အရိုးပွခြင်းဆိုတာ လူတိုင်းနားလည်အောင် ပြောရရင် အပေါက်များနှင့် အရိုး (bones with holes) ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဖြစ်ပေါ်လာရတာက အရိုးတွေရဲ့ ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်ကနေ ပြန်ဖြည့်တင်းနိုင်တာထက် ပိုမိုဆုံးရှုံးရတာတွေကြောင့် ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ အရိုးတွေပိုပွလာပြီး ပိုကျိုးလွယ်လာနိုင်ပါတယ်။ လူအများစုဟာ မိမိကိုယ်တိုင်အရိုးကျိုးတဲ့အခါမှ ကိုယ့်မှာ အရိုးပွနေတာကို သိကြလေ့ရှိပါတယ်။ ဒါပေမယ့် အရိုးပွခြင်းဟာ ကြိုတင်စစ်ဆေးသိရှိနိုင်တဲ့အခြေအနေ ဖြစ်သလို အရိုးကျိုးခြင်းတွေကိုလည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။ အကယ်၍ အရိုးပွခြင်းကို စောစောစီးစီး ရှာဖွေတွေ့ရှိခဲ့ရင် ဆေးဝါးကုသမှုခံယူခြင်းအားဖြင့် အရိုးကျိုးခြင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်သလို လူမှုဘဝနေထိုင်မှုပုံစံ ပြောင်းခြင်းအားဖြင့်လည်း အရိုးကျန်းမာရေးကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။
အရိုးဆိုတာဟာ အချိန်နှင့်အမျှ ပျက်စီးလိုက် အသစ်ပြန်ပြင်ဆင်လိုက် စတဲ့သံသရာလည်နေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာတော့ အရိုးတည်ဆောက်မှုက ပိုများပြီး အရိုးတွေ ပိုသန်မာလာတတ်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ အရိုးအသစ်တည်ဆောက်နိုင်စွမ်း လျော့လာပြီး အရိုးပျက်စီးမှုက ပိုများလာတတ်ပါတယ်။ ယေဘုယျအားဖြင့် အသက် ၃၀ ဝန်းကျင်မှာ အရိုးသိပ်သည်းဆ အမြင့်ဆုံးအခြေအနေကို ရောက်တတ်ပြီး၊ အဲဒီနောက်ပိုင်းမှာတော့ တဖြည်းဖြည်း လျော့ကျလာနိုင်ပါတယ်။
အရိုးဟာ မာကျောအားအင်ရှိစေဖို့ ကယ်လ်စီယမ်ဓာတ်နှင့် လေ့ကျင့်ခန်းများ လိုအပ်ပါတယ်။ ဒါ့အပြင် လိင်ဓာတ်ဟော်မုန်းလို့ သိကြတဲ့ အီစထရိုဂျင်နဲ့ တက်စတိုစတီရုန်းတွေဟာ အရိုးရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဟော်မုန်းတွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေ သွေးဆုံးချိန်ရောက်တဲ့အခါ အဆိုပါဟော်မုန်းတွေ နည်းသွားတဲ့အတွက် အရိုးပျက်စီးခြင်းလုပ်ငန်းစဉ် ပိုမိုမြန်ဆန်လာပါတယ်။ သုတေသနမှတ်တမ်းတွေမှာတော့ ပုံမှန်အမျိုးသမီးတစ်ယောက်အနေနဲ့ သွေးဆုံးပြီးချိန်မှ ၅ နှစ်အတွင်း ခန္ဓာကိုယ်ရဲ့ အရိုးထုထည် ၁၀ ရာခိုင်နှုန်း ဆုံးရှုံးသွားကြောင်း ဖော်ပြထားပါတယ်။
လက်ရှိဆေးပညာအရ အရိုးပွခြင်းကို အရိုး၏ သိပ်သည်းဆကို တိုင်းတာသော စကင်န် (Dexa Scan) နဲ့ အတိကျဆုံး တိုင်းတာ ရှာဖွေနိုင်ပါတယ်။ Dexa Scan က တင်ပါးဆုံ၊ ကျောရိုး၊ ရှေ့လက်ဖျံရိုး စတဲ့နေရာတွေရဲ့ အရိုးသိပ်သည်းဆကို အချိန်တိုအတွင်း နာကျင်မှုမရှိဘဲ တိုင်းတာအဖြေထုတ်ပေးပါတယ်။ အသက်ကြီးတဲ့သူ၊ နာတာရှည်ရောဂါရှိတဲ့သူ (အဆစ်အမြစ်လေးဖက်နာ၊ အသည်းရောဂါ၊ အစာနှင့်အူလမ်းကြောင်း autoimmune ရောဂါ)၊ စတီးရွိုက်ဆေးကို အချိန်အကြာကြီးသောက်သုံးနေရတဲ့သူတွေမှာ အထူးသဖြင့် အရိုးသိပ်သည်းဆကို စစ်ဆေးသင့်ပါတယ်။ အရိုးပွခြင်းဖြစ်စဉ်ကို ပိုခံစားနိုင်ရတဲ့အခြေအနေတွေကတော့ ကယ်လ်စီယမ်ဓာတ် စားသုံးမှုနည်းပါးခြင်း၊ ဗီတာမင်ဒီ (D) ဓာတ်ချို့တဲ့ခြင်း၊ ဆေးလိပ်အရက်အလွန်အကျွံသောက်သုံးခြင်း၊ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ အရွယ်မတိုင်မီ သွေးဆုံးခြင်း (အသက် ၄၅ နှစ်အောက်)၊ ကင်ဆာရောဂါဆေးကုသမှုခံယူနေရခြင်းတို့ ဖြစ်ပါတယ်။
အရိုးပွခြင်းကို ကာကွယ်ဖို့ မိမိကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့အရာများ ရှိပါတယ်။ ကယ်လ်စီယမ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးခြင်း၊ ဗီတာမင် ဒီ လုံလောက်စွာရရှိသော နေရာတွင် နေခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အရက်သေစာသောက်သုံးမှုလျှော့ချခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စတာတွေက အရိုးကျန်းမာရေးအတွက် အထောက်အကူ ပြုပေးနိုင်ပါတယ်။ အကယ်၍ ကိုယ့်မှာ အရိုးပွတဲ့အခြေအနေ ရှိနေရင်တော့ အရိုးပွခြင်းကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သောက်ဆေးနဲ့ ကုသနိုင်ပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ အရိုးပွခြင်းကြောင့် အဖြစ်အများဆုံး နောက်ဆက်တွဲ အရိုးကျိုးခြင်းကို ကြိုတင်ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒီလိုကာကွယ်နိုင်ဖို့ ကိုယ့်အတွက် သက်တောင့်သက်သာ ဖြစ်နိုင်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေကို ရွေးချယ်လုပ်ဆောင်ခြင်းဖြင့် မိမိခန္ဓာကိုယ်၏ အရိုး၊ အကြော၊ ကြွက်သားတွေ သန်မာအောင် ဆောင်ရွက်နိုင်ပါတယ်။ အကယ်၍ သင်က အရိုးပွဖြစ်နိုင်ခြေ မြင့်မားသောလူတစ်ယောက်ဖြစ်ခဲ့ရင် (၁) Dexa Scan ရိုက်ပါ (၂) လဲကျ၍ အရိုးကျိုးခြင်းကို ကာကွယ်ပါ (၃) ဆရာဝန်နှင့် ပြသ၍ အရိုးပွရောဂါ ရပ်တန့်အောင် ညွှန်းဆိုသော ဆေးဝါးများ သောက်သုံးဖို့ တိုက်တွန်းလိုက်ရပါတယ်။