အခုကာလမှာ အကျိုးစီးပွားရည်ရွယ်ချက်မျိုးစုံနဲ့ အချက်အလက်အမှားကို အမှန်ထက်ခိုင်မာတယ်ထင်ရအောင် စာလိုတစ်မျိုး၊ ရုပ်သံနဲ့တစ်ဖုံ ထုတ်လုပ်ဖြန့်ချိနေကြတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားတွေ အွန်လိုင်းလူမှုကွန်ယက်မှာ ပိုတွေ့လာရပါတယ်။ တချို့ဆို ဆရာဝန်မဟုတ်ဘဲ ဆရာဝန်လို ဝတ်စားပြီးတော့ကို အမှားတွေကို ရည်ရွယ်ချက်တစ်ခုခုအခြေခံပြီး ပြောနေကြတာလည်း တွေ့ရပါတယ်။ တချို့ကျတော့လည်း ရထားတဲ့ဘွဲ့က ဆေးပညာမဟုတ်ဘဲ Dr. လို့တပ်ပြီး အချက်အလက်အမှားတွေကို အချက်အလက်အရမ်းခိုင်မာသလို ရေးထားတဲ့ ဆောင်းပါးရှည်တွေပါ ရေးသားနေကြတာလည်း အများအပြားတွေ့လာရပါတယ်။
အောက်မှာဖော်ပြထားတဲ့ ဆောင်းပါးဆိုရင် အဖက်ဖက်က ဖွံ့ဖြိုးမှုလိုအပ်နေတဲ့ ကလေးတွေနေ့စဉ် သောက်သုံးဖို့ မဖြစ်မနေလိုအပ်တဲ့ နွားနို့ကို မသောက်သုံးသင့်ကြောင်း ရေးထားတာ အံ့ဩဖွယ် ဖတ်ရှုရပါတယ်။ အားလုံးဖတ်ရှုနိုင်အောင် အောက်မှာဖော်ပြထားပါတယ်။
မနက်ဖြန် မနက်စာမှာ သောက်ဖို့ဆိုပြီး စူပါမားကတ်ကနေ ပလတ်စတစ်ဗူး ဒါမှမဟုတ် ကတ်ထူဗူးနဲ့ ထုပ်ပိုးထားတဲ့ ပိုးသတ်သန့်စင် (Pasteurized) ထားတဲ့ နို့ကို ဝယ်ထားလေ့ရှိသလား။
အဲဒီနို့ဟာ သင့်အတွက် အာဟာရရစေမယ်လို့ ထင်ရင်တော့ သင် မှားသွားပါလိမ့်မယ်။ အမှန်တော့ အဲ့ဒီ pasteurised လုပ်ထားတဲ့ နို့ဆိုတာ ဘာအာဟာရမှ မရှိတော့တဲ့၊ စူပါမားကတ်မှာ ရောင်းဖို့ အရောင်တင်ထားတဲ့ အဖြူရောင်အရည်သက်သက်ပဲ ဖြစ်ပါတယ်။
အပူပေး ပိုးသတ်တဲ့ (Pasteurization) ဖြစ်စဉ်မှာ နို့ထဲမှာပါတဲ့ အကျိုးပြု အင်ဇိုင်းတွေ (Phosphatase နဲ့ Lipase)၊ အူလမ်းကြောင်းအတွက် အရေးပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ (Lactic acid bacillus) နဲ့ ပရိုတင်းဓာတ်တွေ အားလုံး ပျက်စီးသွားခဲ့ပါပြီ။ အပူဒဏ်ကြောင့် ပရိုတင်းတွေ ပျက်စီးသွားတဲ့အတွက် သင်သောက်နေတာ အာဟာရမရှိတဲ့ အဖြူရောင်အရည်သက်သက်ပဲ ဖြစ်နေတာပါ။
ဒါကြောင့် အကျိုးမရှိတဲ့ ပတ်စတာရိုက် နို့ကို သောက်တဲ့အခါ သင့်အူလမ်းကြောင်းမှာ ရေရှည်ရောင်ရမ်းမှုတွေ ဖြစ်လာရပါတယ်။ လေပွတာ၊ အစာမကြေတာ၊ ဝမ်းချုပ်တာနဲ့ နောက်ဆုံးမှာ အူလမ်းကြောင်းရောင်ရမ်းတဲ့ ရောဂါ (Inflammatory bowel disease) အထိ ဖြစ်လာပြီး သင့်တစ်သက်လုံး အက်ဆစ်ပြယ်ဆေးတွေပဲ သောက်နေရတော့မယ့် အခြေအနေဆိုးကို ရောက်သွားနိုင်ပါတယ်။
တကယ်လို့ သင်ဟာ ဒီလို ပတ်စတာရိုက် နို့သောက်တာကို ရပ်လိုက်တာနဲ့ ချက်ချင်းဆိုသလို အပြောင်းအလဲတွေကို တွေ့ရပါလိမ့်မယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်လို့သီးမှုတွေ ပျောက်သွားမယ်။ အမဲစက်၊ အယားကွက်နဲ့ ဓာတ်မတည့်တဲ့ အဖုအပိန့်တွေ ပျောက်ပြီး အမည်းစက်ကင်းတဲ့ အသားအရေကို ရလာမယ်။ အူလမ်းကြောင်း အလုပ်လုပ်ပုံ မှန်ကန်လာပြီး ဥနဲ့ အသားတွေကို မတည့်တာမျိုးတွေ မရှိတော့လို့ အစာချေစနစ် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။ ဒါတွေဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။
နို့နဲ့ pasteurization ဖြစ်စဉ်၏ ပြဿနာ
နွားနို့မှာ ပါဝင်တဲ့ အရေးပါတဲ့ အာဟာရဓာတ် အများစုဟာ အပူပေး ပိုးသတ်လိုက်တာနဲ့ လုံးဝပျက်စီးသွားပါတယ်။ နွားမဆီက လာတဲ့ ရောဂါပိုးတွေကို ကြောက်လို့ဆိုရင်တော့ နို့သောက်တာကို လုံးဝ စွန့်လွှတ်လိုက်တာက ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အပူပေးလိုက်တာနဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အရာမှန်သမျှ အကုန်သေဆုံးသွားလို့ပါပဲ။
တကယ်တမ်း ကျန်းမာရေးနဲ့ ညီညွတ်တာက နွားဆီက တိုက်ရိုက်ရတဲ့ သဘာဝ နို့စိမ်း (Raw milk) သို့မဟုတ် ပြုပြင်မထားတဲ့ နို့ချဉ် (Cultured raw milk) တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်ုပ်တို့ အူလမ်းကြောင်းကို အကျိုးပြုတဲ့ Lactobacillus acidophilus ဘက်တီးရီးယားဟာ အူလမ်းကြောင်း ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေရုံတင် မကဘဲ နည်းပါးလှတဲ့ မိုက်ခရို အာဟာရဓာတ်တွေကို စုပ်ယူရာမှာ အပြည့်အဝ ကူညီပေးပါတယ်။
ဒီတော့ ပတ်စတာရိုက် နို့တွေကို ရှောင်ပါ။ အပူပေးထားလို့ နို့ထဲမှာ အစာချေဖျက်ပေးမယ့် အင်ဇိုင်းတွေ လုံးဝ မရှိတော့ပါဘူး။
နွားနို့ဆိုတာ လူ့ခန္ဓာကိုယ်နဲ့ တိုက်ရိုက်ပတ်သက်မှုမရှိတဲ့ ပြင်ပအစာ ဖြစ်တဲ့အတွက် သူ့ကို ချေဖျက်ဖို့ နို့ထဲမှာ သူ့အင်ဇိုင်းနဲ့သူ ပါလာရတာပါ။ ဒါပေမဲ့ အဲဒီအင်ဇိုင်းတွေ ပျက်စီးသွားတဲ့အခါ ခန္ဓာကိုယ်က လက်မခံနိုင်ဘဲ လေပွတာ၊ လေလည်တာနဲ့ ဝမ်းလျှောတာတွေ ဖြစ်လာပြီး နောက်ပိုင်းမှာ လက်တိုစ်မတည့်တာ (Lactose intolerance) အထိ ဖြစ်လာရပါတယ်။
အပူပေးလိုက်လို့ ပျက်စီးသွားတဲ့ အဓိက အင်ဇိုင်း ၄ မျိုးကတော့ Alkaline Phosphatase – နို့စိမ်းထဲမှာပါတဲ့ ကယ်လ်ဆီယမ်ကို အစာချေပေးတဲ့ အင်ဇိုင်း၊ Proteolytic enzymes (Plasmin နှင့် Proteinase) – နို့ထဲက ပရိုတင်းတွေကို ချေဖျက်ပေးတဲ့ အင်ဇိုင်း၊ Amylase သို့မဟုတ် Lipase – နို့သကြား (Lactose) ကို သကြားသေး (Galactose) အဖြစ် ဖြိုခွဲပေးတဲ့ အင်ဇိုင်း၊ Lipase – နို့ထဲမှာပါတဲ့ အဆီတွေကို ဖက်တီးအက်ဆစ် (Fatty acids) အဖြစ် ပြောင်းလဲပေးတဲ့ အင်ဇိုင်းတွေပါ။
ပညာရေးစနစ်နဲ့ စာအုပ်အချို့မှာ “အပူပေးခြင်းက အင်ဇိုင်းနဲ့ အာဟာရတွေကို ပျက်စီးစေပေမဲ့ အများကြီး မဟုတ်ပါဘူး” လို့ ရေးထားတတ်ကြပါတယ်။ ဒါပေမဲ့ “အများကြီး မဟုတ်ဘူး” ဆိုတာ ဘယ်လောက်လဲဆိုတာ ဘာလို့ မေးခွန်းမထုတ်ကြတာလဲ။ ခေတ်သစ်လူတွေဟာ စာတွေသင်၊ အသိပညာတွေ ရလာကြပေမဲ့ ဘယ်လိုစဉ်းစားရမလဲဆိုတာထက် ဘာကို စဉ်းစားရမလဲဆိုတာကိုပဲ သင်ယူခဲ့ကြရလို့ပါ။ အင်ဇိုင်းတွေ ပျက်စီးသွားရင် အူလမ်းကြောင်းက နို့ကို ဘယ်လို ချေဖျက်မလဲဆိုတဲ့ စဉ်းစားဆင်ခြင်မှုကို လုပ်ကြရပါမယ်။
ကလေးတွေကို မိခင်နို့ တိုက်ပါ။ နွားပေါက်လေးတွေကို နွားနို့ တိုက်ပါ။ လူကြီးတွေဟာ နွားပေါက်လည်း မဟုတ်၊ ကလေးလည်း မဟုတ်တဲ့အတွက် သာမန်အစာကိုပဲ စားသင့်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နို့သကြားကို ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေဟာ ခန္ဓာကိုယ်ထဲကနေ ပျောက်ကွယ်သွားတာ သဘာဝပါပဲ။
ဆီးချိုရောဂါရှင်များ နို့သောက်လို့ ရပါသလား
အဖြေကတော့ “မရပါ”။ ဘာလို့လဲဆိုတော့ နို့ထဲမှာ Lactose လို့ခေါ်တဲ့ သကြားဓာတ် ပါဝင်နေလို့ပါပဲ။ Lactose ဆိုတာ Glucose နဲ့ Galactose ဆိုတဲ့ သကြားနှစ်မျိုး ပေါင်းစပ်ထားတဲ့ Carbohydrate ဖြစ်ပါတယ်။ နို့စိမ်းကို သောက်ပြီးလို့ အစာချေဖျက်ပြီးချိန်မှာ သွေးထဲကို သကြားဓာတ် (Glucose) တွေ တိုက်ရိုက်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
ဆီးချိုသမားဆိုတာ သွေးထဲမှာ သကြားဓာတ် ထိန်းချုပ်ရခက်နေသူတွေဖြစ်တာမို့ သွေးထဲ သကြားဓာတ်တွေ ပြည့်နေတဲ့စနစ်ထဲကို သကြားဓာတ် (Glucose) တွေ ထပ်ဖြည့်ပေးတာဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါကြောင့်မို့ အာဟာရမရှိတဲ့အပြင် ကျန်းမာရေးကို ထိခိုက်စေတဲ့ ပတ်စတာရိုက် နို့တွေကို သောက်သုံးခြင်းကနေ အမြန်ဆုံး ခွဲထွက်ပြီး သင့်ကျန်းမာရေးအတွက် မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ဒီဆောင်းပါးက အကြောင်းအရာအတော်များများ မှားနေကြောင်းကို MyanHealth ရဲ့ အယ်ဒီတာဖြစ်တဲ့ အတိုင်ပင်ခံသမားတော်ရဲ့ မှတ်ချက်ကို ဖော်ပြချင်ပါတယ်။
“ကျမတို့က နို့သောက်ဖို့ အားပေးပါတယ်။ ကျမတို့လို နိုင်ငံက ကလေးတွေက အာဟာရမပြည့်လို့ ပုညှက်နေကြတဲ့အတွက် အထူးသဖြင့် နို့သောက်ဖို့ လိုတဲ့နိုင်ငံပါ။ အထူးသဖြင့် နို့ကို သေချာပိုးသတ်အောင် အိမ်မှာ ကျိုချက်ဖို့က ခက်ခဲတဲ့အတွက် pasteurized milk ကို သောက်ဖို့ အားပေးပါတယ်။ ဒီဆောင်းပါးက Misleading information တွေပါလို့” အတိုင်ပင်ခံသမားတော်က ရှင်းပြပါတယ်။