“အပေါင်းအသင်း မိတ်ဆွေစစ်မစစ် သိချင်ရင် ခရီးအတူတူ ထွက်ကြည့်မှ သိနိုင်တယ်” လို့ ပြောလေ့ရှိကြတာကို ကြားဖူးကြမယ် ထင်ပါတယ်။ ဒီစကားစုလေးလိုပဲ အလှအပနဲ့ ကျန်းမာရေး ရှုထောင့်မှာလည်း တင်စားခိုင်းနှိုင်းကြတာ ရှိပါတယ်။ နေပူထဲ ဘယ်သွားသွား နေရောင်ကာခရင်မ် (Sunscreen) လေး သုံးသွားဖို့ တကူးတက တိုက်တွန်းတတ်တဲ့၊ မဖြစ်မနေလိမ်းသွားဖို့ သတိတရနဲ့ အမြဲမှာတတ်တဲ့ မိတ်ဆွေသူငယ်ချင်းမျိုး ကိုယ့်ဘေးနားမှာ ရှိနေပြီဆိုရင်တော့… သူတို့ဟာ သင့်ရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် တကယ့်ကို အဖိုးတန်တဲ့ မိတ်ဆွေကောင်းတွေပါပဲ။ ဒါဆို… သူတို့က ဘာလို့ နေရောင်ကာခရင်မ် လိမ်းဖို့ အမြဲတစေမှာနေကြတာလဲ? အဖြေကတော့ ရှင်းပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့် သင့်မျက်နှာပေါ်မှာ ဖျောက်ရခက် ဖုံးဖိရခက် တဲ့ အမည်းကွက်တွေ ဖြစ်မလာစေချင်လို့ပါပဲ။ ဟုတ်ပါတယ်… ဆောင်းပါးရဲ့ ခေါင်းစဉ်လေးအတိုင်း “မျက်နှာရှင်းရှင်းပေါ်က အရိပ်ထင်းထင်းများ” ဆိုတာ တကယ်တော့ အသားအရေရဲ့ အလှအပကို အဓိက ဖျက်ဆီးနေတဲ့ တင်းတိပ် (Melasma) အကြောင်းပဲ ဖြစ်ပါတယ်။
တင်းတိပ်အကြောင်းမပြောခင် ကျွန်တော်တို့အရေပြားမှာရှိတဲ့ အရောင်ခြယ်ပစ္စည်းဖြစ်တဲ့ မယ်လနင် (Melanin) အကြောင်း လေ့လာကြည့်ကြရအောင်… မယ်လနင်ဆိုတာ ကျွန်တော်တို့ရဲ့ အရေပြား၊ ဆံပင်နဲ့ မျက်လုံးတွေမှာရှိတဲ့ သဘာဝအရောင်ခြယ်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာဆိုရင် မယ်လနင်က ခရမ်းလွန်ရောင်ခြည် (UV) ရဲ့ အန္တရာယ်ကနေ အရေပြားကို ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ အချို့သောအချက်တွေကြောင့် မယ်လနင် ထုတ်ပေးဖို့တာဝန်ရှိတဲ့ မယ်လနိုဆိုက် (Melanocytes) ဆဲလ်တွေဟာ အလုပ်လုပ်ဖို့ ပုံမှန်ထက် လှုံ့ဆော်ခံရတဲ့အခါမှာတော့ မယ်လနင်တွေကို အလွန်အကျွံထုတ်လာကြပြီး ဒီကနေတဆင့် အရေပြားညိုမည်းခြင်း (Hyperpigmentation) နဲ့ တင်းတိပ်ဖြစ်ပွားမှုကို ဦးတည်သွားစေပါတယ်။
တင်းတိပ်ဆိုတာကတော့ အပေါ်မှာပြောပြခဲ့တဲ့ဖြစ်စဉ်ကြောင့် နေရောင်ခြည်နဲ့တိုက်ရိုက် ထိတွေ့မှုများတဲ့ ပါးပြင်၊ နဖူး၊ နှာခေါင်း ဒါမှမဟုတ် နှုတ်ခမ်းအပေါ်နားတွေမှာ ဘယ်ညာညီပြီး အညိုရောင်၊ မီးခိုးရောင်သန်းတဲ့ အညိုရောင် ဒါမှမဟုတ် အမည်းကွက်တွေ ပေါ်လာတတ်တဲ့ နာတာရှည် အရေပြား အခြေအနေတစ်ခု ဖြစ်ပါတယ်။ တင်းတိပ်ဖြစ်ဖို့အတွက် အားပေးကူညီတဲ့ အကြောင်းရင်းအများကြီး ရှိပါတယ်။ အဲဒီအထဲကမှ ကျတော်တို့နေ့စဉ်ကြုံတွေ့နေရတာကတော့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းပါပဲ။ ခရမ်းလွန်ရောင်ခြည်ဟာ မယ်လနင်ထုတ်လုပ်မှုကို အပြင်းအထန် လှုံ့ဆော်ပေးနိုင်တာကြောင့် နေရောင်ထဲကို အကာအကွယ်မပါဘဲ ခဏတဖြုတ် ထွက်ရုံနဲ့တင် တင်းတိပ်တွေကို ပိုပြီး အရောင်ရင့်လာစေတာကြောင့် ပိုသိသာထင်ရှားသွားစေနိုင်ပါတယ်။
ဟော်မုန်းအပြောင်းအလဲတွေကလည်း တင်းတိပ်ဖြစ်စေတဲ့ အဓိက အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ သုတေသနမှတ်တမ်းများအရ တင်းတိပ်ထွက်တဲ့လူတွေရဲ့ ၉၀ ရာခိုင်နှုန်းက အမျိူးသမီးတွေဖြစ်ပြီး ကိုယ်ဝန်ဆောင်တားဆေး သောက်နေတဲ့ အမျိုးသမီးတွေနဲ့ ဟော်မုန်းအစားထိုးကုထုံး ခံယူနေသူတွေမှာ တင်းတိပ်ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် တင်းတိပ်တွေ ပေါ်လာတတ်တာမို့ “ကိုယ်ဝန်ဆောင်မျက်နှာဖုံး” (The mask of pregnancy) လို့တောင် တင်စားခေါ်ဝေါ်ထားပါတယ်။ ဒါ့အပြင် မိသားစုထဲမှာ တင်းတိပ်ဖြစ်ဖူးတဲ့ ရာဇဝင်ရှိရင် ကိုယ့်မှာလည်း ဖြစ်လာဖို့ ရာခိုင်နှုန်း ပိုများတာကြောင့် မျိုးရိုးဗီဇ ကလည်း သက်ရောက်မှုရှိတယ်လို့ ပြောနိုင်ပါတယ်။ ကိုယ်နဲ့မတည့်တဲ့ အလှကုန်ပစ္စည်းတွေ၊ နေရောင်ခြည်နဲ့ ဓာတ်ပြုလွယ်တဲ့ သောက်ဆေးလိမ်းဆေးတွေ၊ ဖုန်း၊ကွန်ပြူတာ၊မီးလုံးမီးသီးတွေက ထွက်တဲ့ wavelength 400-500nm ရှိတဲ့ visible light (မြင်နိုင်သောအလင်း) တွေနဲ့ အပူရှိန်တွေကလည်း တင်းတိပ်ဖြစ်စေနိုင်တယ်လို့ သုတေသနစာစောင်တွေမှာ ဖော်ပြထားပါတယ်။
ဒီလို နေ့စဉ်ထိတွေ့နေရတဲ့ အရာတွေကတောင် တင်းတိပ်ဖြစ်ဖို့အားပေးနေတော့ တင်းတိပ်မဖြစ်အောင် ကျတော်တို့ ဘလိုကာကွယ်ကြမလဲ? အထိရောက်ဆုံးနဲ့ အခြေခံအကျဆုံး ကာကွယ်နိုင်တာကတော့ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကို အတတ်နိုင်ဆုံး ရှောင်တာပါပဲ။ နေရောင်ထဲထွက်ရမယ့် အချိန်တိုင်း သင့်တော်တဲ့ နေရောင်ကာအညွှန်းကိန်း (SPF) ပါဝင်တဲ့ Broad-spectrum (Sunscreen) ကို မပျက်မကွက် စွဲစွဲမြဲမြဲ လိမ်းပေးရပါမယ်။ Iron oxide ပါဝင်တဲ့နေရောင်ကာခရင်မ်ကို နေ့စဉ် အသုံးပြုပေးခြင်းက UV ကြောင့် ဖြစ်ပေါ်မယ့် melanin ထုတ်လုပ်မှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေထိန်းပစ္စည်းတွေကို ဂရုတစိုက် ရွေးချယ်တတ်ဖို့ လိုပြီး အရေပြားကို sensitive ဖြစ်စေမယ့် အရာတွေကို ရှောင်ရပါမယ်။ ဘာလို့လဲဆိုတော့ အရေပြား ရောင်ရမ်းပြီးယားယံစေခြင်းက တင်းတိပ်ကို ပိုပြီး ဆိုးရွားသွားစေနိုင်လို့ပါ။ အရေပြားကျန်းမာရေးအတွက် ဓါတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant ကြွယ်ဝတဲ့ အစားအစာကို စားသုံးတာ၊ ရေလုံလောက်စွာ သောက်တာ နဲ့ အိပ်ရေးဝဝ အိပ်ဖို့လဲလိုပါတယ်။ ဒီအချက်တွေကို လိုက်နာနေထိုင်တာက တင်းတိပ်ကို လုံးဝကြီး မဖြစ်လာအောင် မတားဆီးနိုင်ဘူးဆိုရင်တောင် အရေပြားအလွှာပျက်စီးခြင်းနဲ့ အရောင်ရင့်တဲ့တင်းတိပ် မဖြစ်သွားအောင် အများကြီး လျှော့ချပေးနိုင်ပါတယ်။
တင်းတိပ်ကုသတဲ့ ကုသနည်းတွေကတော့ အမျိုးမျိုး ရှိပါတယ်။ အရေပြား အထူးကုဆရာဝန်တွေက ပိုလျှံနေတဲ့ melanin လျှော့ချပေးနိုင်မယ့် Hydroquinone, Azelaic acid, Tretinoin ဒါမှမဟုတ် ပေါင်းစပ်ကုထုံးတွေလိုမျိုး လိမ်းဆေးတွေ၊ Tranexamic acid ပါတဲ့ သောက်ဆေး ဒါမှမဟုတ် လိမ်းဆေး ကို တိကျသေချာတဲ့ အညွှန်းအတိုင်းသုံးဖို့ ပေးပါလိမ့်မယ်။ အခုပြောခဲ့တဲ့ ဆေးတွေကိုတော့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်ဟာကိုယ်စမ်းမသုံးမိဖို့ သတိချပ်စေချင်ပါတယ်။ ဒါ့အပြင် Chemical peels (ဓာတုပစ္စည်းနဲ့ အပေါ်ယံအရေပြားလဲစေခြင်း) နဲ့ လေဆာကုထုံး (Laser therapy) လိုမျိုး ကုသမှုတွေကိုလည်းလူနာအခြေအနေအရ အရေပြားအထူးကုဆရာဝန်တွေက ရွေးချယ်ပြီး ကုသပေးပါလိမ့်မယ်။ FDA အသိအမှတ်ပြုလက်မှတ်မရထားတဲ့ အသားဖြူလိမ်းဆေးတွေနဲ့ မိမိဘာသာ စမ်းလိမ်းကြည့်တာမျိုးကိုတော့ လုံးဝ ရှောင်ကြဉ်ရပါမယ်။
ကုသမှုရလဒ်တွေက လူတစ်ဦးနဲ့တစ်ဦး မတူညီနိုင်တာမို့ စိတ်ရှည်ဖို့ နဲ့ ပုံမှန်ကုသမှု ယူဖို့ လိုပါတယ်။ တင်းတိပ်ဟာ ရေရှည်ကုသဖို့လိုအပ်တဲ့ အရေပြားရောဂါတစ်မျိုးထဲမှာ ပါပါတယ်။ ပျောက်သွားပြီးရင်လည်း ပြန်ဖြစ်တတ်တဲ့သဘောရှိတာကြောင့် တဖြေးဖြေးနဲ့ အရောင်မှိန်သွားတဲ့ထိ ကုသပြီးရင်တောင် နောက်ဆက်တွဲအနေနဲ့ နေရောင်ခြည် တိုက်ရိုက်ထိတာကနေကာကွယ်ဖို့က မရှိမဖြစ် အရေးကြီးနေဆဲ ဖြစ်ပါတယ်။
တင်းတိပ်ဆိုတာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သန်းပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးတွေမှာ ကြုံတွေ့နေရပြီး စနစ်တကျ ထိန်းသိမ်းကုသရင် သက်သာနိုင်တဲ့ အရေပြားပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေတာမျိုး မရှိပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းစေတာတော့ အနည်းနဲ့အများ ရှိနေနိုင်တာမို့ လွယ်လင့်တကူ လက်ဆင့်ကမ်းနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အချက်အလက်လေးတွေကို ဒီဆောင်းပါးကတစ်ဆင့် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ…
References:
1. (Ogbechie-Godec & Elbuluk, 2017) Ogbechie-Godec, O., & Elbuluk, N. (2017). Melasma: an Up-to-Date Comprehensive Review. Dermatology and Therapy, 7, 305-318. https://doi.org/10.1007/s13555-017-0194-1
2. American Academy of Dermatology. (2022, February 15). Melasma: Diagnosis and treatment. https://www.aad.org/public/diseases/a-z/melasma-treatment
3. Kaus, J. (2021, July 19). Seeing spots? Treating hyperpigmentation. Mayo Clinic Health System. https://www.mayoclinichealthsystem.org/…/seeing-spots…