အမျိုးတို့ရေ…
သဘာဝ ဆေးဘက်ဝင် ပစ္စည်းတွေ၊ အပင်နဲ့ သစ်သီးဝလံတွေဟာ သဘာဝက ဖြစ်တယ်ဆိုပေမယ့် တချို့ကတော့ မယ်ကြော့တို့လို အောက်ခြေလူတန်းစားတွေအတွက်တော့ စျေးက ကြီးနေသေးတယ်ရှင့်။ ကုံကုမံလိုဟာမျိုးဆိုရင် တစ်ကျပ်သားကို ကျပ် သောင်းချီ ပေးရတော့ ဘယ်အနားကပ်နိုင်ပါ့မလဲနော်။ ငါးကြီး အန်ဖက်၊ ငှက်သိုက်၊ ဆက်ချိုနုလိုဟာဆိုရင် ပိုလို့တောင်ဆိုးမှာပေါ့။ ဒီတော့ နေ့စဉ် စားကြတဲ့အရာတွေထဲက ဆေးဖြစ်တဲ့ အစားအသောက်တစ်ခုအကြောင်း မယ်ကြော့ ပြောပေးမယ်နော်။
“ခံတက်ပင်” – “ခံတက်ချဉ်”ကိုတော့ အမျိုးတို့ သိပြီးသားနော်။ တောရော မြို့နေ လူထုကပါ”ခံတက်ပင်”၊ အထူးသဖြင့်”ခံတက်ချဉ်”လို့ ဆိုလိုက်ရင် ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းနဲ့ နနွင်းမှုန့် ပါတဲ့ ငါးပိရည်တစ်ခွက်နဲ့ တွဲမြင်ကြမယ် ထင်ပါတယ်။ ခံတက်ချဉ်က မွှေးလို့၊ ငါးပိရည်က သင်းလို့ပေါ့။ တချို့ကတော့ ခံတက်ချဉ်နဲ့ ငါးပိရည် တွဲစားမှဖြင့် တက်ပြီပေ့ါ(သွေးတိုးပြီလို့)လို့ ဆိုကြပါလိမ့်မယ်။ ဒီနေရာမှာ ငါးပိရည်ထဲ ပါတဲ့ နနွင်းမှုန့်၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းတွေက သွေးမတိုးစေသလို ခံတက်ချဉ်ကလည်း သူ့မှာပါဝင်တဲ့ ဓာတ်တွေကြောင့် သွေးတိုးနဲ့ ဆီးချိုရောဂါတွေကို သက်သာ၊ ပျောက်ကင်းစေတယ်လို့ ဆရာမောင်ယဉ်နွယ်ရဲ့”စားတတ်လျှင် ဆေး-မစားတတ်လျှင် ဘေး”ဆိုတဲ့ စာအုပ်မှာ ရေးသားထားပါတယ်။
မြန်မာလူ့အသိုင်းအဝိုင်းမှာ”အိမ်ရှေ့ သရက်-အိမ်နောက် ခံတက်-စီးပွားတက်”ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ “ခံတက်ပင်”လို့”ရေခံတက်”၊”ကုန်းခံတက်”လို့ဆိုပြီး နှစ်မျိုးကွဲပြားပြီး”ရေခံတက်”ကတော့ မြစ်နားချောင်းနားတွေမှာ ပေါက်ရောက်တတ်ပါတယ်။ သူ့ကို ရုက္ခဗေဒအားဖြင့်”Crataeva religiosa Forst”လို့ ခေါ်ပြီး ဟင်းဂလာမျိုးရင်းမှာ ပါဝင်ပါတယ်။ အရသာက ခါးသက်ပြီး လေနဲ့ သလိပ်ကို နိုင်သလို ဆီးလွန်ရောဂါတွေအတွက် ဆီးကို ထိန်းနိုင်တယ်လို့ ဆိုကြပါတယ်။ ဓာတ်အားဖြင့် ဥဏှ၊ ဝါယော၊ အာကာသ ဆိုတဲ့ အပူဓာတ်၊ လေဓာတ်နဲ့ အာကာသဓာတ်တွေ ပါဝင်တာမို့ အအေးဓာတ်ကြောင့် ဖြစ်တဲ့ရောဂါတွေကို သက်သာပျောက်ကင်းစေနိုင်တယ်လို့ မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။
အပင်လတ်မျိုးဖြစ်တဲ့ ခံတက်ပင်ဟာ အခေါက်ရှိတဲ့ အပင်မျိုးရင်းထဲ ပါဝင်ပြီး အဆစ်ရောင်နဲ့ လေဖြတ်ရောဂါတွေကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ ဒီရောဂါတွေအတွက်ဆို ခံတက်ခေါက်၊ သမုန်း၊ ဆူးခေါက်နက်၊ သက်ရင်းကြီး၊ အော်လဲ၊ ဆေးပုလဲတို့ကို ဆတူရောလို့ ပျားရည်နဲ့ ရောပြီး နေ့စဉ် စားသုံးပေးနိုင်ပါ တယ်။ လေငန်းရောဂါဆိုရင် အရှင်းပျောက်နိုင်သလို နောက်ထပ် လေဖြတ်နိုင်တဲ့ အန္တရာယ်ကနေ လွတ်နိုင်ပါတယ်တဲ့ အမျိူးတို့ရေ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့ နိုင်ငံတကာ ဆီးချိုအဖွဲ့အစည်း(International Diabetes Foundation – IDF)တို့ရဲ့ ၂၀၂၁ နှစ်ကို အခြေခံပြီး ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာပြည်မှာ အသက် ၂၀ နဲ့ ၇၉ နှစ်ကြား ဆီးချိုရောဂါဖြစ်ပွားသူဟာ ၃ ဒသမ ၂ သန်းအထိရှိပြီး ရောဂါရှိနေပေမယ့် ရောဂါရှိမှန်းမသိသူ(undiagnosed cases)တွေလည်း အများအပြားရှိတယ်လို့ သတိပေးထားပါတယ်။ တကယ်လို့များ ကိုယ်က ဆီးချိုရောဂါ ခံစားနေရတယ်ဆိုရင် ခံတက်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ကျိုပြီး လက်ဖက်ရည်ကြမ်းပန်းကန်လုံးနဲ့ မနက်၊ ည တစ်ခွက်စီ မှန်မှန်သောက်ပေးရင် ဆီးချိုပမာဏ မြင့်တက်မှုကို ထိန်းနိုင်တယ်လို့ ဆရာမောင်ယဉ်နွယ်က သူ့ရဲ့ စာအုပ်မှာ ဖော်ထုတ်ရေးသားထားပါတယ်။
တကယ်တော့ ခံတက် ပင်ဟာ ဆီးချိုရောဂါတစ်ခုတည်းအတွက် အသုံးဝင်တာ မဟုတ်ဘဲ ဆီးနဲ့ ပတ်သက်တာ၊ ကျောက်တည်တာ စတဲ့ ရောဂါတွေအတွက်လည်း ကွဲပြားတဲ့အသုံးပြုပုံ ရှိပါသေးတယ် အမျိုးတို့ရေ။ ခံတက်ခေါက်ကိုပဲ ၄ ခွက် တစ်ခွက် တင်ပြုတ်ပြီး ပြုတ်ရည်ကို ကြံသကာနဲ့ ရောပြီး သောက်ပေးရင် ဆီးကျောက်တည်တာအပြင် ဆီးအိမ်နဲ့ ဆက်စပ် တဲ့ရောဂါတွေကို သက်သာစေနိုင်ပါတယ်တဲ့။ ဆီးမကြာခဏ သွားတဲ့ ဆီးလွန်ရောဂါ၊ ဆီးထိန်းမရတာ၊ ဆီးများတာတွေ ဖြစ်ရင် အခေါက်ကို သွေး၊ ရတဲ့ အရည် တစ်ဆကို သံပုရာရည် နှစ်ဆနဲ့ ရောပြီး ညအိပ်ရာဝင်တိုင်း လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်း၊ တစ်ကြိမ် သောက်ပေးရင် သက်သာ၊ ပျောက်ကင်းနိုင်ပါတယ်။
သက်တန့်နာနဲ့ အနာပေါက်တာတွေအတွက်ဆို ခံတက်ခေါက်နဲ့ ပရန္နဝါမြစ်ကို သွေးပြီး ရတဲ့ အရည်ကို ဆတူရော၊ ပြီးရင် တစ်နေ့သုံးကြိမ် သောက်ပေးရင်လည်း သက်သာနိုင်ပါတယ်တဲ့။
ခံတက်ပင်မှာ အခေါက်တင်အသုံးဝင်တာ မဟုတ်ဘူး အမျိုးတို့ရေ။ အရွက်ကလည်း အသုံးဝင်ပါသတဲ့။ ခံတက်ရွက်ကို ထောင်းပြီး အရည်ညှစ်၊ ရတဲ့ အရည်ကို နွေးအောင် မီးနဲ့ ပြပြီး ကိုက်ခဲတဲ့ နေရာတွေကို လိမ်းပေးရင် အကိုက်အခဲတွေ သက်သာစေသလို ထောင်းရည်နဲ့ ကွမ်းရွက်ကြမ်းထောင်းရည်ကို ဆတူရောပြီး ထောပတ်နည်းနည်းထည့်ပြီး သောက်ပေးရင်လည်း အဆင်ရောင်ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ် လို့ ဆရာမောင်ယဉ်နွယ်က သူ့ရဲ့”စားတတ်လျှင် ဆေး-မစားတတ်လျှင် ဘေး”ဆိုတဲ့ စာအုပ်မှာ ဖော်ထုတ် ရေးသားထားပါတယ်။ ဆီးထဲ အနယ်အနှစ်တွေ ပါတာဆိုရင်တော့ ခံတက်ရွက်ကို ၃ ခွက် တစ်ခွက်တင် ပြုတ်ပြီး ည၊ မနက် သောက်ပေးရင် ဆီးပူ၊ ဆီးအောင့်တာကိုပါ သက်သာစေပါတယ်။
လေနဲ့ ပတ်သက်တဲ့ ရောဂါဆိုရင်တော့ ခံတက်ရွက်ချဉ်ဖတ်ကို တို့စား၊ သုပ်စားပေးရင် သက်သာပါတယ်။ ဒီနေရာမှာ တို့စားရင်တော့ များသော အားဖြင့် ငါးပိရည်နဲ့ တွဲဖက်စားတတ်တာမို့ သတိပေးစရာ တစ်ခုက ငါးပိရည်ကို နနွင်းမှုန့်၊ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကိုပဲ သုံးပြီး ဖျော်ဖို့ပါ။ အခုခေတ်မှာက ငါးပိရည်ကို ပိုပြီးအရသာရှိအောင် ဓာတုပစ္စည်းပါတဲ့ အချိုမှုန့်ကို ဖောဖောသီသီ သုံးကြတာများပြီး ဒါဟာ သွေးတိုး၊ လေငန်း၊ ဆီးချိုနဲ့ နှလုံးရောဂါတွေ ဖြစ်ဖို့ အားပေးတာကြောင့်ပါ။
ကျန်းမာရေးဌာနတွေကလည်း အချိုမှုန့်စားတာဟာ ကျန်းမာရေးနဲ့ မညီတဲ့အကြောင်း ပညာပေးနည်းပေါင်း စုံနဲ့ တားမြစ်နေပေမယ့်လည်း အချိုမှု့န်မှာ ပါတဲ့Umamiအရသာဟာ အစားအစာရဲ့ အရသာကို ပိုပြည့်စုံစေပြီး အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတာ၊ ထပ်ခါ ထပ်ခါ စားသုံးမိခြင်းဖြင့် ဒါမှ မပါရင် အရသာမရှိဘူးလို့ ထင်သွားတတ်စေတာကြောင့် စွဲလမ်းစိတ်ကို ဖြစ်စေပြီး ဆက်တိုက်စားတာမျိုး ဖြစ်လာစေတာပါ။
ဒါကြောင့် ငါးပိရည် ကြိုတဲ့အခါမှာ အချိုမှု့န် မသုံးဖို့ လိုပါတယ် အမျိုးတို့ရေ။
တို့စရာအနေနဲ့ ဖြစ်ဖြစ်၊ သုပ်လို့ပဲ ဖြစ်ဖြစ် စားနိုင်တဲ့ ခံတက်ဟာ ရာသီစာလို့ ပြောရင်လည်း ရပါတယ်။ အထူးသဖြင့် နွေရာသီလို ကာလမျိုးမှာ ခံတက်ဟာ တချို့သောရောဂါတွေကို သက်သာစေပါတယ်။ နွေရာသီ ရောက်ရင် ဖြစ်တတ်တဲ့ အပူဝမ်းလျှောနဲ့ ဝမ်းသက်တာတွေဖြစ်ရင် ခံတက်ရွက်ပြုတ်ရည်ကို သောက်ပေးရင် သက်သာစေသလို ချွေးငုပ်တာ၊ ဓာတ်ငုပ်တာနဲ့ မိတ်ငုပ်တာတွေကိုလည်း ပျောက်ကင်းစေပါတယ်။
နောက်ပြီး သွေးကြော၊ လေကြောနဲ့ ဆက်စပ်ပြီး ဖြစ်တတ်တဲ့ ကိုယ်လက် လေးလံထိုင်းမှိုင်းတာ၊ လူက ဝပြီး သွေးကြော လေကြောတွေ ကျဉ်းတာ၊ အကြောတက်တာတွေအတွက်ဆိုရင် ခံတက်ရွက်ကို ပြုတ်ပြီး မှန်မှန် သုပ်စားမယ်၊ ပြုတ်ရည်ကို မှန်မှန်သောက်ပေးမယ်ဆိုရင်လည်း ဖြစ်နေတာတွေကို သက်သာနိုင်စေတယ်လို့ မြန်မာ့တိုင်းရင်း ဆေးကျမ်းရေးသူတွေက ဆိုထားပါတယ်။
ဒီနေရာမှာ တစ်ခုတော့ မယ်ကြော့ သတိပေးချင်တယ်နော်။ ဘယ်အရာဖြစ်ဖြစ် တန် ဆေး-လွန် ဘေး ဆိုတာပါ။
“ဝမ်းတစ်လုံးကောင်း ခေါင်း မခဲ”ဆိုတဲ့ စကားပုံအတိုင်းပါ ပဲ။
#ခံတက်#ငါးပိရည်#ဆီးချို#အအေးဓာတ်
ကိုးကား
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)
International Diabetes Foundation – IDF
စားတက်လျှင် ဆေး-မစားတတ်လျှင် ဘေး-မောင်ယဉ်နွယ်