ရှိတဲ့ ကပ်ပါးပိုးတစ်မျိုးဖြစ်ပြီး သူ့ကို အရှေ့တောင်အာရှအသည်းသန်ပြားပိုးလို့လည်း ခေါ်ကြပါတယ်။ ဒီပိုးလောင်းပါဝင်တဲ့ ရေချိုငါးကို အစိမ်းစားတာ၊ မကျက်တကျက်စားတာ ဒါမှမဟုတ် အချဉ်ဖောက်ထားပေမယ့် ကျက်အောင်သေချာမချက်ပြုတ်ဘဲ စားတာတွေကနေတစ်ဆင့် လူကိုကူးစက်နိုင်ပါတယ်။ ပိုးလောင်းတွေဟာ အစာနဲ့အတူ ခန္ဓာကိုယ်ထဲဝင်လာပြီး သည်းခြေပြွန်တွေထဲကို ရွေ့လျားသွားပါတယ်။ အဲဒီနေရာမှာ အရွယ်ရောက်ပိုးအဖြစ် ကြီးထွားလာပြီး နှစ်ပေါင်းများစွာ အသက်ရှင်နေနိုင်ပါတယ်။ OV ပိုးကို ရေချိုငါးအစိမ်းစားသုံးတဲ့ အလေ့အထရှိတဲ့ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံရဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ အဓိကတွေ့ရပါတယ်။
ပိုးရှိသူ ဒါမှမဟုတ် ပိုးရှိတဲ့ တိရစ္ဆာန်တွေရဲ့ မစင်ထဲက ပိုးဥတွေဟာ ရေကန်၊ မြစ်ချောင်းနဲ့ အခြားရေအရင်းအမြစ်တွေထဲ ဝင်ရောက်နိုင်ပါတယ်။ အဲဒီပိုးဥတွေကို ရေချိုခရုတွေက စားသုံးပြီးနောက် ခရုထဲမှာ ပိုးလောင်းအဆင့်ဆင့် ဖွံ့ဖြိုးလာပါတယ်။ နောက်ပိုင်းမှာ ပိုးလောင်းတွေက ရေချိုငါးထဲ ဝင်ရောက်ပြီး ငါးကို အစိမ်း ဒါမှမဟုတ် မကျက်တကျက်စားသူတွေဆီ ပိုးကူးစက်မှုသံသရာ ဆက်လက်ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
ပိုးကူးစက်ခံရသူအများစုမှာ ထင်ရှားတဲ့လက္ခဏာ မရှိနိုင်ပါဘူး။ လက္ခဏာပေါ်လာသူတွေမှာတော့ အစာမကြေခြင်း၊ ပျို့ခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ ဖျားခြင်း၊ မျက်လုံးနဲ့ အသားအရေဝါခြင်း ဒါမှမဟုတ် အသည်းကြီးလာခြင်းတို့ ဖြစ်နိုင်ပါတယ်။ လက္ခဏာပြင်းထန်မှုဟာ ပိုးအရေအတွက်နဲ့ ပိုးကူးစက်နေတဲ့ကာလပေါ် မူတည်နိုင်ပါတယ်။
OV ပိုးကူးစက်မှု ကြာရှည်လာတဲ့အခါ သည်းခြေပြွန်တွေမှာ နာတာရှည်ရောင်ရမ်းခြင်း၊ အမာရွတ်ဖြစ်ခြင်းနဲ့ ပိတ်ဆို့ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒီလို နာတာရှည်ထိခိုက်မှုဟာ သည်းခြေပြွန်ကင်ဆာလို့ခေါ်တဲ့ cholangiocarcinoma ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
ငါးကတစ်ဆင့် လူကိုကူးစက်နိုင်တာဟာ OV ပိုးအပြင် အခြားသော သန်ကောင်တွေ၊ ကပ်ပါးပိုးတွေ လည်း ရှိပါတယ်။ Gnathostoma လို့ခေါ်တဲ့ သန်လုံးကောင်ဟာ ပိုးလောင်းပါဝင်တဲ့ ရေချိုငါး၊ ငါးရှဉ့်၊ ဖားနဲ့ အခြားတိရစ္ဆာန်အချို့ကို အစိမ်း ဒါမှမဟုတ် မကျက်တကျက်စားရာကနေ ကူးစက်နိုင်ပါတယ်။ ပိုးလောင်းတွေဟာ ကိုယ်ခန္ဓာတစ်လျှောက် ရွေ့လျားနိုင်ပြီး နာကျင်၊ နီရဲ ဒါမှမဟုတ် ယားယံတဲ့ အရေပြားအဖုအလုံးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအဖုအလုံးတွေဟာ တစ်နေရာကနေတစ်နေရာ ရွေ့သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေနည်းပေမယ့် တစ်ချို့သူတွေမှာ မျက်လုံး၊ အဆုတ်နဲ့ အာရုံကြောစနစ်ကိုပါ ထိခိုက်နိုင်ပါတယ်။
Anisakis လို့ခေါ်တဲ့ သန်လုံးကောင်ဟာလည်း ပိုးလောင်းပါဝင်တဲ့ ပင်လယ်ငါး ဒါမှမဟုတ် ပြည်ကြီးငါးကို အစိမ်း၊ မကျက်တကျက်စားရာကနေ ကူးစက်နိုင်ပါတယ်။ ပိုးကူးစက်ခံရသူတွေမှာ ဗိုက်နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်ဖောင်းခြင်းနဲ့ ဝမ်းလျှောခြင်းတို့ ဖြစ်နိုင်ပါတယ်။ လူအချို့မှာ အရေပြားယားယံခြင်း၊ အင်ပြင်ထခြင်းနဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့ ပြင်းထန်ဓာတ်မတည့်မှုမျိုးလည်း ဖြစ်နိုင်ပါတယ်။
ငါးမှာရှိတဲ့ ငါးသန်ပြားကောင်ကလည်း ပိုးလောင်း
ပါဝင်တဲ့ ငါးကို အစိမ်း ဒါမှမဟုတ် မကျက်တကျက်စားရာကနေ ကူးစက်နိုင်ပါတယ်။ လူအများစုမှာ လက္ခဏာမရှိနိုင်ပေမယ့် အချို့မှာ ဗိုက်မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနဲ့ ဗီတာမင် B12 ချို့တဲ့မှုကြောင့် သွေးအားနည်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
ငါးနဲ့ပတ်သက်ပြီး “ငါးကို သံပရာရည် ညှစ်ရုံနဲ့ ပိုးသေနိုင်တယ်” စသဖြင့် မှားယွင်းတဲ့ ယုံကြည်မှုတွေ အရပ်ထဲမှာ ရှိကြပါတယ်။ ငါးကို သံပရာရည်ညှစ်ခြင်းက ငါးအသားရဲ့ အရောင်နဲ့ အသားအရည်ကို ပြောင်းလဲစေနိုင်ပေမယ့် ပိုးလောင်းတွေကို ယုံကြည်စိတ်ချရအောင် မသတ်နိုင်ပါဘူး။ ဒါ့အပြင် အရက်နဲ့ ငါးအစိမ်းတွဲစားခြင်းကလည်း ပိုးမကူးအောင် မကာကွယ်နိုင်ပါဘူး။ ငါးကို ဆားနယ်ခြင်း၊ မီးခိုးကျပ်ခြင်း၊ အချဉ်ဖောက်ခြင်း ဒါမှမဟုတ် ခဏတာစိမ်ထားခြင်းတို့ဟာလည်း ပိုးလောင်းတွေကို သေချာပေါက်သတ်နိုင်တဲ့ နည်းလမ်းတွေ မဟုတ်ပါဘူး။
ဒါကြောင့် ငါးကို စားသုံးမယ်ဆိုရင် အတွင်းသားအထိ လုံးဝကျက်အောင် ချက်ပြုတ်စားတာက ငါးကပိုးတွေမကူးစက်အောင် ပြုလုပ်ရာမှာ အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဒါ့အပြင် ငါးအစိမ်းကို ကိုင်တွယ်တဲ့ ဓား၊ စဉ်းတီတုံး၊ ပန်းကန်နဲ့ အခြားအသုံးအဆောင်တွေကို သေချာစွာ ဆေးကြောသင့်ပြီး ငါးအစိမ်းကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာစွာဆေးကြောဖို့လည်း လိုအပ်ပါတယ်။ လူနဲ့ တိရစ္ဆာန်တွေရဲ့ မစင်ကို ရေကန်၊ မြစ်ချောင်းနဲ့ အခြားရေအရင်းအမြစ်တွေထဲ မစွန့်ပစ်ခြင်းကလည်း ဒီပိုးတွေရဲ့ သံသရာစက်ဝန်းကို ဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။
သာမန် သန်ချဆေး ဒါမှမဟုတ် ပိုးသတ်ဆေးကို ပုံမှန်သောက်ရုံနဲ့ ငါးကတစ်ဆင့်ကူးစက်နိုင်တဲ့ ပိုးတွေကို ကြိုတင်မကာကွယ်နိုင်ဘူးလို့ ပညာရှင်တွေက ဆိုကြပါတယ်။ ငါးကနေ ကူးစက်နိုင်တဲ့ပိုးတွေဟာ ပိုးတစ်မျိုးနဲ့တစ်မျိုး ကုသပုံမတူသလို ဆေးသောက်ပြီးနောက်မှာလည်း ပိုးပါတဲ့ ငါးအစိမ်းကို ပြန်စားရင် ထပ်မံကူးစက်နိုင်ပါသေးတယ်။ ဒါကြောင့် ငါး၊ ငါးပိ၊ ငါးချဉ်အစိမ်းစားဖူးသူတွေ၊ ငါးအစိမ်းစားကျင့်ရှိသူတွေ၊ သံသယဖြစ်ဖွယ်လက္ခဏာရှိသူတွေ၊ ဒါမှမဟုတ် ပိုးကူးစက်မှု အန္တရာယ်များတဲ့ဒေသမှာ နေထိုင်သူတွေဟာ ကိုယ့်သဘောနဲ့ သန်ချဆေး၊ ပိုးသတ်ဆေးမသောက်ဘဲ ကျန်းမာရေးဝန်ထမ်းရဲ့ အကြံပြုချက်အတိုင်း ကာကွယ်မှုတွေ၊ စစ်ဆေးကုသမှုတွေ ခံယူသင့်ပါတယ်။
References
1. Nation Thailand. Tests confirm liver fluke infection in four Maha Sarakham students. https://www.nationthailand.com/health-wellness/40068690
2. World Health Organization. Opisthorchiasis: Transmission, symptoms, complications and prevention.
3. US Centers for Disease Control and Prevention. Clinical Overview of Opisthorchis.
4. US Centers for Disease Control and Prevention. Information on other fish-borne parasitic infections, including gnathostomiasis, anisakiasis and fish tapeworm infection.