• ရန်ကုန်၊ အင်းစိန်မြို့နယ်က BPI ဆေးဝါးစက်ရုံ (ကြို့ကုန်းဆေးဝါးစက်ရုံလမ်း) မှာ အသည်းရောင် အသားဝါ-ဘီ (Hepatitis စစ်ဆေးတာနဲ့ ကာကွယ်ဆေးထိုးနှံပေးတာကို တစ်ပတ် နှစ်ရက်နှုန်းနဲ့ ဝန်ဆောင်မှု ပေးနေပါတယ်။ ပိုးစစ်ဆေးခ ကျပ် ၅,၀၀၀ နဲ့ ကာကွယ်ဆေးထိုးခအဖြစ် ကျပ် ၃၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး ဆေးထိုးပြီးသားသူတွေဟာ ငါးနှစ်တစ်ကြိမ် Antibody ပမာဏ စစ်ဆေးသင့်သလို ပမာဏနည်းနေရင်တော့ Booster Dose ထပ်မံ ထိုးနှံသင့်တယ်လို့လည်း အကြံပြုထားပါတယ်။
• ရန်ကုန်အထူးကုဆေးရုံမှာ ဇူလိုင် ၃ ရက်က အကြိမ် (၄၀) မြောက် အသည်းအစားထိုး ခွဲစိတ်မှုကို အောင်မြင်စွာ လုပ်နိုင်ခဲ့တဲ့အပြင် လူနာနဲ့ အလှူရှင်နှစ်ဦးစလုံးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ် ကောင်းမွန်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန လက်အောက်က အထူးကုဆေးရုံကြီး (ခုတင် ၅၀၀) မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အသက် ၄၈ နှစ်အရွယ် အသည်းရောဂါဝေဒနာရှင် ဦးလေးအတွက် အသက် ၂၅ နှစ်အရွယ် တူမဖြစ်သူက လိုအပ်တဲ့ အသည်းအစိတ်အပိုင်းကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။
• ရန်ကုန် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) နဲ့ ကလေးဆေးရုံကြီးက ပါမောက္ခနဲ့ အထူးကုဆရာဝန်ကြီး ၁၂ ဦး ပါဝင်တဲ့ အထူးကု ဆေးကုသရေးအဖွဲ့ဟာ ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်နဲ့ မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ဒေသခံပြည်သူတွေအတွက် ဇူလိုင် ၁၀ ကနေ ၁၂ ရက်အထိ သုံးရက်တာ အခမဲ့ ဆေးကုသမှုများ ပြုလုပ်ခဲ့ပေးခဲ့ပါတယ်။
• ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများအပြားရှိလာကာ ဆေးရုံ၊ ဆေးခန်းနဲ့ အလှမ်းဝေးတဲ့ တောင်ပေါ်နဲ့ ချောင်းဖျားဒေသတွေမှာဆို ရွာလုံးကျွတ်နီးပါး ဖြစ်နေပြီး သေဆုံးသူ ၁၀ ဦး ဝန်းကျင်ရှိလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
• ပဲခူးပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) က ခြောက်ထပ်ဆေးကုသဆောင်သစ်ကို ဇူလိုင် ၁၃ ရက်က ဖွင့်လှစ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
• ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မ ခွဲစိတ်ခန်းမကြီးမှာ ရောဂါပိုးကူးစက်မှု ကာကွယ်ရေးစနစ် ကောင်းမွန်စေတဲ့ Air Handling Units သုံးပြီး C-arm အပါအဝင် ခေတ်မီ ခွဲစိတ်ထောက်ကူပစ္စည်းတွေပါ တပ်ဆင်ထားတဲ့ အဆင့်မြင့် Modular Type ခွဲစိတ်ခန်း ၁၀ ခန်းသုံးပြီး အကြီးစား ခွဲစိတ်ကုသမှုတွေကို ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။ ဆေးရုံကြီးမှာ ပင်မခွဲစိတ်ခန်း၊ ဦးနှောက်နှင့် အာရုံ ကြောခွဲစိတ်ခန်း၊ နှလုံးရောဂါခွဲစိတ်ခန်း၊ မျက်နှာနှင့် မေးရိုးခွဲစိတ်ခန်း၊ အရေးပေါ် ခွဲစိတ်ခန်းဆိုပြီး ခွဲစိတ်ဆောင် ငါးခုအနက် ပင်မခွဲစိတ်ခန်းဆောင်ဟာ အကြီးဆုံး ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
• Thiamethoxam နဲ့ Clothianidin ဓာတ်ပစ္စည်းပါတဲ့ ပိုးသတ်ဆေးတွေကို ဇူလိုင် ၁၁ ရက်က စပြီး တားမြစ်ပိုးသတ်ဆေး (Banned Pesticide) စာရင်းမှာ ထည့်သွင်းလိုက်ပြီလို့ မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်ဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ လူ့ကျန်းမာရေး၊ ပတ်ဝန်းကျင်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက်လို့ ဆိုထားပြီး သက်ဆိုင်ရာ လုပ်ငန်းရှင်တွေ၊ အသုံးပြုသူတွေအနေနဲ့ လက်ဝယ်ရှိဆဲ ပိုးသတ်ဆေးတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း စနစ်တကျ ပြန်လည်သိမ်းဆည်းပြီး စွန့်ပစ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
• ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရက်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာလို့ ရေကြီးတာနဲ့ မြေပြုိတာတွေ ဖြစ်နေပြီး လူ ၅၀ ထက်မနည်း သေဆုံးကာ လူတစ်သန်းကျော် ရေဘေးကြုံနေရသလို သွေးလွန်တုပ်ကွေးနဲ့ ကာလဝမ်းရောဂါလို ကူးစက်ရောဂါဖြစ်နိုင်ခြေ အန္တရာယ် ပိုမြင့်တက်လာနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းအများအဖွဲ့ချုပ် (IFRC) က သတိပေးထားပါတယ်။
• ခန္ဓာကိုယ်တွင်း သည်းခြေရည်အက်ဆစ် (Bile Acid) စုပုံများပြားလာတာဟာ ရင်သားကင်ဆာကို ပိုပြင်းထန်စေသလို ကင်ဆာပျံ့နှံ့နှုန်းကိုလည်း အားပေးနိုင်တယ်လို့ အမေရိကန် ဗာဂျီးနီးယားတက္ကသိုလ် Comprehensive Cancer Center ရဲ့ သုတေသနသစ်တစ်ခု တွေ့ရှိချက်ကို ကိုးကားပြီး News Medical သတင်းက ရေးသားထားပါတယ်။
• နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန် ပီတိုနီကမ်းခြေက Brown Skua ပင်လယ်ငှက်တစ်ကောင်မှာ H5 ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံထားရတာကို အတည်ပြုထားနိုင်ပြီဖြစ်တယ်လို့ ဇူလိုင် ၁၅ ရက်မှာ နိုင်ငံရဲ့ ဇီဝလုံခြုံရေးဝန်ကြီး အန်ဒရူး ဟော့ဂတ်က ထုတ်ဖော်ပြောဆိုလိုက်ပြီး ပြည်သူတွေလည်း သတိထားစောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။
• ယူနိုက်တက်ကင်းဒမ်း (UK) မှာ အွန်လိုင်းပေါ်ကနေ အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကို လျှော့ချဖို့ စည်းမျဉ်းသစ်တွေ ချထားတာ တစ်နှစ်ကျော်ပြီဖြစ်ပေမယ့် You Tube ကတော့ ဆယ် ကျော်သက်အသုံးပြုသူတွေကို ဦးတည်ပြီး အစားအသောက်နဲ့ ဆက်စပ်တဲ့ မမှန်ကန်တဲ့ အပြုအမူဆိုင် ရာ ဗီဒီယိုတွေကို ဆက်လက်အကြံပြု ပြသနေဆဲ ဖြစ်တယ်လို့ သုတေသနသစ်တစ်ရပ်ကို ကိုးကားပြီး ဘီဘီစီ သတင်းဌာနက ရေးသားထားပါတယ်။
• သွေးထဲမှာ p-tau217 ဆိုတဲ့ ဇီဝအမှတ်အသားပမာဏ မြင့်တဲ့ သက်ကြီးပိုင်းတွေဟာ လက်ရှိမှာ တခြား သက်ကြီးတွေထက် မှတ်ဉာဏ်ပိုင်းကောင်းနေစေပေမယ့် လာမယ့်ငါးနှစ်အတွင်း မှတ်ဉာဏ်ကျဆင်းခြင်းရောဂါ အစောပိုင်းလက္ခဏာ ပေါ်လာနိုင်ခြေကတော့ ၃၈ ရာခိုင်နှုန်း ပိုများတယ်လို့ သုတေ သနအသစ်တစ်ရပ်မှာ တွေ့ရှိထားပါတယ်။ ၁၀ နှစ်အတွင်းမှာတော့ ရောဂါဖြစ်နိုင်ခြေဟာ ၇၈ ရာခိုင် နှုန်းအထိ မြင့်တက်နိုင်တယ်လို့ သုတေသီတွေကို ကိုးကားပြီး CNN သတင်းက ရေးသားထားပေမယ်လည်း ဒီတွေ့ရှိချက်ကတော့ ငါးနှစ်တာ ရလဒ် တွေ့ရှိချက်တွေလောက်တော့ ခိုင်မာမှု မရှိဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။