လွဲမှားနေသောအယူအဆများနှင့် မီးနေသည်

Published On: April 16th, 2024|Views: 360|

ကလေးမွေးပြီးချိန်ကစ ၄၂ ရက်အထိကာလကို မီးနေကာလ (မီးတွင်း) လို့ဆိုကြပါတယ်။ ကလေးမွေးတဲ့အချိန် ဆုံးရှုံးသွားတဲ့ ခွန်အားတွေကို ပြန်လည်တည်ဆောက်တဲ့အချိန်လည်းဖြစ်သလို မွေးလာတဲ့ရင်သွေးကိုလည်း အထူးဂရုစိုက်နေရတဲ့အချိန် ဖြစ်ပါတယ်။ ကလေးကိုမွေးဖွားပြီးတဲ့အခါ မိခင်ရဲ့ သွေးသား၊ ဟော်မုန်းဓါတ်တွေက နဂိုမူလအတိုင်း ပြန်ဖြစ်နိုင်ဖို့ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများစွာ ဆောင်ရွက်ရပါတယ်။ လူမှုပတ်ဝန်းကျင်မှာ မီးနေသည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရှိကြပါတယ်။ တစ်ချို့အရာတွေက မိခင်တွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်သလို တစ်ချို့အရာတွေကတော့ အနည်းငယ် လွဲမှားနေတာမျိုးလေးတွေ ရှိပါတယ်။ ဒါကြောင့် ဒီကဏ္ဍမှာ မီးနေသည်တွေကောင်းကျိုးအတွက် အယူအဆမှားလေးတွေကို ပြန်လည် ရှင်းပြပေးထားပါတယ်။

အယူအဆအမှား (၁) မီးနေသည်နှင့်ချွေးအောင်းခြင်း။

မီးနေသည်ကို အဝတ်အစားထူထူ၊ ခြေစွပ်၊ လက်အိတ်၊ သိုးမွှေးဦးထုပ်စတာတွေ ဝတ်ခိုင်းတာအပြင် အချို့ဒေသတွေမှာ ပုဆိုးစ၊ အနှီးစ စတာတွေကို ခေါင်းပေါင်းခိုင်းတာမျိုးတွေ တွေ့မြင်ဖူးကြပါလိမ့်မယ်။ မီးနေခန်းကို လေအေးပေးစက်မဖွင့်ခိုင်းတာ၊ ပြတင်းပေါက်အမြဲပိတ်ထားခိုင်းတာ၊ ပန်ကာမဖွင့်ခိုင်းတာ စတာတွေက အမြဲတွေ့ကြုံနေကြပါပဲ။ အေးမြတဲ့ ဒေသမှာနေထိုင်တဲ့သူတွေအတွက်တော့ ကောင်းကျိုးရှိနိုင်ပေမယ့် ပူအိုက်စွတ်စိုတဲ့နေရာမှာ နေထိုင်တဲ့သူနဲ့ နွေရာသီပူလောင်မှုကို ခံစားနေရတဲ့သူတွေအတွက်တော့ ကောင်းကျိုးထက် ဆိုးကျိုးများနိုင်ပါတယ်။ ချွေးအထွက်များတဲ့အတွက် ရေနဲ့ဆားဓါတ်တွေ ဆုံးရှုံးတာကြောင့် နှုံးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်မပျော်ခြင်း၊ အပူကြီးပြီး အဖျားတက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အခန်းတွင်း လေဝင်လေထွက်မကောင်းတဲ့အတွက် ရောဂါပိုးတွေ မိခင်ကိုရော ကလေးကိုပါ ကူးစက်ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့်  မီးနေသည်ကို နေရာဒေသ၊ ရာသီဥတုနဲ့ လိုက်လျောညီထွေအောင် ဝတ်စားဆင်ယင်ခိုင်းရပါမယ်။ အခန်းကို လေဝင်လေထွက်ကောင်းအောင် ပြင်ဆင် ပေးရပါမယ်။

အယူအဆအမှား (၂) မီးနေသည်ကို ရေမကိုင်ခိုင်းခြင်း။

မီးနေတဲ့အခါ ရေကိုင်ရင် အသက်ကြီးလာတဲ့အခါ ခေါင်းကိုက်နာ၊ အဆစ်အမြစ်နာစွဲမယ်လို့ တော်တော်များများက ယုံကြည်ကြပါတယ်။ ဒါပေမယ့် အသက်ကြီးတဲ့အခါ အမျိုးသားများရော အမျိုးသမီးများမှာပါ ဇရာရဲ့အထုအထောင်းကို ရှောင်လွှဲလို့ မရတဲ့အတွက် မီးနေတဲ့အခါ ရေကိုင်ခြင်းက ထိုကဲ့သို့သော ရောဂါများကို ပိုမဖြစ်စေနိုင်ပါဘူး။ မီးနေကာလမှာ တစ်ကိုယ်ရည် သန့်ရှင်းရေးဟာ အလွန်အရေးပါတဲ့ ကဏ္ဍဖြစ်ပါတယ်။ ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်း၊ မိန်းမကိုယ်ကို သန့်ရှင်းရေးသေချာဆောင်ရွက်ခြင်း စတာတွေဟာ မွေးလမ်းကြောင်းဒဏ်ရာနဲ့ ခွဲထားတဲ့ဒဏ်ရာတွေကို အနာကျက်မြန်စေပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းစေကာ ရောဂါပိုးဝင်ရောက်မှုမှလည်း ဟန့်တားပေးနိုင်ပါတယ်။ မီးနေကာလ သွေးဆင်းတဲ့အခါ လစဉ်သုံးပစ္စည်းကို အသုံးပြုနိုင်ပြီး မကြာခဏလဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

အယူအဆအမှား (၃) မီးနေသည်ကို ဟင်းသီးဟင်းရွက်၊ အသီးအနှံရှောင်ခိုင်းခြင်း။

“မီးတွင်းကာလ မုန်ညှင်းကျွေးရင် ကလေးချေးစိမ်းပါမယ်၊ မိခင်ရော ကလေးပါ လေနာမယ်” “ဂျင်းကျွေးရင် အနာမကျက်ဘူး” စတဲ့ အစားအသောက် ကန့်သတ်ချုပ်ချယ်တာတွေက မေမေတိုင်း ရင်းနှီးနေကြမှာပါ။ မိခင်စားသမျှတိုင်းကို  မိခင်ရဲ့ခန္ဓာကိုယ်က ခြေဖျက်ပြီး အာဟာရဓါတ်တွေကို သွေးကနေတစ်ဆင့် ခန္ဓာကိုယ် အနှံ့အပြားကို ပို့ပေးပါတယ်။ အဲ့တာကြောင့် စားလိုက်သမျှဟာ နို့ထဲကို တိုက်ရိုက်ရောက်တာ မဟုတ်ဘဲ အာဟာရဓါတ်တွေသာ သွေးကနေတစ်ဆင့် နို့ထဲရောက်ရှိတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အရမ်းစပ်လွန်းတဲ့အစားအစာ၊ သန့်ရှင်းမှုအားနည်းတဲ့အစားအစာ၊ ငန်လွန်းတဲ့အစားအစာ၊ ရက်လွန်အစားအစာ တွေကလွဲရင် မီးတွင်းကာလမှာ အားလုံးစားပေးရပါမယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေဟာ သဘာဝအတိုင်း ဗီတာမင်သက်စောင့်ဓါတ်၊ ရောဂါကာကွယ်စေနိုင်တဲ့အာနိသင်၊ ပိုးသတ်နိုင်တဲ့အာနိသင်၊ အမျှင်ဓါတ် စတာတွေ ကြွယ်ဝစွာပါရှိတဲ့အတွက် သန့်ရှင်းစွာဆေးကြောပြီး ချက်ပြုတ်သင့်တာချက်ပြုတ်ပြီး စားသောက်ပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေစားသုံးပေးခြင်းဖြင့် ဝမ်းမှန်ခြင်း၊ နို့ထွက်များခြင်း၊ ရောဂါကာကွယ်ပေးခြင်း၊ အာဟာရဓါတ်ပြည့်ဝခြင်းနဲ့ အနာကျက်မြန်ခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

အယူအဆအမှား (၄) မီးနေသည်ကို အခြောက်အခြမ်းသာ ကျွေးမွေးခြင်း။

မီးနေသည်ကို ထမင်းဆီဆမ်း၊ ငါးခြောက်ဖုတ်နဲ့ ဒန့်ဒလွန်ဟင်းချိုတွေပဲ ကျွေးတာကို တွေ့ဖူးကြမှာပါ။ အဲ့ဒီလိုမျိုး အစားအစာကို ကန့်သတ်ကျွေးမွေးတဲ့အတွက် မိခင်ကော ကလေးပါ လိုအပ်တဲ့ အာဟာရဓါတ်တွေ ချို့တဲ့နိုင်တဲ့အတွက် ဆိုးကျိုးများစွာ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် ဗီတာမင်B1 ဆိုတဲ့ ဓါတ်တစ်မျိုး ချို့တဲ့နိုင်ပြီး မိခင်ရော ကလေးပါ နှလုံးရောဂါဖြစ်ပွားနိုင်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့် မိခင်နှင့် ကလေးရဲ့ ကျန်းမာရေး၊ ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုကို ရှေးရှုပြီး မိခင်ကို အာဟာရစုံအောင် အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ စတာတွေ ပါဝင်အောင် ကျွေးမွေးပြီး ချက်ဟင်း၊ ဟင်းရည်သောက်၊ ဟင်းကြော် စသဖြင့် အမျိုးမျိုး ပြင်ဆင်ချက်ပြုတ် ကျွေးမွေးသင့်ပါတယ်။

အယူအဆအမှား (၅) မီးနေသည်နှင့် နနွင်းလိမ်းခြင်း။

မီးနေသည်ကို နနွင်းသောက်ခိုင်း၊ လိမ်းခိုင်းတဲ့ အလေ့အထဟာလဲ အတော်တွင်ကျယ်ပါတယ်။ နနွင်းဟာ အယောင်ကျခြင်း၊ အနာသက်သာခြင်းအပြင် အခြားကောင်းကျိုးတွေလဲ အများကြီး ရှိတဲ့အတွက် နနွင်းသောက်တာဟာ အကျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် နနွင်းလိမ်းပြီး ကလေးကို မကြာခဏထိတွေ့တဲ့အခါ ကလေးမှာစွဲလာတဲ့ အဝါရောင်ဟာ မွေးစကလေးတွေမှာ ဖြစ်တတ်တဲ့ အသားဝါခြင်းနဲ့ ခွဲခြားရခက်တဲ့အတွက် ရောဂါရှာဖွေကုသရာမှာ နှောင့်နှေးစေနိုင်ပြီး ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို မလိုအပ်ပဲ ခံစားရစေနိုင်ပါတယ်။

အယူအဆအမှား (၆) မီးနေသည်ကို မသန့်ရှင်းဘူးဟု သတ်မှတ်ခြင်း။

မီးနေတဲ့ကာလမှာ သဘာဝအတိုင်း ခန္ဓာကိုယ်ကနေ သားအိမ်ထဲမှာ ကျန်ရှိနေတဲ့ သွေးစသွေးနတွေကို ဖြည်းဖြည်းချင်း စွန့်ထုတ်ပေးသွားပါတယ်။ ခန္ဓာကိုယ်ရဲ့အခြား ဆီးသွားခြင်း၊ ဝမ်းသွားခြင်း၊ ဓမ္မတာလာခြင်း အစရှိတဲ့ ဇီဝဖြစ်စဉ်ဖြစ်တဲ့အတွက် မသန့်ရှင်းတဲ့အရာ ဘာမှမပါရှိပါဘူး။ မီးနေကာလ မသန့်ရှင်းခြင်းကြောင့် မဟုတ်ဘဲ ကလေးမွေးတဲ့အချိန်မှာ သွေးအမြောက်အမြား ဆုံးရှုံးထားတဲ့၊ ခွန်အားအမြောက်အမြား ဆုံးရှုံးထားတဲ့၊ မွေးကင်းစကလေးငယ်ရှိတဲ့မေမေတို့အနေနဲ့ မိခင်နဲ့ကလေးမှာ မလိုလားအပ်တဲ့ ရောဂါပိုးတွေကူးစက်မခံရအောင် ဧည့်သည်အများကြီး လက်ခံတွေ့ဆုံတာ၊ လူထူထပ်တဲ့နေရာကို သွားတာတွေကတော့ ရှောင်ရှားသင့်ပါတယ်။

ဒီအကြောင်းအရာကို မျှဝေပါ