ကျန်းမာရေးဆိုင်ရာ ကုသခွင့်တွေဆုံးရှုံးနေလို့ အသက်သေတဲ့အထိကြုံနေရတဲ့ စစ်ရှောင်တွေရဲ့ဘဝ

Published On: October 10th, 2024|Views: 250|
ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ​ပြည်သူတွေမှာ စားဝတ်နေရေး ၊ဆေးဝါးကုသခွင့်တွေဆုံးရှုံးနေရတဲ့အပြင် နေရပ်စွန့်ခွာပြီး ထွက်ပြေးပြီး စစ်ဘေးရှောင်နေကြရပါတယ်။
 
ခုဆိုရင် မြန်မာနိုင်ငံထဲမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေက  တစ်ရက်ထက်တစ်ရက်ပိုပြီး များလာပါတယ်။စစ်ဘေးရှောင်တဲ့အရေအတွက်ပိုများလာလေလေ နေရာထိုင်ခင်းတွေ၊အမိုးအကာတွေ သောက်သုံးရေတွေ၊ဆေးဝါးတွေ၊အစားအစာ၊အိမ်သာတွေအဓိကလိုအပ်လာပါတယ်

သရုပ်ဖေါ်ပုံ - အေးသီတာကျော်

စစ်ဘေးရှောင်တွေအတွက် လိုအပ်မှုတွေများပြားတာနဲ့အမျှ ခြင်ထောင် မရှိသူတွေမှာ ခြင်ကိုက်ခံရပြီး သွေးလွန်တုပ်ကွေးရောဂါတွေဖြစ်ပွားနေသလို သောက်သုံးရေမသန့်ရှင်းခြင်း၊မသန့်ရှင်းတဲ့အစားအစာကိုစားမိခြင်းနဲ့ အိမ်သာအလုံအလောက်မရှိခြင်း၊ ရေကြီးရေလျှံခြင်း​ေ တွေကြောင့်လည်း ဝမ်းပျက်ဝမ်းလျှော တွေဖြစ်ပွားနေပါတယ်။
ဒါအပြင်ခုကာလဟာ မိုးရာသီကာလဖြစ်တာကြောင့်လည်း အသွားအလာအနေအထိုင်၊အစားအသောက် စတဲ့လိုအပ်ချက်တွေကြောင့် လည်း ရာသီတုပ်ကွေးဖြစ်ပွားပြီး ဖျားနာတဲ့စစ်ဘေးရှောင်တွေ အများအပြား ရှိနေပါတယ်။
မိုးကြီးပြီး ရေကြီးနစ်မြုပ်မှု နောက်ဆက်တွဲအနေနဲ့လည်း ကလေးငယ်အပါ လူကြီးတွေမှာ အရေပြားရောဂါတွေပါ ဖြစ်ပွားနေကြပါတယ်။
လက်ရှိကယားပြည်နယ် ဒီမော့ဆို မြို့နယ်ထဲက ဆီးဘူးပလော့ရွာနဲ့ဒေါပဲ့စစ်ရှောင်စခန်းတွေမှာ ကလေးသူငယ်တွေ ၊လူကြီးတွေ ဖျားနာနေကြသလို အရေပြားရောဂါတွေ ဖြစ်ပွားနေသလို အခြားကျေးရွာတွေနဲ့စစ်ရှောင်စခန်းတွေမှာလည်းဖျားနာသူ၊အရေပြားရောဂါဖြစ်သူ၊ဝမ်းပျက်ဝမ်းလျှောသူတွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေဆိုပါတယ်။
” ဒီမောဆို အရှေ့ခြမ်း ဒေါပဲ့(စော်ဘွား)စစ်ရှောင်စခန်းမှာ ကလေးငယ်တွေ နဲ့ လူကြီး တော်တော်များများ​ယားနာများဖြစ်ပွားနေတယ်။ ယားနာသိပ်မများသူရော ၊ဆိုးတဲ့သူတွေအများကြီးပါခင်ဗျ။ဆီးဘူးပလော့ရွာမှာလည်း စစ်ရှောင်နဲ့ ရွာခံ အိမ်ထောင်စု ၄၆စုအကုန်လုံးနီးပါးဖျားနေကြတယ်။ဖျားနေကြတာကြာပြီ။ဘာရောဂါမှန်းတော့မသိပေမယ့် ချမ်းရင်တအားတုန်တက်ပါတယ်။ပူရင် အဝတ်အစားမဝတ်နိုင်အောင်ပူပါတယ်။အထူးသဖြင့် ကလေးငယ်တော်တော်များများတပတ်တိတိဝမ်းမသွားနိုင်ကြပါဘူးခင်ဗျ။နယ်လှည့်ဆေးကုသပေးတဲ့အဖွဲ့တွေရောက်ခဲ့မယ်ဆိုရင် အရမ်းဝမ်းသာမိမှာပါ။” လို့ ကယားအခြေစိုက် စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။
အဆိုပါ အရေပြားရောဂါးဖြစ်ပွားနေတဲ့စစ်ရှောင်စခန်းကိုလည်း ခုချိန်ထိ ကုသပေးမယ့်ဆရာဝန်တွေရောက်လာခြင်းမရှိသလို ဖျားနာနေတဲ့ကျေးရွာကိုလည်း ဆေးကုသပေးမယ့်ဆရာဝန်တွေရောက်မလာသေးတာကြောင့် ရောဂါဖြစ်နေတဲ့စစ်ရှောင်တွေဒုက္ခရောက်နေကြရပါတယ်။
ဆေးကုသပေးမယ့်ဆရာဝန်တွေမရှိသလို ဆေးဝါးတွေလည်းမလုံလောက်ခြင်း၊ယားနာအတွက် ယားနာလိမ်းဆေးလိုအပ်ခြင်း၊ကာဘော်လစ်ဆပ်ပြာခဲ၊သောက်ရေသန့်တွေလည်းလိုအပ်နေပြီး ဖျားနာနေသူတွေအတွက်တော့ ဆေးကုသပေးမယ့်ဆရာဝန်နဲ့သူနာပြုတွေအဓိကလိုအပ်နေပါတယ်။
ကယားပြည်နယ်ထဲကကျန်တဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာလည်းကျန်းမာရေးအတွက် အိမ်သာတွေလည်း လိုအပ်နေပါတယ်။
ကယားပြည်နယ်နည်းတူ ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊မန္တလေးတိုင်း၊ မကွေးတိုင်းထဲ မှာလည်းတိုက်ပွဲတွေကြောင့် လူပေါင်းသိန်းနဲ့ချီပြီး စစ်ဘေးရှောင်နေရပါတယ်။
စစ်ဘေးရှောင်ကြရမှာ ငွေကြေးမပြည့်စုံတဲ့သူတွေကတော့ မြို့ပေါ်ကစစ်ဘေးရှောင်စခန်းတွေမှာနေ ရသလို တောတောင်ထဲကစစ်ဘေးရှောင်စခန်းတွေ၊ဘုန်းတော်ကြီးကျောင်းတွေမှာ နေကြရပြီး ငွေကြေးပြည့်စုံသူတွေကတော့ ရန်ကုန်အပါအဝင် အေးချမ်းတဲ့ဒေသတွေကိုရွှေ့ပြောင်းကာစစ်ဘေးရှောင်ကြပါတယ်။
လက်ရှိ စစ်ရှောင်တွေထဲမှာဖြစ်ပွားနေတဲ့ အရေပြားရောဂါတွေ၊သောက်သုံးရေမသန့်လို့ ဝမ်းရောဂါဖြစ်သူတွေ၊ဖျားနာသူတွေ၊သွေးလွန်တုပ်ကွေးရောဂါတွေဟာ ငွေကြေးမပြည့်စုံတဲ့ စစ်ဘေးရှောင်တွေသာ အများဆုံးကူးစက်ဖြစ်ပွားခံနေကြရတာပါ။
ရခိုင်ပြည်နယ်ထဲက မောင်းတော၊ပုဏ္ဍားကျွန်းမြို့၊သံတွဲအပါအဝင် မြို့အများစုမှာ စစ်ဘေးရှောင်တွေရော ကျေးရွာနေထိုင်သူတွေပါ အရေပြားရောဂါနဲ့ဖျားနာခြင်း၊ဝမ်းပျက်ဝမ်းလျှောခြင်းတွေဖြစ်ပွားမှုရှိနေပါတယ်။
မောင်တောမြို့နယ်ထဲမှာဆိုရင်ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေပေမယ့် ကုသစရာ ဆေးဝါးတွေအလုံအလောက်မရှိတာကြောင့် ကူးစက်မှုတွေရှိကာ ရောဂါဖြစ်ပွားသူပိုတိုးလာတဲ့အပြင် သေဆုံးသူငါးဦးအထိပင်ရှိလာတယ်လို့သိရပါတယ်။
” သောက်သုံးရေမသန့်လို့ မိုးရာသီဖြစ်တတ်တဲ့ဝမ်းပျက်ဝမ်းလျှောတွေဖြစ်ကြလို့ ဝမ်းပျက်ဝမ်းလျှော အတွက်မရှိမဖြစ်လိုအပ်တဲ့ဆေးဝါးတွေလိုအပ်နေပါတယ်။စစ်ဘေးရောရေဘေးပါကြုံရတော့ အကုန်ဒုက္ခရောက်နေရတယ်။ဆေးရုံမှာလည်းကုမရ၊ဆေးဝါးကလည်းမရှိဖြစ်နေတာ။ပုဏ္ဍားကျွန်းဘက်မှာဆိုလည်းအရေပြားရောဂါရော ဖျားသူတွေထပ်ဖြစ်လာနေတယ်။ တော်တော်များ တယ်” လို့ မောင်တောမြို့ စစ်ရှောင်ကူညီနေ သူတစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာဆိုရင်လည်း စစ်ရှောင်ပြည်သူတွေထဲ ဖျားနာသူ၊သွေးလွန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်ပွားမှုရှိနေပါတယ်။
” မြို့နဲ့ဆိုသွားရဖို့ကဝေးတော့ နေမကောင်းဖြစ်ရင် ရွာကဆရာနဲ့ပဲပြဖြစ်တယ်။ဒါတောင်ပိုက်ဆံအဆင်ပြေမှပြနိုင်တာပါ။မြို့ပေါ်မှာတော့ဆေးရုံရှိတာပေါ့။မြို့ပေါ်ကတိုက်ပွဲမှမရှိတာ။ကျွန်မတို့ရွာဘက်တွေမှာပတ်ဖျားနေတာ” လို့ စစ်ကိုင်းတိုင်းကလေးမြို့နယ်ထဲက စစ်ဘေးရှောင် သူတဦးကပြောပါတယ်။
တိုက်ပွဲတွေဖော်ဆောင်နေတဲ့ အထက်ဖော်ပြပါဒေသတွေမှာ အစိုးရ ဆေးရုံအများစုမှာ ဆရာဝန်တွေ အနည်းငယ်သာရှိလို့ လူနာတိုင်းကိုကုသမှုမပေးနိုင်ခြင်း၊ အချို့ဆေးရုံတွေမှာ ဆရာဝန်မရှိသဖြင့် ကုသမှုတွေမပေးနိုင်ခြင်း၊ ဆေးဝါးတွေ အစုံမရှိတော့တဲ့အပြင် လုံလောက်မှုလည်းမရှိခြင်းတွေကြောင့် အစိုးရကျန်းမာရေးကဏ္ဍက စစ်ရှောင်တွေနဲ့မြို့ကျေးရွာလူထုအပေါ် ထိရောက်တဲ့ကုသမှုတွေပေးစွမ်းနိုင်မှုတွေ ကျဆင်းလာနေပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်နဲ့တိုက်ပွဲဖြစ်ပွားရာဒေသကပြည်သူတွေမှာ ပြည်သူတစ်ယောက်အတွက်ရသင့်ရထိုက်တဲ့ ကျန်းမာရေး ဆိုင်ရာဆေးကုသခွင့်တွေဆုံးရှုံးနေကြရပါတယ်။
ဆေးကုသခွင့်တွေဆုံးရှုံးမှုနောက်ဆက်တွဲဆိုးကျိုးကတော့ အချိန်မီကုသခွင့်မရလို့ အသက်သေဆုံးသည်အထိ ဖြစ်ပွားလာနေပါတယ်။
စစ်ရှောင်ပြည်သူတွေထဲမှာ နာတာရှည် ရောဂါသည်တွေပါလို့ လစဥ်ဆေးစွဲသောက်နေရသူတွေလည်း ရှိပြီး ဆီးချိုသမား၊TB ရောဂါ၊HIV ဆေးလိုအပ်သူတွေလည်းရှိပါတယ်။နောက်ပြီး ကိုယ်ဝန်ဆောင်အားဆေးတွေ၊သန္ဓေတားဆေး၊ကျောက်ကပ်ဆေးရတာတွေ၊အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ၊မဖြစ်မနေခွဲစိတ်ကုသဖို့လိုအပ်သူတွေ စတဲ့အထွေထွေ ရောဂါတွေလည်းရှိပါတယ်။
အဆိုပါ ရောဂါဝေဒနါခံစားရသူတွေအတွက်လည်း ဆေးဝါးပစ္စည်းတွေ အဓိကလိုအပ်နေပြီး လှူဒါန်းသူနည်းနေပါတယ်။အစိုးရဘက်ကလည်းစစ်ရှောင်တွေနဲ့ပတ်သက်လို့ ထိထိရောက်ရောက်ကူညီဆောင်ရွက်ပေးတာဆေးဝါးထောက်ပံ့တာမျိုးမရှိသလောက်နည်းနေပါတယ်။
ဒါကြောင့်ပဲ ကျန်းမာရေး စောင့်ရှောက်မှုမရလို့မသေသင့်ပဲ သေခဲ့ရတဲ့ သူတွေ ဒေသအစုံမှာ တော်တော်များများရှိလာနေပါတယ်။တချို့ဆိုရင် လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရသူတွေမှာလည်း ကုသမှုမပြုလုပ်နိုင်တဲ့အတွက် သေဆုံးရသူတွေအများအပြားရှိနေ ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး လက်ရှိ၂၀၂၄ ခုနှစ်အထိ ၃နှစ်ကျော်ကာလမှာ တိုက်ပွဲတွေကြောင့်နေရပ်စွန့်ခွာထွက်ပြေးပြီးစစ်ရှောင်နေရသူပေါင်း ၃ သန်းကျော်ရှိတယ်လို့ UN myanmar မှထုတ်ပြန်ထားပါတယ်။

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ