မနက်ခင်းရဲ့ အလင်းရောင်ကြောင့် အိပ်ပျော်နေတဲ့ ကလေးလေး နိုးလာတယ်။ ညက ရွာထားတဲ့မိုးအနံ့က လေထဲမှာ ကျန်နေတုန်းပဲ။ ပွင့်နေတဲ့ပြတင်းပေါက်ကနေ ကောင်းကင်က တိမ်ဖြူဖြူတွေကို မော့ကြည့်တယ်။ သစ် ကိုင်းတွေပေါ်မှာ ငှက်ကလေးတွေ၊ ပြီးတော့ မိုးရေတွေ စိုနေတဲ့ မနက်ခင်းတစ်ခု။ အိပ်ရာထဲကနေ ထထိုင်လိုက်တယ်။ အိပ်ချင်မူးတူးနဲ့ မျက်နှာသစ်တယ်။ ကျောင်းသွားဖို့ အဝတ်လဲပြီးတော့ သူ့အမေ ပြင်ပေးထားတဲ့ မနက်စာစားတယ်။
အိမ်မှာ ခဏလာတည်းတဲ့ ဦးလေးရဲ့ အလုပ်မှာသုံးတဲ့ လေဆာပွိုင်တာကို လူကြီးတွေ မသိအောင် ကျောင်းကိုယူလာတယ်။ ပြီးတော့ သူငယ်ချင်းတွေကို၊ အထူးသဖြင့် သူကို အနိုင်ကျင့်ချင်တဲ့တစ်ယောက်ကို ကြွားရမယ် ဆိုတဲ့အတွေးနဲ့။ အဲဒီနေ့က ကလေးလေး ကျောင်းသွားရတာ ပျော်တယ်။ ကျောင်းရောက်တော့ လေဆာပွိုင်တာကို ထုတ်လိုက်တာနဲ့ အနားမှာ သူငယ်ချင်းတွေက ရေခဲချောင်းသည်ဘေးမှာ ရေခဲချောင်း ဝယ်နေသလို ဝိုင်းလာကြတယ်။ ကျောင်းမျက်နှာကျက်ကို လှမ်းထိုးကြည့်လိုက်၊ စာသင်ပုန်းပေါ်ကို ထိုးပြလိုက်၊ အတန်းထဲမှာ တခြားသူတွေ မျက်စိနောက်အောင် ဟိုထိုးဒီထိုး လုပ်ပြီး ပြုံးပြုံးကြီး ဆော့နေကြတယ်။ ဒီကြားထဲ အရင်က အနိုင်ကျင့်ချင်တဲ့သူတွေကတောင် “ဟ မင်းဟာက မိုက်တယ်ကွ… အရမ်းမိုက်တယ်” ဆိုတဲ့ စကားလုံးတွေကြားထဲ ဟိုနေရာဒီနေရာကို လှမ်းထိုးပြလိုက် ရယ်လိုက်နဲ့ အပျော်ကြီး ပျော်နေတာပေါ့။
ကျောင်းအုပ်ဆရာမကြီးရုံးခန်းကနေ မုန့်စားကျောင်းဆင်းဖို့ ခေါင်းလောင်းသံကြားတာနဲ့ အပျော်တွေ ပြည့်နေတဲ့ကလေးလေးက အိတ်ကပ်ထဲက လေဆာပွိုင်တာကို လွယ်အိတ်ထဲထည့်ပြီး မုန့်ဈေးတန်းကို အပြေးဆင်းသွားပါတော့တယ်။ မုန့်စားကျောင်းပြန်တက်တော့ စိတ်က လေဆာပွိုင်တာကို ရောက်နေပေမယ့် အဲဒီအချိန်မှာ စာသင်နေတဲ့ဆရာမကို အလွန်ကြောက်ရတော့ ထုတ်ပြီး မဆော့ရဲဘူး။ စာလိုက် နားထောင်တယ်။ လိုက်ရေးတယ်။ ဒါပေမဲ့ စိတ်က လွယ်အိတ်ထဲမှာပဲ။
အတန်းချိန်ပြီးတော့ ဆရာမ ထွက်သွားတာနဲ့ လွယ်အိတ်ကိုဖွင့်ပြီး လေဆာပွိုင်တာကို ယူတယ်။ ဒါပေမဲ့ တန်းမတွေ့။ လွယ်အိတ်ကို ဆွဲဖွင့်ကြည့်ပြီး စာအုပ်တွေနဲ့ ဘောပင်တွေကြားမှာ ရှာတယ်။ ဒါပေမဲ့ မတွေ့။ လွယ်အိတ်ထဲက တိုလီမုတ်စတွေ စာအုပ်တွေကို ထုတ်ပြီး ထပ်ရှာတယ်၊ လေဆာပွိုင့်က မရှိတော့၊ ပျောက်သွားပါပြီ။အပျော်တွေ ပြည့်နေတဲ့ကလေးလေးဟာ ရုတ်တရက်ကြီး မျက်ရည်တွေ ဝိုင်းလာတယ်။ ခေါင်းကြီး ကြီးလာတယ်လို့ ခံစားရပြီး နားတွေ ပါးတွေ ပူတက်လာတယ်။ ခဏနေတော့ အတန်းပိုင်ဆရာမရှေ့မှာ လက်ပိုက်နေတဲ့ ကလေးလေးတစ်ယောက်က သူ့ရဲ့ လေဆာပွိုင်တာ ပျောက်သွားတာကို ငိုမဲ့မဲ့နဲ့ တိုင်ပြောနေတယ်။ ဆရာမကလည်း တစ်တန်းလုံးရဲ့ လွယ်အိတ်တွေကို စစ်ပြီး ကူရှာပေးပေမယ့် လေဆာပွိုင်တာလေးဟာ ကလေးလေးနဲ့အတူ အိမ်ပြန်ပါမလာခဲ့ပါဘူး။
ပြဿနာဟာ အိမ်ရောက်မှ စပါတယ်။ ဦးလေးက သူ့ရဲ့ လေဆာပွိုင် ပျောက်နေတယ်လို့ အမေ့ကို ပြောပြလိုက်တယ်။ ကလေးလေး အိမ်ပြန်လမ်းမှာ ကြောက်နေပေမယ့် တိမ်ဖြူဖြူလေးတွေက သူနဲ့အတူရှိတယ်။ အိမ်ရှေ့က ပိတောက်ပင်အကြီးကြီးက သစ်ရွက်စိမ်းတွေကို လှုပ်ပြပြီး၊ ပြုံးပြရင်း အားပေးစကားပြောတယ်။ အိမ်တံခါးကိုတွန်းဖွင့်လိုက်တော့ သံပေတံတစ်ချောင်းက ဒေါသနဲ့ စောင့်နေတယ်။
“တော်တော်ဆိုးနေပြီပဲ အမှန်အတိုင်းပြောရင် အနာသက်သာမယ်” တဲ့။ စကားဆုံးတဲ့အခါမှာ သူ့ရဲ့ ခြေသလုံးတွေ၊ လက်မောင်းတွေဟာ သံပေတံနဲ့ ခပ်ပြင်းပြင်း ထိတွေကြတယ်။ ကလေးလေးဟာ ငိုတယ်။ မျက်ရည်ပူတွေ ကျနေတဲ့ ကလေးလေးတစ်ယောက်က သူ့ခြေသလုံးတွေ၊ လက်မောင်းတွေကို ပွတ်ရင်း ကာရင်း၊ လူကြီးတစ်ယောက်ရဲ့ ဒေါသကို မော့ကြည့်ရင်း ရပ်ပေးပါလို့ အော်တယ်။ ဒါပေမဲ့ မိနစ်အနည်းငယ် ကြာတယ်။ “နောက်တစ်ခါဆိုရင် ဒီ့ထက် ပိုနာမယ်” ဆိုတဲ့ စကားသံက ကလေးလေးရဲ့ လွတ်မြောက်ခြင်းပဲ။
အသက်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက် အခန်းတစ်ခန်းရဲ့ ချောင်ကျကျ ထောင့်တစ်ထောင့်မှာ ကုပ် ကုပ်လေး ထိုင်နေတယ်။ သူ့ကို မေတ္တာပေးတယ်လို့ သူထင်တဲ့သူတွေကို အတွေးထဲမှာ ရေတွက်ကြည့်နေတယ်။ “ဘွားဘွား” တဲ့…..ပြီးတော့ တိတ်ဆိတ်ခြင်း။
နောက်တစ်နေ့ ကလေးလေးကျောင်းကို ရောက်တော့ အတန်းပိုင်ဆရာမက လေဆာပွိုင်တာကို ပြန်ပေးတယ်။ “နောက်တစ်ခါ ဒါမျိုးတွေ ကျောင်းကို ယူမလာနဲ့” ဆိုပြီးလည်း ပြောသေးတယ်။ အိမ်ပြန်ရောက်တော့ လေဆာပွိုင်တာကို ပြန်ပေးပြီးတာနဲ့ အရာအားလုံးဟာ ဘာမှမဖြစ်ခဲ့သလိုဘဲ လည်ပတ်လို့။ ဒါပေမဲ့ ကလေးလေးရဲ့ နှလုံးသားမှာတော့ သံပေတံအရာတွေ ခပ်နက်နက်ပဲ။
ဒါဆိုရင် ဒီကလေးဆိုးသလား?
ပုံမှန်ကြည့်လိုက်ရင်တော့ လူကြီးတစ်ယောက်ရဲ့ပစ္စည်းကို မသိအောင် ကျောင်းယူသွားတယ်ဦ၊ ပြီးတော့ ဖျောက်လိုက်တယ်။ အဲဒီတော့ အရိုက်ခံရသင့်တယ်။ ဆိုးတယ်လို့ ယေဘူယျ တွေးကြည့်လို့ ရပါတယ်။ ဒါပေမဲ့ ဘာလို့ အဲဒါကို ယူသွားတာလဲ။ ကျောင်းမှာ သူငယ်ချင်းတွေကြားထဲက အဖုအထစ်တွေကို မိဘနဲ့ ဆရာတွေကို ဘာကြောင့် ထုတ်မပြောတာလဲ။ ကလေးလေးက သူငယ်ချင်းတွေကြားထဲမှာ အသိအမှတ်ပြုတာကို လိုချင်တယ်။ ဒါပေမဲ့ အနိုင်ကျင့်ခံရတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီတော့ သူ လေဆာပွိုင်တာကို ယူသွားလိုက်ရင် ပြဿနာတွေ အဆင်ပြေလောက်တယ်ဆိုပြီးတော့ လုပ်ပေမယ့် အခြေအနေတွေက ပိုဆိုးသွားတယ်။ အမှန်အတိုင်းပြောလည်း အရိုက်ခံရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရိုက်ခံရတဲ့ ကလေးတစ်ယောက်က သူတို့ခံစားချက်တွေ၊ အခက်အခဲတွေကို ထုတ်မပြောကြပါဘူး။ အဲဒီတော့ ပြဿနာတွေက ပိုဆိုးလာပြီး နောက်ဆုံးကျန်ခဲ့တာကတော့ ခပ်နက်နက် စိတ်ဒဏ်ရာတွေပဲပေါ့။ ကလေးတွေက မဆိုးကြပါဘူး။ လူကြီးတွေက မေတ္တာပေးပြီး နားထောင်ပေးကြရပါမယ်။
တစ်ခါတစ်လေ ကလေးတွေဟာ အပြုအမူနဲ့ ဆက်သွယ်ကြပါတယ်
ကလေးစိတ်ပညာရှင် Dr. Ross Greene က “ကလေးတွေဟာ လုပ်နိုင်ရင် ကောင်းကောင်းလုပ်ကြတယ်၊ မလုပ်နိုင်ဘူးဆိုရင် တစ်ခုခုက အတားအဆီးဖြစ်နေလို့” လို့ ဆိုပါတယ်။ ဇာတ်လမ်းထဲက ကလေးလေးလိုပေါ့။ သူလိုချင်တာ လေဆာပွိုင်တာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေကြားထဲက အသိအမှတ်ပြုမှု၊ အနိုင်ကျင့်ခံရမှုကနေ လွတ်မြောက်လိုမှုပါ။ ဒါပေမဲ့ ရှစ်နှစ်သားတစ်ယောက်ရဲ့ ဦးနှောက်ဟာ အဲဒီ ခံစားချက်တွေကို စကားလုံးနဲ့ ရှင်းပြနိုင်လောက်အောင် မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် အပြုအမူနဲ့ စကားပြောတာပါ။
ရိုက်နှက်ခြင်းက အပြုအမူကို ပြင်မပေးဘဲ ဖုံးကွယ်တတ်အောင်ပဲ သင်ပေးပါတယ်
အမေရိကန် ကလေးအထူးကုဆရာဝန်များအသင်း (AAP) ရဲ့ သုတေသနတွေအရ ရိုက်နှက်ဆုံးမခြင်းဟာ ရေရှည်မှာ အပြုအမူကို ပိုဆိုးစေပြီး၊ အရှက်ရစေတဲ့ ကြိမ်းမောင်းမှုတွေကလည်း အလားတူ ထိခိုက်စေပါတယ်။ “အမှန်အတိုင်းပြောရင် အနာသက်သာမယ်” ဆိုပြီး ပြောခိုင်းပြီးမှ ရိုက်လိုက်တဲ့အခါ — ကလေးက သင်ခန်းစာရသွားပါတယ်။ “အမှန်တရားက နာကျင်မှုနဲ့ လဲရတယ်” ဆိုတဲ့ သင်ခန်းစာပါ။ နောက်တစ်ခါ ပြဿနာကြုံရင် သူ ထုတ်မပြောတော့ပါဘူး။
“ကလေးဆိုး” ဆိုတဲ့ တံဆိပ်ကလည်း အန္တရာယ်ရှိပါတယ်
စိတ်ပညာမှာ Self-fulfilling prophecy လို့ခေါ်တဲ့ ဖြစ်စဉ်အရ ကလေးတွေဟာ ပတ်ဝန်းကျင်က သူတို့ကို ခေါ်တဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာပြီး အဲဒီအတိုင်း ပြုမူလာတတ်ပါတယ်။ “ဆိုးတယ်” လို့ နေ့တိုင်းကြားရတဲ့ကလေးဟာ တစ်နေ့မှာ ဆိုးတဲ့ကလေး တကယ် ဖြစ်လာတတ်ပါတယ်။
ဒါဆို ဘာလုပ်ပေးရမလဲ
အပြုအမူနောက်ကွယ်က လိုအပ်ချက်ကို အရင်ရှာပါ။ “ဘာလို့ လုပ်တာလဲ” လို့ ဒေါသနဲ့ မမေးဘဲ “ဘာဖြစ်နေလို့လဲ” လို့ မေတ္တာနဲ့ မေးပါ။ မေးခွန်းနှစ်ခုက စကားလုံး အနည်းငယ်ပဲကွာပေမယ့် ကလေးတစ်ယောက်အတွက်တော့ ကမ္ဘာတစ်ခုစာလောက်ကို ကွာပါတယ်။ ပထမမေးခွန်းက တရားခံရှာတာဖြစ်ပြီး ဒုတိယမေးခွန်းက နား ထောင်ပေးမယ်နော်လို့ တံခါးဖွင့်ပေးတာပါ။ ကလေးတစ်ယောက်ဟာ လုံခြုံတယ်လို့ ခံစားရမှ အမှန်တရားကို ပြောရဲပါတယ်။ ကြောက်ရွံ့မှုက စကားသံတွေကို တိတ်ဆိတ်စေပြီး မေတ္တာကတော့ ပြောင်းပြန်ရလဒ်ကို ပေးပါတယ်။
ပြီးတော့ ကလေးလုပ်တဲ့ အမှားနဲ့ ကလေးကို ခွဲကြည့်ပေးပါ။ “နင် လုပ်တာ မှားတယ်” နဲ့ “နင်တော်တော်ဆိုးနေပြီနော်” ဟာ မတူပါဘူး။ ပထမစကားက လုပ်ရပ်ကို ထောက်ပြတာဖြစ်ပြီး ဒုတိယစကားက ကလေးရဲ့ ဖြစ်တည်မှုကို ရိုက်ချိုးလိုက်တာပါ။ အမှားတစ်ခုအတွက် လမ်းပြလို့ရပေမယ့် တံဆိပ်တစ်ခု ကပ်ခံလိုက်ရရင်တော့ နှလုံးသားထဲ သံပေတံအရာလို ကျန်ခဲ့တတ်ပါတယ်။
ဇာတ်လမ်းထဲက ကလေးလေးလိုပါပဲ။ သူ့ကို လိုအပ်နေတာ သံပေတံ မဟုတ်ပါဘူး။ “ကျောင်းမှာ ဘာတွေဖြစ်နေလဲ သားရေ” လို့ မေးမယ့် အသံတစ်သံ၊ သူ့စကားဆုံးအောင် နားထောင်ပေးမယ့် နားနှစ်ဖက်ပါ။
ကလေးတွေ မွေးရာပါ မဆိုးကြပါဘူး။ သူတို့ရဲ့ အပြုအမူတွေဟာ သူတို့နေရတဲ့ ကမ္ဘာလေးရဲ့ ပုံရိပ်ပါ။ အဲ့ဒီကမ္ဘာလေးကို နွေးထွေးအောင် တည်ဆောက်ပေးဖို့ကတော့ ကျွန်တော်တို့ လူကြီးတွေရဲ့ တာဝန်ပါ။
ကိုးကား