Skip to content
Ads Advertisement

Halitosis (ခံတွင်းအနံ့ဆိုးခြင်း)

ငယ်ဘဝဖြတ်သန်းခဲ့ရတဲ့ စာသင်ကျောင်းက သူငယ်ချင်းတယောက်ကို သတိရမိပါတယ်။ ကျောင်းသား/ကျောင်းသူတွေ ကလေးသဘာဝ စကားများကြ၊ ဆော့ကစားကြနဲ့ ဆူညံပွက်တဲ့ ကျောင်း သားတွေကြား ဆရာမတွေမှာလည်း ဆူရ၊ အော်ရ၊ ငေါက်ရနဲ့ ပင်ပန်းကြရှာတော့ စကားသိပ်မပြောဘဲ အေးအေးနေတတ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေပဲရှိရင် ကောင်းမှာလို့တွေးကြမယ်ထင်ပါတယ်။ ကျွန်တော်သတိရမိတဲ့ အတန်းထဲက သူငယ်ချင်းကတော့ ဆရာမတွေက လိမ္မာလိုက်တာ၊ အေးလိုက်တာ လို့အမြဲချီးကျူးခံရသူပေါ့။ စကားနည်းလို့ ချီးကျူးခံရတဲ့ သူငယ်ချင်းလေးက တကယ်တော့စကားနည်း တာ မဟုတ်ဘဲ စကားပြောရင် ခံတွင်းနံ့ဆိုးထွက်လို့ မပြောဖြစ်၊ မဆိုဖြစ်ရင်း ကိုယ့်ကိုယ်ကိုယုံကြည်မှု အားနည်းနေသူဖြစ်ပါတယ်။ အများတကာနဲ့ ပြောချင်ဆိုချင်၊ ဆော့ချင် ကစားချင်ပေမယ့်ခံတွင်းနံ့ဆိုးလို့ စကားသိပ်မပြောတာကိုတော့ ”မတထောင်သား”တွေ ထိန်းနေရတဲ့ ဆရာမတွေအနေနဲ့လည်း ဒါတွေသိဖို့ ဘယ်လွယ်ပါ့မလဲဗျာ။ အဲ့အချိန်ကတည်းက ဒီခံတွင်းနံ့ဆိုးတာကိုသာ သေချာသိပြီး လိုအပ်တဲ့ကုသမှု ခံယူခဲ့မယ်ဆိုရင် ထိုသူငယ်ချင်းဆိုသူမှာလည်း ကလေးဘာသာဘာဝ ပျော်ရွှင်စွာ အော်ဟစ်ဆော့ကစား နေလိမ့်မယ် ထင်ပါတယ်။ သူ့ရဲ့ကလေးဘဝက ပျော်သင့်သလောက် မပျော်ခဲ့ရတာဟာလည်း နစ်နာမှုတခုဖြစ်ခဲ့ရတာပါပဲဗျာ။

​ကလေးဘဝမှာတောင် ခံတွင်းအနံ့ဆိုးခြင်းက ကိုယ့်ကိုယ်ကိုယုံကြည်မှုထိခိုက်စေတယ်ဆိုရင် လူမှု ဆက်ဆံရေးပိုများလာတဲ့ ကျွန်တော်တို့လူကြီးတွေမှာရော ဒီခံတွင်းနံ့ဆိုးခြင်းက စိတ်အနှောင့်အယှက် မဖြစ်ဘဲ ဘယ်နေပါ့မလဲဗျာ။ ခံတွင်းအနံ့ဆိုးခြင်း (Bad Breath)ကို ဆေးပညာအရ (Halitosis)လို့ခေါ်ပါ တယ်။ ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက အစာအကြွင်းအကျန်များနဲ့ ပရိုတင်းဓာတ်များကို ချေဖျက်ရာကနေ အနံ့ဆိုးရှိတဲ့ ဆာလဖာဓာတ်ပစ္စည်း(Hydrogen Sulfide, Methyl mercaptan, Dimethyl sulfide)တွေထွက်လာပါတယ်။ ဒီဓာတ်ပစ္စည်းတွေက ခံတွင်းအနံ့ဆိုးခြင်းရဲ့ အဓိကအကြောင်း ရင်းတခုဖြစ်ပါတယ်။ ခံတွင်းအနံ့ဆိုးခြင်းက ရောဂါမဟုတ်ပါဘူး။ အခြေအနေအမျိုးမျိုးကြောင့် အချက်ပြ ထွက်ပေါ်လာတဲ့ လက္ခဏာတရပ်သာဖြစ်ပါတယ်။ ဒါ့ကြောင့် ခံတွင်းအနံ့ဆိုးခြင်း ပျောက်ကင်းချင်ရင် တော့ ဘာကြောင့် အနံ့ဆိုးထွက်ပေါ်လာသလဲကို အရင်ဆုံးရှာဖွေဆန်းစစ်ဖို့လိုပါတယ်။

​ခံတွင်းအနံ့ဆိုးနေတဲ့အခြေအနေကို မိမိကိုယ်တိုင် သတိထားမိပြီး သွားဆေးခန်းလာပြကြတာ နည်းပါတယ်။ လူနာအနေနဲ့ လာပြကြတာနည်းပေမဲ့ တနေ့တနေ့ လူမှုဘဝပတ်ဝန်းကျင်မှာ ပြောဆို ဆက်ဆံကြတဲ့အခါ ခံတွင်းအနံ့ အဆင်မပြေတဲ့သူတွေနဲ့ တွေ့ကြုံနေရပါတယ်။ မိမိကိုယ်တိုင်သတိမထား မိတာလား/ သတိထားမိရဲ့နဲ့ ကုသမှုခံယူခြင်း မရှိတာလားကတော့ အကြောင်းအမျိုးမျိုးပေါ့ဗျာ။ လူနေမှု အဆင့်အတန်းအမျိုးမျိုး၊ လူတန်းစားအမျိုးမျိုးမှာကို တွေ့ကြုံနေရဆဲပါပဲ။ အစည်းအဝေးပွဲ၊ တွေ့ဆုံပွဲ၊ လူမှုရေးပွဲတွေ တက်ရောက်ကြတဲ့အခါ လူတိုင်းက သန့်ရှင်းသပ်ရပ်စွာ ဝတ်စားထားပြီး ခန္ဓာကိုယ် အမွှေးအကြိုင်တွေလည်း အနံ့ပေါင်းစုံ ခြံရံတင့်တယ်နေကြပေမဲ့ အနီးကပ်စကားပြောစရာကြုံလာတဲ့ အခါ စိတ်အနှောင့်အယှက်ဖြစ်ရတာ၊ စကားဆက်ပြောလို့ အဆင်မပြေတာမျိုးတွေ ကြုံတွေ့နေကြရပါ တယ်။ ကိုယ်တိုင်ခံတွင်းအနံ့ဆိုးလို့ စိတ်မလုံခြုံတာ၊ တဖက်စကားပြောသူဆီက ခံတွင်းအနံ့အဆင်မပြေ တာ(၂)မျိုးစလုံးက အနီးကပ်ပြောဆိုဆက်ဆံရေးမှာ စိတ်အနှောင့်အယှက်ဖြစ်​စေနိုင်ပါတယ်။ လူမှုဘဝ ပြောဆိုဆက်ဆံမှုတွေမှာ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့၊ စိတ်အနှောင့်အယှက်ဖြစ်စရာမျိုး မကြုံစေဖို့ သတိ ထားရမဲ့ အကြောင်းအရာတွေကို သိစေလိုတာဖြစ်ပါတယ်။

​တကိုယ်ရည်သန့်ရှင်းရေးလို့ပြောလိုက်ရင် ခန္ဓာကိုယ်တခုလုံးကို ဂရုစိုက်သန့်ရှင်းရတာအပြင် ရောဂါမပြန့်ပွားအောင်၊ ခန္ဓာကိုယ်ထဲရောဂါမဝင်ရောက်နိုင်အောင် လက်တွေကို အဓိကထားသန့်ရှင်းကြ ရမှာကို သိကြပါတယ်။ ဒါပေမဲ့ ဒုတိယအရေးကြီးတဲ့ ခန္ဓာကိုယ်တခုလုံးအတွက် အာဟာရဖြစ်စရာဝင် ပေါက် ပါးစပ်ခံတွင်းကိုတော့ အလေးထားသန့်ရှင်းရေးလုပ်တာ အားနည်းနေကြဆဲပါပဲ။ ခံတွင်းအနံ့ဆိုးခြင်းဖြစ်လာရင် ပထမဆုံးသတိထားရမှာက သွားနှင့်ခံတွင်းသန့်ရှင်းကျန်းမာရေးပေါ့ဗျာ။ ခံတွင်းထဲက သွားတွေမှာ သွားဆွေးမြေ့ပျက်စီးခြင်း၊ သွားပိုးစားပေါက်များရှိခြင်း၊ သွားဖုံးရောဂါရှိခြင်း၊ သွားချေး ကျောက်များရှိခြင်း၊ ခံတွင်းထဲတွင် အနာရှိနေခြင်း၊ လျှာသန့်ရှင်းရေးအားနည်းခြင်းကြောင့် လျှာပေါ်မှာ ဘက်တီးရီးယားများ စုပုံနေခြင်း၊ အာသီးကျောက်များရှိခြင်း၊ အာသီးရောင်ရမ်းမှုရှိခြင်း၊ တံတွေးအထွက် နည်းသောအခြေအနေဖြစ်ပေါ်နေခြင်း၊ သွားအံကပ်တပ်ထားသူများမှာ အံကပ်သန့်ရှင်းရေးအားနည်းခြင်း၊ သွားညှိကုသမှုပြုလုပ်ထားသူများမှာ အစာအကြွင်းအကျန်သန့်ရှင်းမှု မလုံလောက်ခြင်း စတဲ့အခြေအနေတွေကို စစ်ဆေးရပါတယ်။

​နောက်တစ်ချက်ကတော့ ရေသောက်နည်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ရေဓာတ် ပြည့်ဝနေစေဖို့ တရက်ကို ရေနှစ်လီတာလောက်တော့ အနည်းဆုံးသောက်သင့်ပါတယ်။ အာခြောက်လာ တဲ့အခါ ခံတွင်းအနံ့ပိုထွက်စေနိုင်ပါတယ်။ မှန်ကန်မျှတပြီး သန့်ရှင်းလတ်ဆတ်တဲ့အစားအသောက်များ ရွေးချယ်စားသောက်ဖို့လည်း လိုပါတယ်ဗျ။ တချို့အစားအသောက်တွေက ခံတွင်းအနံ့ပြင်းထွက်စေတာ အားလုံးသိကြပါတယ်။ မှန်ကန်မျှတတဲ့ အစားအသောက်စားသုံးပေးတဲ့အခါ အစာအိမ်၊ အူလမ်းကြောင်း ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အစာခြေစနစ်နဲ့ပတ်သက်တဲ့ရောဂါတချို့ကြောင့်လည်း ခံတွင်းအနံ့ထွက်စေတတ်ပါတယ်။

​ထိပ်ကပ်နာရောဂါရှိခြင်း၊ နား/နှာခေါင်း/လည်ချောင်းဆိုင်ရာရောဂါရှိခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း၊ ဟော်မုန်းအပြောင်းအလဲရှိခြင်း၊ အသည်းရောဂါ ကျောက်ကပ်ရောဂါ အဆုတ်ရောဂါများရှိခြင်း၊ ဇီဝဓာတ် ပြောင်းလဲမှုဆိုင်ရာရောဂါများရှိခြင်း၊ ဆေးလိပ်/အရက်သောက်ခြင်း၊ ဆေးဝါးများရေရှည်စွဲသောက်နေရ ခြင်း၊ စိတ်ဖိစီးမှုကြောင့်ဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာခံတွင်းအနံ့ဆိုးထွက်နေတယ်လို့ ထင်ခြင်း စတာတွေကတော့ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ဆိုင်ပြီး ခံတွင်းအနံ့နံခြင်းဖြစ်စေနိုင်တဲ့ တခြားဖြစ်နိုင်ချေရှိတဲ့ရောဂါ အခြေအနေတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ခံတွင်းအနံ့နံခြင်း ဖြစ်ပေါ်လာပြီဆိုရင် သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများအပြင် ခန္ဓာကိုယ်ရဲ့ တခြားရောဂါဝေဒနာများကြောင့်လည်း ဖြစ်ပေါ်နိုင်တယ်ဆိုတာ သိရှိ ထားဖို့လိုပါတယ်။ ခံတွင်းအနံ့နံခြင်း (Halitosis)လူနာတွေကို သွားနှင့်ခံတွင်းကြောင့် ဖြစ်တာလား၊ အနံ့ဆိုးက ပါးစပ်ကထွက်တာလား/နှာခေါင်းကထွက်တာလား၊ တခြားရောဂါတွေရှိသလားဆိုတာ ခွဲခြမ်း စိတ်ဖြာပြီး လိုအပ်ရင်သက်ဆိုင်ရာ ဆရာဝန်ဆီ လူနာလွှဲပြောင်းညွှန်ကြားရတာတွေရှိပါတယ်။ သွားနှင့် ခံတွင်းထဲမှာ ပြဿနာရှိရင်တော့ လိုအပ်တဲ့ကုသမှု၊ တိုင်ပင်မှုတွေပြုလုပ်ပေးရပါတယ်။

​သွားနှင့်ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ခြင်း၊ အစာစားပြီးတိုင်း ပလုတ်ကျင်းခြင်း၊ တနေ့(၂)ကြိမ် သွားတိုက်ခြင်း၊ လျှာကို ဂရုစိုက်သန့်ရှင်းရေးလုပ်ပေးခြင်း၊ သွားပွတ်ကြိုးသုံးပြီး အစာအကြွင်းအကျန်များ ဖယ်ရှားခြင်း၊ ရေကိုလုံလောက်စွာသောက်ခြင်း၊ သွားနှင့်ခံတွင်းဆေးခန်းသို့ (၆)လတကြိမ် ပြသစစ်ဆေး ခြင်းများပြုလုပ်ပါက သွားနှင့်ခံတွင်းရောဂါများကြောင့်ဖြစ်တဲ့(Halitosis)ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သွားနှင့်ခံတွင်း ကျန်းမာသန့်ရှင်းနေမယ်ဆိုရင် လူမှုဆက်ဆံရေးမှာ ယုံကြည်မှုရှိတဲ့ အပြုံးနဲ့အတူ ကောင်းမွန်စွာပြောဆို ဆက်ဆံနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement