ရန်ကုန်မြို့အတွင်း ဝမ်းပျက်/ဝမ်းလျှောဖြစ်ပွားသူ များပြားလာတာ အများစုဟာ အစားအသောက်ကြောင့် ဖြစ်နိုင်တယ်လို့ ကိုယ်တိုင်ခံစားနေရသူတွေက MyanHealth ကို ပြောပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မစင်ကနေတစ်ဆင့် ကူးစက်တာဖြစ်ပြီး ပိုးပါဝင်နေတဲ့ မသန့်ရှင်းတဲ့ အစားအသောက်၊ ရေတွေကို စားသောက်မိတာက အဓိက ကူးစက်ရာလမ်းကြောင်း ဖြစ်ပါတယ်။
လက်ရှိမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဝမ်းပျက်/ဝမ်းလျှောရောဂါနဲ့ လာရောက်ကုသနေရသူ ၂၀၀ နီးပါးခန့် ရှိပြီး ဒီထဲက ၅၀ ကျော်မှာ ပြင်းထန်ဝမ်းရောဂါပိုး တွေ့ရှိထားတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
“Sunday မှာ ညီမသူငယ်ချင်းတွေနဲ့ Hotpot သွားစားပြီးကတည်းက ဝမ်းသွားတာ စ ဖြစ်ပါတယ်။ ဗိုက်ကနာပြီး ဝမ်းအရည်တွေပဲ ခဏခဏ သွားပါတယ်။ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့ မနက်ထိ ဝမ်းသွားတာ အကြိမ် ၂၀ ကျော် နေပါပြီ။ အခုတော့ လူက မူးလဲမလို ဖြစ်လာလို့ ဆေးရုံရောက်ပြီး ကာလဝမ်းပိုး စစ်ရပါတယ်။ ဝမ်းပိုးကတော့ Negative ထွက်ပေမယ့် ခန္ဓာကိုယ်ရဲ့ အရည်ဆုံးရှုံးမှု အရမ်းများနေလို့ ဆေးရုံတက်ခဲ့ရပါတယ်” လို့ ပုဂ္ဂလိကဆေးရုံတစ်ခုမှ ကုသမှု ခံယူနေတဲ့ သွဲ့သွဲ့ (အမည်လွှဲ) က MyanHealth ကို ပြောပါတယ်။
ဝမ်းပျက်/ဝမ်းလျှောဖြစ်ပွားမှုကို ရန်ကုန်တိုင်း လသာမြို့နယ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခုဆိုရင် ပန်းဘဲတန်း၊ လမ်းမတော်၊ အင်းစိန်၊ မရမ်းကုန်း၊ စမ်းချောင်းနဲ့ သာကေတမြို့နယ် မြို့ခံတွေမှာ ဖြစ်ပွားလာတာတွေ တိုးလာနေပါတယ်။ ရောဂါပိုးကူးစက်တာဟာ စားသောက်ကုန်နဲ့ ရေပေးဝေရေးစနစ်ကနေ ဖြစ်နိုင်ခြေရှိတယ်လို့ သံသယရှိကြောင်း ဒေသန္တရ ကျန်းမာရေးအရာရှိတွေက ထုတ်ပြန်ထားပါတယ်။
“နို့ခဲရယ်၊ နို့စိမ်းကော်ဖီရယ်၊ မုန့်ဟင်းခါးကလည်း အီကြာကွေးလေးနဲ့ စားလိုက်သေးတယ်။ အဲဒီမှာပဲ တန်းလျှောတော့တာ။ စားပြီးပြီးချင်းကို လျှောတာ။ ညကျတော့ ထပ်လျှောတယ်။ နှစ်ခါ၊ သုံးခါလောက် ထပ်လျှောတယ်။ မနက်ကျတော့လည်း တစ်ခါ ထပ်လျှောတယ်။ အဲဒါနဲ့ ဒီကို (ဆေးရုံ) ကို ရောက်လာတာ။ ဒီရောက်တော့ အမကို သက်သာအောင် ဆေးထိုးပေးတယ်။ အခု ဖြစ်တာ တစ်ရက်တော့ ရှိပြီပေါ့။ ဒီကြားထဲမှာ နောက်ထပ် လေး၊ ငါးကြိမ်လောက် ထပ်လျှောတယ်။ အားလုံးပေါင်းဆို အကြိမ် ၂၀ လောက်တော့ ရှိပြီ။ လူကတော့ ဖြူဖပ်ဖြူလျော် မဖြစ်သွားဘူး။ တော်သေးတယ်။ သွေးပေါင်ချိန်ကတော့ ကျသွားတယ်” လို့ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ဝမ်းပျက်/ဝမ်းလျှောရောဂါဖြင့် ကုသမှု ခံယူနေရသူ အမျိုးသမီးတစ်ဦးက MyanHealth ကို ရှင်းပြပါတယ်။
လက်ရှိမှာ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား စတဲ့ မြို့နယ်တွေက လမ်းဘေးစားသောက်ဆိုင်တွေကို ပိတ်ထားကြဖို့ မြို့နယ်အာဏာပိုင်တွေက ညွှန်ကြားထားသလို စမ်းချောင်း၊ အလုံစတဲ့ မြို့နယ်တွေမှာလည်း ဝမ်းရောဂါ သတိပြုကြဖို့ နှိုးဆော်ချက်တွေကို လုပ်ဆောင်နေပါတယ်။
ဝမ်းပျက်/ဝမ်းလျှောရောဂါဟာ မိုးတွင်းကာလမှာ ဖြစ်ပွားလေ့ရှိပြီး ပြင်းထန်လာမယ်ဆိုရင်တော့ ရေဓာတ်နဲ့ ဆားဓာတ်ခမ်းတာ (Dehydration and Electrolyte Imbalance) ဖြစ်စေသလို ပြင်းထန်တဲ့ သွေးပေါင်ကျတာ (Hypovolemic Shock)၊ ကျောက်ကပ်ပျက်စီးတာ (Kidney Failure)၊ အာဟာရချို့တဲ့တာ (Malnutrition) တို့ပါ ဖြစ်စေပြီး အဆိုးဝါးဆုံး အခြေအနေမှာ ကိုယ်ခံအားကျဆင်းတာနဲ့ ရောဂါပိုး ဝင်ရောက်တာ (Sepsis) အထိ ဖြစ်ပြီး အသက်အန္တရာယ်ကိုပါ စိုးရိမ်ရပါတယ်။
လက်ရှိမှာ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောမှုအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဂျပန်ဆေးရုံနဲ့ ဂန္ဒီဆေးရုံတွေမှာ သီးသန့်ကုသဆောင်ဖွင့် ကုသပေးနေပြီး ရွှေလမင်း (လမ်းမတော်) နှင့် (မြောက်ဥက္ကလာပ)၊ ဆာကူရာ စတဲ့ ပုဂ္ဂလိကဆေးရုံတွေမှာလည်း သီးသန့်ကုသဆောင်ပုံစံထားပြီး ကန့်သတ်ခုတင်အရေအတွက်နဲ့ လက်ခံကုသပေးနေပါတယ်။ စုံစမ်းမှုတွေအရ အခုဆိုရင် ပုဂ္ဂလိကဆေးရုံတွေက သတ်မှတ်ခုတင်တွေမှာလည်း ဝမ်းပျက်/ဝမ်းလျှောကုသသူတွေနဲ့ ပြည့်နှက်နေပါတယ်။
ပုဂ္ဂလိကဆေးရုံမှာ ကုသမှု ခံယူနေသူ အခြားအမျိုးသမီးတစ်ဦးကလည်း “လက်ဖက်ရည်ဆိုင်မှာ နို့အေးနဲ့ ပုစွန် dim sum စားခဲ့တယ်။ ပြီးတော့ မုန့်ဟင်းခါး စားလိုက်မိတယ်။ အဲဒီနောက် ဝမ်းတွေ ဆက်တိုက်သွားနေလို့ အမဘာသာ Norbactin နဲ့ Metronidazole သောက်လိုက်တယ်။ ပိုးသတ်ဆေးသောက်လိုက်တာတောင် ဝမ်းမရပ်လို့ အခုဆေးရုံကို လာခဲ့ရတာပါ” လို့ သူမရဲ့ ဖြစ်စဉ်ကို ရှင်းပြပါတယ်။
အခုလိုမျိုး ပိုးသတ်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက် မရှိဘဲ ကိုယ်တိုင်ဝယ်ယူ သောက်သုံးတာ (Self-medication) ဟာ အနာနဲ့ဆေး မကိုက်ညီတာအပြင် ဆေးကြောင့်မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်သလို ဆေးယဉ်ပါးမှုအန္တရာယ်ကိုပါ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးထားပြီး ဝမ်းပျက်/ဝမ်းလျှောဖြစ်တဲ့အခါ ဝမ်းပိတ်ဆေးလိုမျိုး မသောက်သုံးသင့်ဘူးလို့လည်း အကြံပြုထားပါတယ်။ ညွှန်ကြားချက်မရှိဘဲ ဝမ်းပိတ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ် သောက်တဲ့အခါ ရောဂါပိုးနဲ့ အဆိပ်အတောက်တွေဟာ ခန္ဓာကိုယ်ထဲ ပိတ်မိနေပြီး အူနံရံတင်းမာတာနဲ့ အူပေါက်နိုင်တဲ့အထိ အန္တရာယ် ရှိတာကြောင့် ဖြစ်ပါတယ်။
ဝမ်းပျက်/ဝမ်းလျှောရောဂါတွေအတွက် အဓိကကုသမှုပုံစံဟာ လျော့နည်းသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးတဲ့ နည်းဖြစ်ပြီး လက်ရှိ ကူးစက်မှုတွေ မြင့်ချိန်မှာ ပြင်ပအစားအစာ စားတာအပြင် ရောဂါပိုး ကူးစက်နိုင်ခြေ မြင့်တဲ့ အများပြည်သူသုံး အိမ်သာ (Public Toilets) အသုံးပြုတာမျိုးကိုလည်း ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ သန့်ရှင်းတဲ့ အစားအစာနဲ့ ကျိုချက်ထားပြီး ဒါမှမဟုတ် ပိုးသတ်ထားပြီးသား သောက်သုံးရေကို သောက်တာ၊ လက်ကို ဆပ်ပြာအသုံးပြုပြီး စင်ကြယ်စွာ ဆေးကြောတာမျိုးတွေနဲ့ ကိုယ့်ကိုယ်ကို ကြိုတင်ကာကွယ်နိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေက အကြံပြုထားပါတယ်။