သွားတိုက်တယ်၊ သွားသန့်ရှင်းရေးလုပ်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ တနေ့တာလုပ်ငန်းစဉ်ထဲ က မဖြစ်မနေလုပ်ရတဲ့ အလုပ်တခုဖြစ်ပါတယ်။ တိုက်ချင်တဲ့နေ့တိုက်လိုက်၊ မတိုက်ချင်တဲ့နေ့ မတိုက် ဘဲနေလိုက် လုပ်လို့မရပါဘူး၊ ငယ်ကတည်းက တကိုယ်ရေသန့်ရှင်းရေးလုပ်တဲ့အနေနဲ့ လူကြီးမိဘက တိုက်ခိုင်းသလို တိုက်ခဲ့ကြရတာဖြစ်ပြီး ဘယ်သူမှသွားတိုက်နည်းသင်တန်းတက်ပြီး သင်ပေးတာ မဟုတ်တဲ့အတွက် သွားတိုက်နည်း အမျိုးမျိုးဖြစ်နေကြမှာ အသေအချာပါပဲ။ ဆေးခန်းရောက်လာတဲ့ လူနာအများစုကို သွားဘယ်လိုတိုက်လဲမေးလိုက်ရင် ကန့်လန့်ဖြတ်တိုက်တဲ့ပုံစံကိုပဲ လုပ်ပြကြတာ များ ပါတယ်။ သွားတိုက်ခြင်းဆိုတာ သွားတွေသန့်ရှင်းရေးအတွက်ပဲ လုပ်ပေးရတာမဟုတ်ပါဘူး။ ကျွန်တော်တို့ သွား၊ သွားဖုံး၊ ခံတွင်းမှ အစပြုပြီး အစာအိမ်၊ အူလမ်းကြောင်းတလျှောက်ကို မကောင်းတဲ့ ဘက်တီးရီးယား ပိုးမွှားများမဝင်ရောက်နိုင်ဖို့ရာ ကာကွယ်သန့်ရှင်းရေးလုပ်ပေးရတာ ဖြစ်ပါတယ်။
စနစ်မှန် သွားတိုက်နည်းအမျိုးမျိုးရှိပါတယ်။ အဲ့ထဲကမှ သွားဆရာဝန်အများစု အညွှန်းများတဲ့ နည်းလမ်းကို ပြောပြပေးပါမယ်ဗျ။ ကျွန်တော်တို့ ပါးစပ်ထဲမှာ အပေါ်မေးရိုးမှာရှိနေတဲ့ အပေါ်သွားတစု ရယ်၊ အောက်မေးရိုးမှာရှိနေတဲ့ အောက်သွားတစုရယ်ဆိုပြီး အပေါ်၊ အောက်တစုံရှိပါတယ်။ အပေါ်သွား အုပ်စုမှာပဲ ငါးနေရာခွဲထားပါတယ်။ အရှေ့သွားအုပ်စုနေရာ၊ စွယ်သွားနှင့် အံသွားသေးများနေရာ (ဘယ်/ညာ)၊ အံသွားကြီးများနေရာ(ဘယ်/ညာ)ဆိုပြီးအပေါ်တခြမ်းမှာပဲ (၅)နေရာရှိပါတယ်။ အောက် သွားတွေမှာလည်း အလားတူ(၅)နေရာဆိုတော့ စုစုပေါင်း(၁၀)နေရာရှိပါတယ်။ ဒါကတော့ သွားအမျိုး အစားနဲ့ နေရာခွဲထားတာဖြစ်ပြီး သွားတွေရဲ့ မျက်နှာပြင်နဲ့ဆိုရင်တော့ သွားအကုံးလိုက်ရဲ့ အရှေ့ဖက် မျက်နှာပြင်၊ အတွင်းဖက်မျက်နှာပြင်နဲ့ ဝါးတဲ့မျက်နှာပြင်ဆိုပြီး (၃)နေရာရှိမှာဖြစ်ပါတယ်။ စနစ်မှန် သွားတိုက်နည်းဆိုတာ အခုပြောထားတဲ့ နေရာတွေအားလုံးကို သန့်ရှင်းအောင်တိုက်ပေးရတာဖြစ်ပါ တယ်။
သွားတိုက်မယ်ဆိုရင် သွားတိုက်တံနဲ့ သွားတိုက်ဆေးရွေးချယ်မှုကလည်း အရေးပါပါတယ်။ သွားတွေရဲ့ပတ်ပတ်လည်မှာ သွားဖုံးတွေရှိတဲ့အတွက် ကိုယ်ရွေးချယ်တဲ့ သွားတိုက်တံအမျိုးအစားက သွားဖုံးကို မထိခိုက်ဖို့လိုအပ်ပါတယ်။ သွားတိုက်တံတွေမှာ Extra-soft, Soft, Medium, Hard ဆိုပြီး အမျိုးမျိုးထုတ်ကြပါတယ်။ တချို့လူတွေက သွားတိုက်တံအမျှင်နူးညံ့ပြီး ပျော့နေရင်သွားတိုက်တာ မပြောင်ဘူးဆိုပြီး သွားတိုက်တံအမာနဲ့ ခပ်ကြမ်းကြမ်းတိုက်ရတာကို အကျင့်ဖြစ်နေသူတွေရှိပါတယ်။ တကယ်ကတော့ စနစ်မှန်၊ နည်းမှန်တိုက်ခြင်းကသာ အရေးကြီးတာဖြစ်ပါတယ်။ သွားတိုက်တံခေါင်းက သေးငယ်ပြီး လုံးနေရပါတယ်။ သေးငယ်မှသာ ပါးစောင်အနောက်အထိ ရောက်ပြီး အံဆုံးအထိသန့်ရှင်း နိုင်မှာဖြစ်သလို လုံးနေမှသာ သွားဖုံး၊ ပါးစောင်ကို မထိခိုက်မှာဖြစ်ပါတယ်။ သွားတိုက်တံတချောင်းကို (၃)လတစ်ကြိမ်လောက် လဲလှယ်သင့်ပါတယ်။
ကိုယ်ရွေးချယ်တဲ့သွားတိုက်ဆေးက ဖလိုရိုက်ဒ်(Fluoride) ပါပြီး လူကြီးတွေအတွက်ဆိုရင် (1000-1500 ppm Fluoride)နဲ့ ကလေးတွေအတွက်ဆိုရင် (1000 ppm)ပါတဲ့ သွားတိုက်ဆေး ဖြစ်ရပါမယ်။ သွားတိုက်ဆေးကြော်ငြာတွေမှာ သွားတိုက်တံအမျှင်တလျှောက် သွားတိုက်ဆေးပုံပြီး ပြထားတာတွေကိုတွေ့ဖူးပြီး အဲ့ပမာဏလောက်ထည့်တိုက်ကြသူတွေအများအပြားရှိကြမှာပါ။ တကယ် တော့ သွားတိုက်ဆေးပမာဏက ပဲစေ့တစ်လုံးအရွယ်အစားလောက်ပဲ ထည့်ပြီးတိုက်ရင် လုံလောက်ပါ တယ်။
အဓိကကျတဲ့ သွားတိုက်နည်းလမ်း (Technique)လာပါပြီ။ သွားတိုက်တံအမျှင်က သွားနဲ့ထိစပ် နေတဲ့သွားဖုံးနေရာမှာ 45° လောက်စောင်းပြီး တင်ထားရာကနေ အပေါ်သွားဆိုရင် အောက်ဖက်ကိုဆွဲချ ပြီး တစ်နေရာကို (၅)ချက်လောက်တိုက်ချရပါတယ်။ အောက်သွားဆိုရင်တော့ သွားဖုံးမှာ 45° စောင်း ထားပြီး အပေါ်ကိုခြစ်ထုတ်ပြီး တိုက်ရပါမယ်။ ဒါမှသာ သွားတိုက်တံအမျှင်က သွားဖုံးအောက်ကချေး လွှာရော၊ သွားတချောင်းနဲ့တချောင်းကြားညှပ်တဲ့ အစာရောကို ဆွဲထုတ်ပေးသွားမှာဖြစ်ပါတယ်။ တချို့ ကသွားဖုံးထိမှာစိုးလို့ သွားဖုံးကို ရှောင်ပြီးတိုက်တယ်ပြောကြပါတယ်။ ဒါဆိုရင်တော့ သွားဖုံးအောက် မှာ သွားချေးလွှာစတည်လာမှာဖြစ်ပါတယ်။ သွားတိုက်တံအမျှင်က သွားဖုံးကိုဖိပေး၊ ထိပေးလိုက်တာက သွားဖုံးရဲ့ သွေးလည်ပတ်မှုကို ကောင်းစေပြီး သွားပတ်ပတ်လည်က သွားဖုံးရဲ့ ကြံ့ခိုင်မှုကို ကောင်းစေပါ တယ်။ (သွားဖုံးကို ပြောင်းပြန်လှန်တိုက်ရင်တော့ သွားဖုံးထိခိုက်မှာ အမှန်ပါပဲ။)
အခုပြောပြတဲ့နည်းလမ်းအတိုင်း သွားအကုံးလိုက်ရဲ့ အရှေ့မျက်နှာပြင်(၅)နေရာကို တနေရာချင်း တိုက်သွားရမှာဖြစ်ပါတယ်။ အရှေ့ဖက်မျက်နှာပြင်ပြီးရင် အတွင်းဖက် အပေါ်ဆိုရင်တော့ အာခေါင်ဖက် မျက်နှာပြင်၊ အောက်ဆိုရင်တော့ လျှာရှိတဲ့ဖက်မျက်နှာပြင်တွေကိုလည်း နေရာ(၅)နေရာစီ စုံအောင် သွားဖုံးမှာ ထောက်ပြီးဆွဲချ၊ ခြစ်ထုတ်တဲ့ လားရာအတိုင်း တိုက်ရမှာဖြစ်ပါတယ်။ နောက်ဆုံးကျန်တဲ့ ဝါးတဲ့မျက်နှာပြင်ကိုတော့ အရှေ့အနောက်ပွတ်ဆွဲပြီး နေရာ(၅)နေရာစုံအောင် တိုက်ပေးရမှာဖြစ်ပါ တယ်။ ဒါဆိုရင်တော့ နေရာ(၅)နေရာ၊ မျက်နှာပြင်(၃)ခုလုံး စုံအောင်သန့်ရှင်းနိုင်ပြီဖြစ်ပါတယ်။ ကန့်လန့်ဖြတ်တိုက်ခြင်းက သွားကြွေလွှာကို ပျက်စီးစေပြီး အစာအကြွင်းအကျန်လည်း ပြောင်မှာ မဟုတ်ပါဘူး။
သွားတိုက်ပြီးသွားပြီဆိုရင်တော့ နောက်ဆုံးလျှာကိုသန့်ရှင်းဖို့လည်း မမေ့ကြပါနဲ့ဗျာ။ ခံတွင်း အနံ့ဆိုးရခြင်းအကြောင်းအရာများထဲက လျှာသန့်ရှင်းရေး မလုံလောက်လို့ နံရခြင်းက (၆၀-၈၀%) လောက်ရှိပါတယ်ဗျ။ လျှာခြစ်တံအမျိုးအစားများစွာရှိပါတယ်။ အဓိက ကတော့ သုံးရလွယ်ပြီး လျှာကို အနာတရ မဖြစ်စေဘဲ ပိုးပေါက်ပွားမှုနည်းတဲ့ ပစ္စည်းမျိုးကို ရွေးချယ်သုံးသင့်ပါတယ်။
သွားတိုက်ပြီး ပလုပ်ကျင်းတာနဲ့ပတ်သက်လို့ မေးကြတာလည်း ရှိတဲ့အတွက် တခါတည်းထည့် ပြောပါရစေ။ သွားတိုက်ဆေးထဲက ဖလိုရိုက်ဒ် အာနိသင်ကျန်စေချင်တဲ့အတွက် သွားတိုက်ပြီး ပလုတ် မကျင်းဘဲ သွားတိုက်ဆေးကိုပဲ ထွေးထုတ်ခိုင်းတာဖြစ်ပါတယ်။ သို့ပါသော်လည်း နေရခက်၊ ပါးစပ်ထဲ အစာအကြွင်းကျန် ကျန်သလိုခံစားရရင်တော့ တစ်ကြိမ်လောက်ပဲ ရေနဲ့ကျင်းပေးဖို့အကြံပြုပါရစေဗျာ။ သွားတိုက်နည်းအကြောင်းပဲမို့လို့ သွားမတိုက်ခင် အစာအကြွင်းအကျန်တွေကို သွားပွတ်ကြိုး၊ သွားကြားတိုက်ဘရပ်ရှ်တွေနဲ့ အရင်သန့်ရှင်းရေးလုပ်ပေးရတဲ့အကြောင်းကိုတော့ နောက်အပတ်တွေမှ အသေးစိတ် တင်ပြပါမယ်။
တကယ်တမ်းတော့ အခုရေးပြတဲ့ စနစ်မှန်သွားတိုက်နည်းက သာမန်ခံတွင်းကျန်းမာတဲ့သူတွေ အတွက် အသုံးများတဲ့နည်းလမ်းဖြစ်ပါတယ်။ ကလေးများအတွက်၊ သွားဖုံးကျန်းမာရေးမကောင်းသူများ အတွက်၊ သွားတွေပြုပြင်ပြီး Brace အတုံးတွေတပ်ထားသူများအတွက်ကတော့ အထူးပြုလုပ်ထားတဲ့ နည်းလမ်း လေးတွေရှိပါသေးတယ်ခင်ဗျာ။
စနစ်မှန် သွားတိုက်တဲ့အတွက် သွားချေးလွှာဖြစ်ခြင်း၊ သွားပိုးစားပြီး သွားအရောင်အစွန်းထင်ခြင်း၊ အစာအကြွင်းအကျန် ကျန်ခြင်း၊ သွားဖုံးရောင်ခြင်း၊ သွားဖုံးရောဂါဖြစ်ခြင်း၊ ခံတွင်းအနံ့နံခြင်း စသည် တို့ကို ကာကွယ်နိုင်မှာဖြစ်ပြီး ခံတွင်းကျန်းမာရေးကောင်းမွန်ခါ မိမိကိုယ်ကို ယုံကြည်မှုရှိစေမှာဖြစ်ပါတယ်။ တနေ့(၂)ကြိမ်တိုက်ရမှာဖြစ်ပြီး ညအိပ်ရာ မဝင်ခင်သွားတိုက်ခြင်းက ပိုပြီးအရေးကြီးပါတယ်။ သွားတိုက် ခြင်းက နေ့စဉ်လုပ်နေရတဲ့ ရိုးရှင်းတဲ့အလေ့ကျင့်တခုဖြစ်ပေမဲ့ ကြီးမားတဲ့အကျိုးရလဒ်တွေရရှိမှာ ဖြစ်ကြောင်း အသိပေးလိုက်ပါရစေဗျာ။