ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအခန်းဏ္ဍ ဘယ်လိုအခြေအနေရှိလဲ
စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအခန်းဏ္ဍ ဘယ်လိုအခြေအနေရှိလဲ? ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရေးအတွက် ဘာတွေဆုံးရှုံးနေလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းနေရလဲဆိုတာကို MyanHealth မှ စစ်ဘေးရှောင်အမျိုးသမီးများကို မေးမြန်းထားပါတယ်။
သွေးလွန်တုပ်ကွေးကိုယ်တိုင်ဖြစ်တဲ့ အမျိုးသမီးတဦးနှင့် အင်တာဗျူး
သူနေတဲ့ ရွာမှာတော့ စစ်ဘေးရှောင် စစ်ရှောင်မိသားစုပေါင်း ၃၀ လောက်ရှိပါတယ်။သူကတော့အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သားတစ်ယောက်ရှိပါတယ်။
Myanhealth -ပထမဆုံးအနေနဲ့ မေးချင်တာက အမအနေနဲ့စစ်ရှောင်လာတာ ဘယ်လောက်ကြာပြီလဲ။
ဖြေ -ကျွန်မ စစ်ရှောင်လာတာ ၆လရှိပြီ။ မိဘတွေ အဖေအမေကတော့ကျန်ခဲ့တယ်။ အခုပြေးလာတာ ကျွန်မတို့ မိသားစုပါပဲ။ ကျွန်မနဲ့ကျွန်မအမျိုးသားရယ်သမီးလေးနဲ့ပါ။
Myanhealth- စစ်ရှောင်ဖို့ပြေးလာတော့ နေမကောင်းရင်သောက်ဖို့အရေးပေါ်သောက်နိုင်မယ် ဆေးဝါးတွေနဲ့ အစားအစာတွေရော ယူနိုင်ခဲ့လား။
ဖြေ- ကျွန်မတို့က ကြောက်လို့ပြေးရတော့ ဘာမှမပါဘူးရှင့်။ ဘာမှမယူနိုင်ခဲ့ဘူး။ ဒီလိုပဲပြေးခဲ့ရတာ၊ တောထဲသွားသလိုဘာလိုလိုနဲ့ကျွန်မတို့က ပြေးခဲ့ရတာ ဒီတိုင်းပဲဘာပစ္စည်းမှမပါခဲ့ဘူး။ အသက်လုပြီးပဲပြေးရတာ။ ပြေးခဲ့ရချိန် နောက်ကနေလိုက်မှာစိုးလို့ပြေးရတာရှင့်။ ပြေးလို့ သူတို့မိရင် တခါတည်းသတ်မိန့်ပေးထားတာရှင့်။
MyanHealth – အခုစစ်ရှောင်တဲ့နေရာမှာရော ကျန်းမာရေးအတွက်ဘယ်လိုမျိုး ဖြေရှင်းနေရလဲ။
ဖြေ- ကျွန်မတို့ ခုစစ်ရှောင်နေတဲ့နေရာမှာ ဆေးထိုးသမားရှိတယ်။ ကျန်းမာရေးမကောင်းရင် သူ့ကိုခေါ်ပါလို့ပြောပါတယ်။ အားပေးနှစ်သိမ့်မှုလည်းရှိပါတယ်။ အုပ်ချုပ်ရေးမှူးကလည်း ဆေးထိုးတတ်တယ်။အကူအညီလိုရင်ပြောအားမနာနဲ့ ငွေရေးကြေးရေးကအဓိကမဟုတ်ဘူးဆိုပြီး အဲဒီလိုအားပေးမှုရှိတယ်။ ဖျားတာဘာညာရှိရင် ကျေးရွာအုပ်ချုပ်ရေးမှူးဆီသွားပြီး ထိုးရတယ်။မသက်သာမှ နတ်ချောင်းဆေးရုံသွားပြရတာပါ။ ဆေးရုံကိုသွားဖို့က လှေသုံးဆင့်စီးရတယ်။ ဆိုင်ကယ်နဲ့လည်းသွားရတယ်။ ကျွန်မတို့ကအရမ်းဆင်းရဲတယ်ရှင့်။
Myanhealth – စစ်ရှောင်တဲ့နေရာမှာ အမိုးအကာတွေ အလုံလောက်ရှိလား။ ယင်လုံအိမ်သာတွေရောရှိလား။
ဖြေ – ကျောင်းဝန်းထဲ ဝါးလေးတွေခုတ်ပြီး ဝါးတဲလေးတွေထိုးပြီးနေရတာပါ။ခြင်ထောင်ကလည်း ရှိတဲ့အခါရှိ မရှိတဲ့အခါမရှိပေါ့။ အခုကျွန်မခြင်ကိုက်ခံရတာကြောင့် သွေးလွန်တုပ်ကွေး ဖြစ်နေတာပါ။ သွေးလွန်တုပ်ကွေးဖြစ်တာလည်းမသိပါဘူး။ ရွာမှာ၁၀ရက်လောက်အထိနေပြီး ကုလို့မသက်သာမှ ဒီနတ်ချောင်းဆေးရုံကိုလာပြနိုင်တာပါ။ လှေကသုံးဆင့်စီးရတော့ လာဖို့ခက်ခဲတယ်။ ယင်လုံအိမ်သာက စစ်ရှောင်တွေအတွက် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တဖက်ကို နှစ်လုံးစီပဲရှိပါတယ်။
MyanHealth -စစ်ရှောင်နေတာကြာပြီဆိုတော့ စားဝတ်နေရေး ဘယ်လိုရပ်တည်နေလဲ။ ကျန်းမာရေးနဲ့ ညီညွတ်အောင်ရော စားသုံးဖြစ်လား။
ဖြေ- ကျွန်မတို့ ဒီကိုရောက်တော့ ရောက်ရောက်ချင်းမှာ တဦးကိုဆန်တပြည်ပေးသလို ဆီပေးသူလည်းရှိတယ်။ အသီးအရွက်ကတော့ မျှဝေစားရတာပါ။ ကျွန်မတို့မှာ အလုပ်ဆိုလို့ နှမ်းပေါ်ချိန်လောက်ပဲရှိတယ်။ ဒီမှာကစစ်ရှောင်လည်းများတော့ အလုပ်ရှိရင်တောင် ခဏပဲလုပ်ရတယ်။ ဒီတော့ဘေးကကူညီတဲ့ အစားအစာတွေကိုပဲ လောက်ငှအောင် စားနေရတဲ့အခြေအနေပါ။ ကျန်းမာရေးနဲ့ညီညွတ်အောင်ထက် ရတာကိုပဲအဆင်ပြေအောင် စားရတာပါ။
သောက်ရေသုံးရေဆိုရင်လည်း ရောက်တုန်းက ချောင်းရေပဲသောက်ရတယ်။ ခုတော့ရွာထဲမှာ ဥက္ကဋ္ဌက ရေတွင်းလေးစီစဥ်ပေးတော့ အဲဒီရေတွင်းကိုဝိုင်းပြီး လိုအပ်တာဖြည့်လုပ်ပြီး သုံးနေကြရတာပါ။ ရေကိုလည်းကြိုချက်သောက်ဖို့မပြောပါဘူး။ ရေစိမ်းပဲသောက်တယ်။ ပန်းကန်ခွက်ယောက်ဆိုလည်းသူများပေးတာလေးနဲ့ပဲ အဆင်ပြေ အောင်စားရတာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တာ မညီညွတ်တာထက် ရတာကိုပဲအဆင်ပြေအောင်စားနေရတာပါ။ ကျွန်မတို့လိုဆင်းရဲတဲ့ စစ်ရှောင်တိုင်းအဲဒီလိုပါပဲ။
Myanhealth – လက်ရှိအိမ်မှာရော အရေးပေါ်သောက်သုံးနိုင်မယ့် ဆေးဝါးတွေ ဆောင်ထားတာမျိုးရှိလား။
ဖြေ – ဘာဆေးဝါးမှမဆောင်ထားနိုင်ပါဘူး။ စားဖို့တောင်အနိုင်နိုင်ပါ။ နေမကောင်းရင် ဆေးထိုးသမားဆီပြေးရတာပဲ။
Myanhealth – နောက်ဆုံးအနေနဲ့မေးချင်တာက ခုလိုစစ်ရှောင်နေချိန် အရေးပေါ်ဆေးကုသဖို့လိုအပ်လာတဲ့အခါမျိုးဆိုရင် ဘယ်လိုဖြေရှင်း လဲ။
ဖြေ – အခုဒီနေရာမှာ စစ်ဘေးရှောင်ကများတော့ ဒီဒေသမှာရှိတဲ့အလုပ်က သိပ်မလုပ်ရဘူး။ အဲဒီတော့ ငွေရေးကြေးရေးအဆင်မပြေတော့ ဘာဆေးဝါးမှလည်း မဆောင်ထားနိုင်ပါဘူး။ တကယ်လို့ ကျန်းမာရေးကိစ္စအရေးပေါ်ဖြစ်လာရင်တောင် ရွာတင်ကုပေါ့၊ ကုလို့မရရင်သေပေါ့ဒါပဲရှိပါတယ်။
သားဖြစ်သူသွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံလာတက်ရတဲ့ အမျိုးသမီးအင်တာဗျူး
သူလက်ရှိစစ်ဘေးရှောင်နေတဲ့ ကျေးရွာမှာ စစ်ဘေးရှောင်မိသားစု ၅၀ လောက်ရှိပါတယ်။သူကတော့ အသက် ၅၀ ဝန်းကျင်အရွယ်အမျိုးသမီးကြီးဖြစ်ပြီး သားနှစ်ယောက်မိခင်ဖြစ်ပါတယ်။
MyanHealth -ပထမဆုံးအနေနဲ့ မေးချင်တာက အမအနေနဲ့စစ်ရှောင်လာတာ ဘယ်လောက်ကြာပြီလဲ။
ဖြေ -ဒီကိုစစ်ရှောင် ရောက်တာ ၃ လပိုင်း ၁၂ ရက်က ရောက်တာပါ။ ခုဆိုစစ်ရှောင်တာ ခြောက်လနီးပြီပေါ့။ အိမ်ကမရှိတော့ပါဘူး။ မီးလောင်သွားပြီဆိုတော့ အိုးမဲ့အိမ်မဲ့ဖြစ်သွားပါပြီ။ စစ်ကြီးပြီးလို့အိမ်ပြန်ရရင်တောင် နေစရာအိမ်မရှိတော့ဘူး။
Myanhealth- စစ်ရှောင်ဖို့ပြေးလာတော့ နေမကောင်းရင်သောက်ဖို့အရေးပေါ်သောက်နိုင်မယ် ဆေးဝါးတွေနဲ့ အစားအစာတွေရောယူနိုင်ခဲ့လား။
ဖြေ- ကျွန်မတို့မှာ ထွက်ပြေးလာချိန်ဘာပစ္စည်းမှမပါခဲ့ဘူး။ ဒီရောက်မှ သူများပေးတာ ကမ်းတာစားနေရတာပါ။ အသက်ဘေးလွတ်အောင်ပြေးခဲ့ရတာ။ အဝတ်အစားတောင်မယူနိုင်ဘူး။ အခုက တမိသားစုလုံးပြေးလာတာပါ။
MyanHealth – အခုစစ်ရှောင်တဲ့နေရာမှာရော ကျန်းမာရေးအတွက်ဘယ်လို မျိုးဖြေရှင်းနေရလဲ။
ဖြေ – ခုစစ်ရှောင်တဲ့နေရာမှာက နေမကောင်းရင်ပြလို့ရပါတယ်။ ဆေးခန်းရှိပါတယ်။ ဒါပေမယ့်ကျွန်မတို့မပြနိုင်ပါဘူး။ ဘေးကနေသူများတွေဝိုင်းချေးမှ ပြနိုင်တယ်။ အခုကျွန်မသား သွေးလွန်တုပ်ကွေးဖြစ်တာတောင် ငွေရေးကြေးရေးအဆင်မပြေတော့ နတ်ချောင်းဆေးရုံကို ချက်ခြင်းမလာနိုင်ဘူး။ သူများကလိုက်ပို့ပေးလို့ ဆေးပြနိုင်တာပါ။ အနီးနားကဝိုင်းဝန်းချေးကြလို့ လာပြနိုင်တာ။ ဆေးရုံကအခမဲ့ဆိုပေမယ့်လည်းစားစရိတ်၊လမ်းစရိတ်ကလိုသေးတယ်လေ။
Myanhealth – စစ်ရှောင်တဲ့နေရာမှာ အမိုးအကာတွေ အလုံလောက်ရှိလား။ ယင်လုံအိမ်သာတွေရောရှိလား။
ဖြေ – နေရထိုင်ရတာလည်းအဆင်ပြေတာမဟုတ်ပေမယ့် ရွာက တဲလေးတော့ ဝိုင်းဆောက် ပေးကြတယ်။ ကျွန်မတို့မှာခြင်ထောင်မရှိဘူး။ ခုမိုးတွင်းဆိုတော့ ခြင်ကိုက်လို့ အခုသားလေး သွေးလွန်တုပ်ကွေးဖြစ်တာပါ။ ယင်လုံအိမ်သာကလည်း မလောက်ဘူး။
Myanhealth – စစ်ရှောင်နေတာ ကြာပြီဆိုတော့ စားဝတ်နေရေးဘယ်လိုရပ်တည်နေလဲ။ ကျန်းမာ ရေးနဲ့ ညီညွတ်အောင်ရော စားသုံးဖြစ်လား။
ဖြေ – အမျိုးသားကလည်း ခြေထောက်တဖက်မရှိဘူး။ ခြေထောက်မကောင်းတော့ အလုပ်မလုပ်နိုင်ဘူး။ သူများပေးတာကမ်းတာပဲစားရတယ်။ဒီတော့သူများပေးတာကမ်းတာနဲ့ သားလေးတွေအလုပ်ရရင်စားပေါ့။ သားလေးတွေကတော့အလုပ်ရရင်လုပ်ကြပါတယ်။ အဲတော့ ကျန်းမာရေးနဲ့ညီညွတ်မညွတ်ကအရေးမကြီးပါဘူး။ စားရဖို့ပဲ အဓိကပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်ဖို့မညီညွတ်ဖို့ကို မစဥ်းစားနိုင်ပါဘူး။ စစ်ရှောင်တွေထဲမှာ ကျွန်မတို့လိုလူတွေအများကြီးပါ။ ဆေးကုသဖို့ ဘေးကနေဝိုင်းချေးပြီး ကုရသူတွေများတယ်။
Myanhealth – လက်ရှိအိမ်မှာရော အရေးပေါ်သောက်သုံးနိုင်မယ့် ဆေးဝါးတွေရော ဆောင်ထားတာမျိုးရှိလား။
ဖြေ – ဆေးဝါးတွေဆောင်ထားဖို့ ဝယ်စရာပိုက်ဆံမရှိပါဘူး။ ငွေရေးကြေးရေးမှ အဆင်မပြေတာလေ။ ခုဆေးရုံလာပြရတာတောင်သူများတွေ ချေးငှားလို့လာပြရတာပါ။ စားဖို့တောင်အနိုင်နိုင်ကို ဆေးဝါးတွေဘယ်လိုလုပ်ဆောင်ထားနိုင်မှာလဲ။
Myanhealth – နောက်ဆုံးအနေနဲ့မေးချင်တာက ခုလိုစစ်ရှောင်နေချိန် အရေးပေါ်ဆေးကုသဖို့ လိုအပ်လာတဲ့အခါမျိုးဆိုရင် ဘယ်လိုဖြေရှင်းမလဲ။
ဖြေ – ခုတောင် ကျွန်မတို့မှာအလုပ်လည်းမလုပ်နိုင် ဝင်ငွေလည်းမရှိတော့ တကယ်လို့များရောဂါ တခုခုဆိုးရွားတာမျိုးသာဖြစ်လာရင် အသေခံရုံပဲရှိပါတယ်။ သူများချေးငှားမှ ကုသနိုင်တဲ့ အခြေအနေတွေပါ။
အထက်ပါ အမျိုးသမီးနှစ်ယောက်လုံးနေထိုင်ရာ စစ်ဘေးရှောင်ရွာမှာ အခြားစစ်ဘေးရှောင်အချို့လည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတွေရှိနေပြီး ငွေကြေးမပြည့်စုံတဲ့ စစ်ရှောင်တွေကတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြည့်အဝမရကြဘူးလို့သိရပါတယ်။