ရန်ကုန်မြို့မှာ ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်သူ ဆယ်နဲ့ချီ ရှိလာနေပြီး သြဂုတ် ၁၁ ရက်ကတည်းက လသာမြို့နယ်ထဲက ဖြစ်ပွားသူတွေ အရေးပေါ်ရောက်ရှိလာလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုတွေ လုပ်ပေးထားရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။ ရောဂါဖြစ်သူ တိုးလာတဲ့အတွက် တိုင်းအတွင်းက မြို့နယ်တချို့မှာ လမ်းဘေးဆိုင်တွေ ယာယီပိတ်ထားဖို့ကိုလည်း သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းတွေက လုပ်ဆောင်နေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
မိုးတွင်းကာလ အစားအစာနဲ့ သောက်သုံးရေ မသန့်ရှင်းတာက ဝမ်းပျက်/ဝမ်းလျှောရောဂါတွေ ပိုပြီး ဖြစ်ပွားနိုင်လို့ လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးဖို့၊ အစားအစာကို သန့်ရှင်းစွာ ပြင်ဆင်ပြီးမှ စားဖို့နဲ့ သောက်သုံးရေကို ဘေးကင်းစိတ်ချရအောင် လုပ်ပြီးမှ သုံးစွဲတဲ့ ပုံစံမျိုးနဲ့ ကြိုတင်ကာကွယ်နိုင်တယ်လို့ WHO (Myanmar) က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကိုယ့်နေတဲ့ဒေသမှာ ဒါမျိုးဖြစ်ပွားနေတယ်ဆိုရင် ကိုယ်တိုင်နဲ့ မိသားစုဝင်တွေ ကူးစက်မခံရအောင် သန့်ရှင်းရေးကို ပိုဂရုစိုက်ဖို့၊ ရောဂါလက္ခဏာတွေ ပြလာရင် ရေဓာတ်မဆုံးရှုံးအောင် အရည်များများသောက်ဖို့နဲ့ ရောဂါပြင်းထန်ရင် အချိန်မီ ဆေးရုံ၊ ဆေးခန်းသွားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်နိုင်မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောက်တံတားမြို့နယ်ထဲက လမ်းဘေးစျေးရောင်းချခွင့်ကို သြဂုတ် ၁၃ ရက်ကစပြီး ယာယီပိတ်ထားလိုက်ပြီး ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး ပြန်လည်ရောင်းချခွင့်ကို အသိပေးမယ်လို့ ကျောက်တံတားမြို့နယ် တာဝန်ရှိသူတွေက လိုက်လံ သတိပေးထားပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာ နှစ်ရက်အတွင်း ဝမ်းပျက်/ဝမ်းလျှောနဲ့ ဆေးရုံတက်ရသူ ၁၈၁ ဦးအထိ ရှိပြီး သြဂုတ် ၁၂ ရက် ည ၈ နာရီ အချက်အလက်အရ ဝမ်းရောဂါပိုး တွေ့ထားသူ ၉၃ ဦးအထိ ရှိနေပါတယ်။ ဆေးရုံတက်နေသူတွေထဲက ရှစ်ဦးကတော့ ရောဂါသက်သာလို့ နေအိမ်ကို ပြန်သွားရပေမယ့် အသက် ၉၂ နှစ်အရွယ် သက်ကြီးတစ်ဦးကတော့ သေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဝမ်းပျက်/ဝမ်းလျှောဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ချက်ပြုတ်ပြီး ပြင်ပအစားအစာလှူဒါန်းခွင့်ကို ယာယီတားမြစ်ထားတယ်လို့ လသာမဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူကို ကိုးကားပြီး One News က ရေးသားထားပါတယ်။
နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် – ၁,၀၀၀) မှာ ဆဋ္ဌမနဲ့ သတ္တမအကြိမ်အဖြစ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသခံထားတဲ့ လူနာတွေကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းကိုယ်တိုင် လိုက်လံကြည့်ရှု အားပေးခဲ့တယ်လို့ ဝန်ကြီးဌာနဘက်က ထုတ်ပြန်ထားပါတယ်။
ရွှေဘိုမြို့နယ်ထဲက ရေဘေးသင့်ကိုယ်ဝန်ဆောင်တွေကို ဒေသ အာဏာပိုင်တွေက လှေနဲ့ ကယ်ထုတ်ပြီး အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်နေတဲ့ အီဘိုလာရောဂါ ကူးစက်မှုဟာ ထိန်းချုပ်နိုင်တဲ့အရှိန်ထက် ပိုပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့နေပြီး လက်ရှိနှုန်းထားအတိုင်း ဆက်ဖြစ်နေရင် မှတ်တမ်းတင်ထားမှုတွေအနက် လူအသေအပျောက်အများဆုံး ကူးစက်မှုအထိ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။
အမေရိကန်မှာ သွေးတိုးရောဂါရှိပေမယ့် သွေးပေါင်ကျဆေး မသောက်သေးတဲ့ အရွယ်ရောက်သူ ၁၀ သန်းနီးပါးဟာ လမ်းညွှန်ချက်အသစ်အရ ဆေး စသောက်သင့်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ လေ့လာမှုတစ်ခုကို ကိုးကားပြီး CNN သတင်းက ရေးသားထားပါတယ်။ လေ့လာမှုအရ သွေးပေါင်ကျဆေးသုံးပြီး ကုသမှုခံယူသူတွေမှာ သေဆုံးနိုင်ခြေ ၂၃ ရာခိုင်နှုန်းနဲ့ နှလုံးသွေးကြောရောဂါကြောင့် သေဆုံးနိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ သွေးတိုးရောဂါ ရှိပြီး နှလုံးသွေးကြောရောဂါ မဖြစ်သေးသူ ၈၁ သန်းလောက်ထဲက ၂၃ သန်းနီးပါးဟာ ဒီဆေးကုသမှုပုံစံသတ်မှတ်ချက်နဲ့ ကိုက်ညီလာနိုင်ပြီး ၉ ဒဿမ ၇ သန်းကတော့ လက်ရှိအချိန်အထိ သွေးပေါင်ကျဆေး မသုံးစွဲကြရသေးတာ ဖြစ်ပါတယ်။
ဗြိတိန်က စူပါမားကတ်တွေနဲ့ လက်လီရောင်းသူတွေဟာ အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ အရောင်သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့ အသီးအရွက်တွေကို လက်မခံကြပေမယ့် လက်ရှိမှာ သီးနှံထောက်ပံ့မှု လျော့နည်းလာလို့ ဆိုင်တွေမှာ ပစ္စည်းမပြတ်စေဖို့ ဒီသတ်မှတ်ချက်တွေကို ဖြေလျှော့လာမယ်လို့ မျှော်လင့်နေကြရပါတယ်။ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ စားသုံးသူတွေအနေနဲ့ အပူလှိုင်းဖြတ်မှုကြောင့် အရွယ်သေးတဲ့၊ ပုံပျက်နေတဲ့၊ အရောင်အဆင်း ထူးခြားတဲ့ အသီးအရွက်တွေကို အရောင်းဆိုင်တွေမှာ တွေ့လာရဖို့ ရှိနေပြီး တောင်သူနဲ့ ရောင်းချသူတွေဘက်ကတော့ ဒါတွေဟာ စားသုံးဖို့ လုံးဝအန္တရာယ်မရှိပါဘူးလို့ ဆိုထားပါတယ်။