Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (May Fouth Week )

• ရန်ကုန်မြို့ရှိ ဆေးရုံကြီး ခြောက်ခုနဲ့ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးတို့ ပူးပေါင်းပြီး တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းနဲ့ ဦးထွန်းမြတ်လမ်းထောင့်က အ.ထ.က (၄) ကျောင်းမှာ မေ ၁၉ ရက် မနက် ၈ နာရီက ကွင်းဆင်းကုသမှုတွေ လုပ်ပေးခဲ့တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ထားပါတယ်။

• GLOWING/NIGHT TREATMENT (NA) အလှကုန်မှာ Hydroquinone၊ Tretinoin နဲ့ Betamethasone 17-valerate တို့ ပါဝင်နေပြီး GLOWING HERBAL TREATMENT (NA) ထဲမှာတော့ Mercury နဲ့ Betamethasone 17-valerate ပါဝင်နေတယ်လို့ မလေးရှားနိုင်ငံမှာ စစ်ဆေး တွေ့ရှိထားသလို ဘရူနိုင်းနိုင်ငံမှာလည်း ROSE/ White & Natural Cream Moisturizer မှာလည်း မာကျူရီ (Mercury) ဓာတ် ပါဝင်နေတာ တွေ့ရှိထားလို့ ဒီအမျိုးအစားသုံးခုကို သုံးစွဲဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။​

• သဘာဝပေး ရာသီဥတု အေးချမ်းပြီး နေထိုင်ရန် ကောင်းမွန်တာကြောင့် ပြင်ဦးလွင်မြို့ကို ကျန်းမာရေးမြို့တော်အဖြစ် ဆောင်ရွက်နိုင်ရေး မူဝါဒချမှတ် ဆောင်ရွက်နေတယ်လို့ အစိုးရအကြီးအကဲက ပြောဆိုထားပါတယ်။

• နိုင်ငံထဲ ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးပေမယ့် အန္တရာယ်ရှိ ကူးစက်ရောဂါအဖြစ် ထိုင်းကျန်းမာရေးအာဏာပိုင်တွေက သတ်မှတ်၊ ထုတ်ပြန်ထားပါတယ်။​

• တောင်ကြာပန်း၊ ဇော်ဂျီလက်စွဲ၊ ဆင်ပြောင်ကြီး (အမျိုးသားအကြောအားတိုးဆေးမှု့န်)၊ နတ်စည်းစိမ် (အမျိုးသားအားတိုးဆေးမှုန့်)၊ ဘီလူးငါးကောင် (အမျိုးသားအားဆေးပြား)၊ Double X (အမျိုးသားအားတိုးဆေးတောင့်) တွေမှာ အနောက်တိုင်းဆေးဝါးတွေ ရောနှောထားပြီး စံမညီတိုင်းရင်းဆေးဝါး ဖြစ်တာမို့ သုံးစွဲဖို့ မသင့်တော်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။​

• ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ နီကိုတင်းထုတ်ကုန်တွေရဲ့ ပြင်းထန်ဆိုးရွားတဲ့ အရာတွေကို ဖုံးကွယ်ဖို့ အသီး၊ အချိုနဲ့ ပူရှိန်းအရသာတွေကို ထည့်သွင်းထားတာမို့ ပိုမိုသုံးစွဲမိစေပြီး နီကိုတင်းစွဲလမ်းမှုကို ဖြစ်စေတယ်လို့ WHO Myanmar က ထုတ်ပြန်ထားပါတယ်။ နီကိုတင်းစွဲလမ်းမှုကို ဖြတ်တောက်နိုင်မယ်ဆိုရင် မိနစ် ၂၀ အတွင်း နှလုံးခုန်နှုန်း ပုံမှန်အခြေအနေကို ပြန်ရောက်မှာဖြစ်ပြီး နှစ်ပတ်ကနေ ၁၂ ပတ်တွင်း အဆုတ်ရဲ့ လုပ်ဆောင်မှု တိုးတက်လာမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် တစ်နှစ်အတွင်း ဆေးလိပ်သောက်သုံးသူတွေမှာ ဖြစ်တတ်တဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ထက်ဝက်လျှော့ချနိုင်တယ်လို့ WHO ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။​

• မြန်မာ-တရုတ် ပူပေါင်းပြီး နှလုံးရောဂါအန္တရာယ် အကဲဖြတ်စနစ် စီမံချက်ကို စတင်နေပြီဖြစ်ကာ အစီအစဉ်အရ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွေနဲ့ ကန်သာယာဆေးရုံတို့မှာ တစ်နှစ်အတွင်း လူဦးရေတစ်သိန်းနဲ့ ဆန်းစစ်ဆောင်ရွက်သွားမယ်လို့ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

• မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊​ စီးပွားရေးအခက်အခဲနဲ့ ပိုမိုဆိုးရွားလာတဲ့ စားနပ် ရိက္ခာပြတ်လပ်မှုဒဏ်ကြောင့် ထိခိုက်နေတဲ့ မိသားစုတွေကို ဥရောသမဂ္ဂ (EU) ထောက်ပံ့မှုနဲ့ အရေးပေါ် စားနပ်ရိက္ခာအကူအညီ ပေးသွားမယ်လို့ World Food Programme (WFP) က ထုတ်ပြန်ထား ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်၊ ကလေးငယ်တွေအတွက်လည်း အထူးအာဟာရဆိုင်ရာ အထောက်အပံ့တွေကို ပေးသွားမ​ယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။​

• ကျိုက်ထိုမြို့နယ်ထဲက မုက္ခမော့နဲ့ ခရွဲကျေးရွာတွေမှာ သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည် ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှဒအပြင် ယင်လုံအိမ်သာ ဆောက်ဖို့ အိမ်သာခွက်တွေကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။​

• မြန်မာနိုင်ငံမှာ လူ လေးဦးမှာ တစ်ဦး သွေးတိုးရောဂါ ခံစားနေရပြီး ဒီလိုဖြစ်ပွားတာဟာ အသက်အရွယ်အုပ်စု အားလုံးမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ WHO Myanmar က ထုတ်ပြန်ထားပါတယ်။ အသက် ၁၈ ကနေ ၂၉ နှစ်အတွင်း လူငယ်တွေမှာ ၇ ဒသမ ၄ ရာခိုင်နှုန်း၊ အသက် ၆၀ ကနေ ၆၉ နှစ်ကြား သက်ကြီးရွယ်အိုတွေမှာ ၅၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ဖြစ်ပွားနေတယ်လို့လည်း ဆိုထား ပါတယ်။

• အင်္ဂလန်က ဆေးရုံတွေမှာ ဆေးကုဖို့ စောင့်ဆိုင်းရမှုပြဿနာကို AI နည်းပညာသုံး ဖြေရှင်းဖို့ နည်းလမ်းကို ရှာဖွေနေကြပါပြီ။​ အင်္ဂလိန် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း (NHS) မှာ ကုသဖို့ ခံယူဖို့ စောင့်ဆိုင်းနေရတဲ့သူ ခုနစ်သန်းကျော် ရှိပြီး အသုံးစရိတ်ဘတ်ဂျက် အကန့်အသတ်၊ ဝန်ထမ်းအင်အား အကန့်အသတ်တွေကြောင့် အခုလို နည်းလမ်းရှာလာတာလို့ ဘီဘီစီသတင်းဌာနက ရေးသားထားပါတယ်။​

• ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ​(DRC) မှာ အီဘိုလာ (Ebola) ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၃၀ ကျော် သေဆုံးထားပြီး ကူးစက်မှု အတိုင်းအတာနဲ့ ကူးစက်မှုနှုန်းအပေါ် စိုးရိမ်ကြောင်းနှင့် အချိန် အတော်ကြာ တိုက်ဖျက်ရမယ့် အခြေအနေမျိုးအထိ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၉ ရက်မှာ သတိပေး ပြောကြားထားပါတယ်။ WHO ရဲ့ နောက်ဆုံးထုတ်ပြန်ချက် အရ သေဆုံးသူ ၁၃၉ ဦးအထိ ရှိပြီး သံသယရှိ လူနာဟာ ၆၀၀ ဦး အထိ ရှိလာပြီလည်း ဖြစ်ပါတယ်။​

• ကွန်ဂို အီဘိုလာ ကူးစက်မှုဟာ နိုင်ငံတကာအဆင့် စိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေမှာ ဆက်ရှိနေသေးပေမယ့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဆင့်ထိ မဟုတ်သေးဘူးလို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ မေ ၂၀ ရက်က ပြုလုပ်တဲ့ WHO အရေးပေါ်ကော်မတီအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အတ်ဟန်နွန် ဂေဘရီရီဆုစ်က သတင်းထောက်တွေကို ဖြေကြားထားပါတယ်။

• အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုနဲ့ လူသေဆုံးမှု ရှိနေတဲ့ ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတွေကို အန္တရာယ်ရှိ ကူးစက်ရောဂါဇုန်အဖြစ် သတ်မှတ်ကြောင်း မေ ၂၀ ရက်မှာ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

• AstraZeneca က ထုတ်တဲ့ Boxdrostat ကို အမေရိကန်နိုင်ငံထဲ အသုံးပြုခွင့်ကို အတည်ပြုလိုက်ပြီလို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကုမ္ပဏီဘက်က ထုတ်ပြန်လိုက်ပြီး နှစ်စဉ် အမြင့်ဆုံးရောင်းအားအနေနဲ့ ဒေါ်လာ ငါးဘီလီယံကျော် ရလာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ Baxfendy နာမည်နဲ့ ရောင်းမယ့် ဒီဆေးဟာ သွေးပေါင်ချိန် မထိန်းနိုင်သေးတဲ့ လူနာသန်းပေါင်းများစွာအတွက် ရွေးချယ်စရာအသစ် ဖြစ်လာမယ်လို့ဆိုထားပြီး အခြားသွေးတိုးကျဆေးတွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ဆေးအမျိုးအစားလည်း ဖြစ်ပါတယ်။

• မျောက်ကျောက်ရောဂါဟာ ဆက်လက်စိုးရိမ်စရာဖြစ်ပြီး ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် ရှိနေဆဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက အင်္ဂါနေ့မှာ သတိပေး ထုတ်ပြန်ထားလိုက်ပါတယ်။​ ဒီရောဂါဟာ မသိကျွမ်းသူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံတာ ဒါမှမဟုတ် လိင်ဆက်ဆံတာမျိုး ရှိတဲ့ အမျိုးသားတွေမှာ ကူးစက်နိုင်ခြေ ပိုများတယ်လို့လည်း ဆိုထားပါတယ်။​

• ကွန်ဂိုနဲ့ ယူဂန်ဒါမှာ လူပေါင်း ၁၃၀ ကျော် သေဆုံးထားရတဲ့ အီဘိုလာကူးစက်မှုကို ထိန်းချုပ်ဖို့ ပေါင်စတာလင် သန်း ၂၀ အထိ ကူညီပံ့ပိုးမယ်လို့ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပြီး ဒီထောက်ပံမှုကို ရှေ့တန်းမှာ ကုသ၊ ထိန်းချုပ်မှုတွေ လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထောက်ပံ့ဖို့၊ ကူးစက်မှု ထိန်းချုပ်ရေးမြှင့်တင်ဖို့နဲ့ ရောဂါပျံ့နှံ့မှုအခြေအနေကို စောင့်ကြည့် ထိန်းချုပ်ရေးတွေမှာ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement