မျောက်ကျောက်ရောဂါနှင့်ကာကွယ်ရေးအသိပညာများသတင်းအချက်အလက်များကျေးလက်နေပြည်သူကြားမသိ

Published On: August 23rd, 2024|Views: 280|

ဩဂုတ် ၂၃။ ရန်ကုန်

ချစ်ခွန်းချို

ကူးစက်မြန် မျောက်ကျောက်ရောဂါဖြစ်ပွားမှုခြေအနေတွေနဲ့ ပတ်သက်ပြီး   ကျေးရွာနေပြည်သူလူထုအကြားမှာ ခုချိန်ထိ သိရှိသူ အလွန်နည်းပါးနေတာကို ဒေသခံပြည်သူတွေဆီက  သိရှိရပါတယ်။

Photo: WHO

ကျန်းမာရေးဝန်ကြီးဌာနဘက်က ကူးစက်မြန်မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး အသိပေးကြေငြာမှုကို အင်တာနက်လူမှုကွန်ယက်စာမျက်နှာနဲ့အစိုးရပိုင် သတင်းစာတွေကနေ တဆင့်သာသတိပေးမှုသာရှိပြီးကျေးရွာတွေမှာ  မျောက်ကျောက်ရောဂါနဲ့ပတ်သက်လို့  ကြိုတင်ကာကွယ်နိုင်မှုအခြေအနေနဲ့ရောဂါလက္ခဏာအခြေအနေတွေအကြောင်း ထိရောက်တဲ့အသိပညာပေးခြင်း ခုချိန်ထိ မရှိဘူးလို့သိရပါတယ်။

ဒါကြောင့်ကျေးရွာမှာနေထိုင်ကြတဲ့ ပြည်သူအများစုမှာ    မြန်မာနိုင်ငံတွင်းမျောက်ကျောက်ရောဂါ နဲ့ပတ်သက်ပြီးဆောင်ရွက်မှုအခြေအနေကိုလည်းမသိသလို  မျောက်ကျောက်ရောဂါအကြောင်းပင်မသိသူများနေ တယ်လို့သိရပါတယ်။

” မျောက်ကျောက်ရောဂါလား မသိပါဘူး။ဘာရောဂါလဲမသိဘူး။ဘယ်သူမှလည်းမပြောပါဘူး။အခုဆေးရုံဆေးခန်းသွားလည်း ပြောပြတာမရှိသေးဘူး။ရွာတွေကပိုဆိုးတာပေါ့။ဘယ်ကျန်းမာရေးမှူးမှလည်းလာပြီး ပြောတာမရှိဘူး။ဖုန်းသုံးသူတွေလောက်ပဲသိမှာပေါ့။ကျွန်မတို့တောသူတောင်သားက ဒီအထူးဆန်းရောဂါတွေမသိဘူး။ရောဂါဖြစ်လို့ဆေးခန်းပြမှပဲသိရမယ်။ရောဂါတောင်မသိတော့ မဖြစ်အောင် ရှောင်စရာ ကာကွယ်စရာဘယ်လိုလုပ်သိမှာလဲ ” လို့ ကျေးရွာနေထိုင်သူ ဒေါ်ချိုချို (အမည်လွဲ) ကပြောပါတယ်။

ကျေးရွာနေပြည်သူအများစုဟာ နေ့စဥ်စားဝတ်နေရေးအတွက်သာအဓိက လုပ်ကိုင်ဖြေရှင်းနေရတဲ့အတွက် မျောက်ကျောက်ရောဂါတင်မဟုတ်ပဲ မည်သည့် ကျန်းမာရေးစောင့်ရှောက်မှု သတင်းအချက်အလက် နှင့် အသိပညာမှန်သမျှ ကို မသိရှိနိုင်ပဲ ဖြစ်လာသမျှရော၈ါများအား လက်လှမ်းမှီသလောက်သာ ကုသမှုခံယူရင်း နေထိုင်နေကြပါတယ်။

ဒါကြောင့် အကယ်၍ မျောက်ကျောက်ရောဂါ ဖြစ်ပွားလာခဲ့ရင်တောင် မျောက်ကျောက်ရောဂါဟုပင် ချက်ခြင်း မသိရှိနိုင်တဲ့အခြေအနေရှိပြီး ဆေးရုံဆေးခန်းသွားရောက်ပြသမှသာရောဂါအခြေအနေကိုသိရှိနိုင်မယ့်အခြေအနေရှိနေတယ်လို့သိရပါတယ်။

” မျောက်ကျောက်ဘာမှန်းတောင်မသိဘူး။ကိုဗစ်တော့သိတယ်။မျောက်ကျောက် ဖြစ်ဖြစ် ဘာရောဂါဖြစ်ဖြစ် ဖြစ်ခါမှဖြစ်ရော။ထမင်းစားဖို့အလုပ်လုပ်နေရလို့အဲ့ဒါတွေအာရုံမရဘူး။ကျန်းမာရေးဌာိကလည်းရွာတွေလာပြီး ပြောတာမရှိတော့ပိုဆိုးတာပေါ့။ကပ်ရောဂါပုံစံဆိုရင် မြို့ပေါ်၊ကျေးလက်မကျန်အကုန်သူတို့ အသိပေးရမယ်။ကိုဗစ်တုန်းက ရွာတွေအထိအကုန်သိပြီး ကိုယ့်ဘာသာကာကွယ်တာတွေလုပ်ခဲ့ရတာပဲ။ခုလည်းအဲ့လိုရွာကလူတွေအထိသိအောင်လုပ်ရမှာ။ခုကတော့ မျောက်ကျောက်ရောဂါသိလားမေးရင် မသိသူများတယ်” လို့နောက်ထပ် ကျေးလက်နေပြည်သူတစ်ဦးဖြစ်သူ ဦးထွန်းစိုး ကပြောပါတယ်။

ဒီအတွက် ကျန်းမာရေးဦးစီးဌာနအနေနဲ့  ကျေးရွာမှာနေထိုင်ကြတဲ့ ပြည်သူတွေကို  မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေ၊ မျောက်ကျောက်ရောဂါကူးစက်ခံရပါကဖြစ်ပေါ်လာမယ့် အခြေအနေနဲ့ရောဂါလက္ခဏာတွေစတဲ့ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို မြေပြင်ကွင်းဆင်းကာ အသိပညာပေးဖြန့်ဝေဖို့ လိုအပ်နေပါတယ်။

Mpox(မျောက်ကျောက်)ရောဂါဟာ လက်ရှိအထိတော့ မြန်မာနိုင်ငံ မှာ ရောဂါသံသယလူနာသာရှိခဲ့ပြီး ရောဂါကူးစက် ဖြစ်ပွားမှုမရှိသေးပေမယ့်လည်း ပြည်ပနိုင်ငံတွေထဲက ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ(DRC)နှင့် အာဖရိကတိုက်ရှိ နိုင်ငံအချို့မှာ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုအရှိန်မြင့်တက်လာတဲ့အပြင်  ဒီမိုကရက်တစ် ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာဆိုရင် ရောဂါပိုး မျိုးကွဲ အသစ် (Clade Ib) လျင်မြန်စွာကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နဲ့ နိုင်ငံတကာကူးစက်ပျံ့နှံ့မှုအထိရှိလာနေပါတယ်။

ဒါကြောင့်  ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဩဂုတ်လ၊ ၁၄ ရက်နေ့ မှာ မျောက်ကျောက်ရောဂါ ကူးစက်မှု ကို နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့တာဖြစ် ပါတယ်။

အဲဒီနောက် ကျန်းမာရေးဝန်ကြီးဌာနကလည်းမျောက်ကျောက်) ရောဂါကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ထွက် ပေါက်တွေမှာသာ  ရောဂါစောင့်ကြပ်ကြည့်ရှုမှုကို  ဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

မျောက်ကျောက် လူနာတွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် သီးခြားလူနာဆောင်များ၊ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိခြင်း၊ ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ကျန်းမာရေးအသိပညာပေးခြင်းကို  အရှိန်အဟုန်မြှင့်လုပ်နေတယ်လို့လည်းဆိုပါတယ်။

မျောက်ကျောက်ရောဂါက လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းတို့ဖြင့် ကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိနေသော အရာဝတ္တုများကို ကိုင်တွယ်ထိတွေ့ခြင်း၊ ရောဂါပိုးကူးစက်ခံရသော တိရစ္ဆာန်နှင့်တိုက်ရိုက် ထိတွေ့ခြင်းကနေ  ကူးစက်ခြင်းများအားဖြင့် အဓိကကူးစက်နိုင်တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

Mpox(မျောက်ကျောက်)ရောဂါ သံသယလက္ခဏာခံစားနေရသူနဲ့ အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း၊ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲမရပါက လက်အိတ်ဝတ်ဆင်ခြင်းနဲ့ နှာခေါင်းစည်း(mask)ကို တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာ​ ၊ရေ (သို့မဟုတ်) ရေမလို လက်သန့်ဆေးရည် အသုံးပြုပြ စနစ်တကျ ဆေးကြောခြင်း၊ သံသယရောဂါလက္ခဏာ ခံစားနေရသူရဲ့ အသုံးအဆောင်ပစ္စည်းကို ကိုယ်တွယ်ရာမှာ လက်အိတ်ဝတ်ဆင်ခြင်းနဲ့ နှာခေါင်းစည်းတပ်ဆင်ခြင်းဖြင့်  ရောဂါကူးစက်မှုမှကာကွယ်နိုင်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကအသိပေးထားပါတယ်။

အဆိုပါ သတိပေးချက်တွေဟာ မြို့ပေါ်နေပြည်သူလူထုအတွက်သာ အဓိကသက်ရောက်မှုရှိပြီး ကျေးရွာမှာနေထိုင်ကြတဲ့ ပြည်သူလူထုဆီတော့ရောက်ရှိမှုအလွန်နည်းနေပါတယ်။

သတင်းရေးသားပေးပို့သူ = ချစ်ခွန်းချို

တည်းဖြတ်- MyanHealth’s Editorial team

သတင်းရေးသားသူသည် ၂၀၁၂ မှ စတင်ပြီး သတင်းလုပ်ငန်းများကို လုပ်ကိုင်နေသည့် ဂျာနယ်လစ်တစ်ဦးဖြစ်သည်။တိုင်းရင်းသားရေးရာများ၊စိုက်ပျိုးစီးပွားသတင်းများ၊လူမှုဘဝ နှင့် ယဥ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများကိုအဓိကထားရေးသားလျက်ရှိသည်။

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ