ကျွန်တော်တို့တွေဟာ တစ်ခါတစ်လေမှာ အကြောင်းတစ်စုံတစ်ရာကြောင့် နားထဲမှာ အသံတစ်မျိုးမျိုးကို ကြားရလေ့ရှိပါတယ်။ ဒီလိုကြားရတဲ့ အသံကို အတိအကျ ပြောပြနိုင်ဖို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြသလို ဘယ်လိုကြားရတယ်ဆိုတာကအစ ဖော်ပြနိုင်ဖို့က ခက်ခဲပါတယ်။ တစ်ချို့ကတော့ ကြေးစည်ထုလို့မြည်တဲ့ အသံလိုမျိုးတဝီဝီမြည်တဲ့ အသံမျိုး ကြားရလေ့ရှိတယ်လို့ ပြောလေ့ရှိကြပြီး လူတစ်ချို့မှာတော့ တရှူးရှူးမြည်တဲ့သံ၊ လေတိုးသံ၊ ရေစက်ကျသလို တစ်တောက်တောက်မြည်တဲ့သံ ဒါမှမဟုတ် တဒိတ်ဒိတ်ခုန်သံလိုမျိုးကြားရလေ့ရှိပြီး အားလုံးမှာတူညီတဲ့ အချက်ကတော့ တခြားသူတွေ မကြားရဘဲ မိမိတစ်ဦးတည်းသာ ကြားနေရတဲ့ အသံတွေ ဖြစ်နေတာပါ။ ဒီလိုမျိုးအသံတွေကို နားထဲမှာကြားနေရပြီဆိုရင်တော့ ကျွန်တော်တို့အရပ် ထဲမှာတော့ အလွယ်စကားနဲ့ “နားအူတာ” အင်္ဂလိပ်လိုတော့ Tinnitusလို့ ခေါ်ကြပါတယ်။
လူအများစုအတွက် ဒီလိုနားအူလက္ခဏာက အရေးမကြီးတဲ့ ခဏလောက်သာဖြစ်တဲ့ အနှောင့်အယှက်လေးတစ်ခုအဖြစ်အနေနဲ့ပဲ ခံစားရတာရှိသလို၊ တစ်ချို့အတွက်ကတော့ နေ့စဉ်လူမှုဘဝကိုပါ နှောင့်ယှက်နိုင်တဲ့အထိ ဖြစ်စေနိုင်တဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။
နားတွင်းအသံမြည်တာ နားအူတာဟာ အများအားဖြင့်တော့ အန္တရာယ်ရှိသော ရောဂါများကြောင့် မဟုတ်ပါဘူး။ အင်္ဂလန်နိုင်ငံ ရဲ့ ဆေးပညာရှင်များ အဖွဲ့တစ်ခုဖြစ်တဲ့ NICE အဖွဲ့ ကြီးရဲ့ ထုတ်ပြန်ချက်အရ နားတွင်းအသံမြည်ခြင်းဟာ အဖြစ်များတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး၊ သူ့အလိုလို ပျောက်ကွယ်သွားနိုင်ပါတယ်။ အဓိကအားဖြင့်တော့ အကြားအာရုံကြော အားနည်းခြင်းကြောင့် ဖြစ်လေ့ဖြစ်ထရှိတာဖြစ်ပြီး ကြီးကြီးမားဖြစ်တတ်တဲ့ ကိုယ်တွင်းရောဂါများနှင့် ဆက်စပ်မှု နည်းပါးကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကျန်းမာရေးရှုထောင့်အရ ပြောရရင်တော့ နားထဲအသံမြည်ခြင်း(Tinnitus)ဟာ ပုံမှန်ထက် ပိုမိုဆွေးနွေးတိုင်ပင်သင့်တဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ လေ့လာဆန်းစစ်ချက်များအရ အသက်၁၈နှစ်နဲ့အထက် အရွယ်ရောက်ပြီး လူကြီးပိုင်းရဲ့ ၁၄.၄% ခန့်ဟာ နားအတွင်းအသံမြည်ခြင်းကို ခံစားနေရကြောင်း တွေ့ရှိရပါတယ်။ နားထဲအသံမြည်ခြင်းဟာ လူအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး လူတစ်ချို့မှာတော့ ကာလရှည်ကြာ ခံစားရလေ့ရှိတာ ကိုလည်းတွေ့ရှိရပါတယ်။ နားအတွင်းအသံမြည်ခြင်း (Tinnitus)ဟာ အကြားအာရုံတစ်ခုတည်းကို ထိခိုက်တာ မဟုတ်ဘဲ ကောင်းမွန်စွာအိပ်စက်နိုင်ခြင်း၊ အာရုံစူးစိုက်ခြင်း၊ စိတ်ခံစားချက်နှင့် နေ့စဉ် လုပ်ငန်းဆောင်တာများကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေကို ဂရုမပြုမိရင် ဆေးကုသမှုခံယူဖို့ နောက်ကျတတ်ပြီး၊ သတင်းအမှားတွေကို ယုံကြည်ပြီး ဆေးမြီးတို ကုသမှုတွေ လုပ်ပြန်ရင်လည်း အချိန်ကုန် ငွေကုန် လူပမ်းဖြစ်နိုင်ပါသေးတယ်။
လေ့လာတွေ့ရှိချက်များအရ အသက်အရွယ်ကြောင့် အကြားအာရုံ လျော့နည်းလာခြင်းနှင့် ကျယ်လောင်တဲ့အသံတွေကြောင့် နားထိခိုက်ခြင်းတို့တွေဟာ နားအူခြင်းနဲ့ များစွာ ဆက်စပ်မှုရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ထုတ်ပြန်ချက်အရ အသက် ၁၂ နှစ်မှ ၃၅ နှစ်ကြား လူငယ်ပေါင်း ၁ ဘီလီယံကျော်ဟာ ဆူညံကျယ်လောင်တဲ့ အသံတွေနဲ့ ထိတွေ့တာကြောင့် ကနဦးမှာ နားတွင်းအသံမြည်ခြင်းကို ဖြစ်ပေါ်စေပြီး အချိန်ကြာလာတာနဲ့အမျှ နားအကြားအာရုံ ဆုံးရှုံးနိုင် ခြေ ရှိနေပြီဖြစ်ကြောင်းကိုလည်း သတိပေးထားပါတယ်။ ယနေ့ခေတ်မှာတော့ နားကြပ်တွေ၊ ဖျော်ဖြေပွဲတွေ၊ ဂိမ်းကစားခြင်း၊ ယာဉ်ကြောပိတ်ဆို့သံနှင့် မြို့ပြဆူညံသံတွေကြောင့် ဒီလက္ခဏာဟာ အဖြစ်များ အတွေ့များတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။
နားအူတာဟာ ဆူညံသံကြောင့်နားထိခိုက်ခြင်း၊ အသက်အရွယ်ကြောင့် အကြားအာရုံ လျော့နည်းလာခြင်းတို့အပြင် အခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဥပမာအားဖြင့် နားချေးပိတ်နေခြင်း၊ နားရောဂါပိုးဝင်ခြင်း၊ ခေါင်း သို့မဟုတ် လည်ပင်းထိခိုက်ဒဏ်ရာရခြင်း၊ မေးရိုးအဆစ်ပြဿနာရှိခြင်း၊ Ménière’s disease လို နားအတွင်းပိုင်းရောဂါတွေ၊ သွေးပေါင်တက်ခြင်း၊ သွေးကြောဆိုင်ရာပြဿနာများ၊ ဆီးချို၊ သိုင်းရွိုက်ရောဂါ၊ သွေးအားနည်းခြင်း၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း (Migraine)နဲ့ အချို့သော အာရုံကြောဆိုင်ရာအခြေအနေများ စတဲ့ ကိုယ်တွင်းရောဂါအချို့တို့နဲ့လည်း ဆက်စပ်နိုင်ပါတယ်။ ဒါ့အပြင် အက်စပရင် (aspirin) လို နာကျင်ပျောက်ဆေးအချို့၊ ပဋိဇီဝဆေးအချို့၊ ကင်ဆာကုထုံးဆေးဝါး (chemotherapy) ဆေးအချို့ကလည်း နားအူမှုကို ဖြစ်စေတာ သို့မဟုတ် ပိုဆိုးစေတာ ဖြစ်နိုင်ပါတယ်။ အချို့လူနာတွေမှာတော့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ အိပ်ရေးပျက်ခြင်းတို့ကြောင့် နားအူသံကို ပိုမိုသတိထားမိလာပြီး ပိုပြင်းထန်သလို ခံစားရတတ်ပါတယ်။
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိထိရောက်ကောင်းမွန်တယ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဒီဆိုရိုးစကားအတိုင်း နားအကြားအာရုံထိခိုက်နိုင်မှု ဖြစ်စေတဲ့အကြောင်းတရားတွေကို လျော့ချနိုင်ဖို့ လက်တွေ့လုပ်ဆောင်သင့်တာတွေ လုပ်ဆောင်ကြဖို့ လည်းလိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO က နားအကြားအာရုံ မထိခိုက်နိုင် စေရေးအတွက် ဘေးကင်းစွာ နားထောင်မှု အလေ့အကျင့်များကို အကြံပြုထားတာလည်း ရှိပါတယ်။ အကြုံပြုချက်တွေကတော့ နားအကြားအာရုံကို အဓိက ထိခိုက်စေတဲ့ ဆူညံသံတွေကို လျော့ချဖို့အတွက် အသံချဲ့စက်တွေကို ဖွင့်တဲ့အခါမှာ အသံပမာဏရဲ့ ၆၀% ထက် ပိုမမြှင့်ကြဖို့၊ နားနဲ့ ကွက်တိဖြစ်တဲ့ သို့မဟုတ် ဆူညံသံကို ဖယ်ရှားပေးနိုင်တဲ့ (noise-cancelling) နားကြပ်များကို အသုံးပြုဖို့၊ ဆူညံတဲ့နေရာတွေမှာ နားအကာအကွယ်တွေကို ဝတ်ဆင်ကြဖို့ ၊ အသံကျယ်လောင်တဲ့ နေရာတွေနဲ့ ဝေးဝေးနေဖို့၊ ဆူညံတဲ့ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ အချိန်ကို ကန့်သတ်ဖို့နဲ့ ဖြစ်နိုင်ပါက အသံပမာဏကို တိုင်းတာကြည့်ဖို့တို့ ဖြစ်ပါတယ်။ တစ်ပတ်မှာ နာရီ ၄၀ အထိ အသံပမာဏ 80 Decibel (dB) ရှိအသံကို ဘေးကင်းစွာ နားထောင်နိုင်ပေမယ့် သူ့ထက်ကျော်ရင်တော့ 90 Decibel (dB) ပမာဏ ရှိမယ်ဆိုရင် တစ်ပတ်ကို ၄ နာရီလောက်ပဲ ဘေးကင်းစွာနားထောင်နိုင်မှာ ဖြစ်ပါတယ်။
နားအူတာဟာ အများအားဖြင့် စိုးရိမ်စရာ မလိုပေမယ့် နားထဲအသံမြည်တာကြာလာတဲ့အခါ ဒီအရာကိုပဲခေါင်းထဲကနေ မထုတ်နိုင်ဘဲ စိတ်ဒုက္ခရောက်နေရတာမျိုး၊ ရုတ်တရက် နားမကြားတော့တာမျိုး၊ တခြား အာရုံကြော ရောဂါ လက္ခဏာအသစ်တွေဖြစ်တဲ့ ချာချာလည်အောင်ခေါင်းမူးတာ (vertigo)၊ နားတစ်ဖက်တည်း အကြားအာရုံ လျော့နည်းလာတာ ဒါမှမဟုတ် နားတစ်ဖက်တည်းမှာသာ အသံမြည်နေတာမျိုး၊ နဲ့ နှလုံးခုန်သံလို တဒိတ်ဒိတ် မြည်နေတာ(pulsatile tinnitus)မျိုး ဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ အရေးတကြီးဆွေးနွေးတိုင်ပင်ပြသဖို့ လိုအပ်လာပါပြီ။
ကုသမှုပိုင်းဆိုင်ရာမှာတော့ နားထဲအသံကြားရတာနဲ့ ပတ်သက်လို့ စစ်ဆေးကြည့်တဲ့အခါမှာ နားအကြားအာရုံထိခိုက်လာတာမျိုး ရှိခဲ့ရင် နားကြားကိရိယာတပ်ဆင်ပေးတာမျိုးနဲ့ အကြားအာရုံဆိုင်ရာ ကုထုံးတွေ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိလာရင်တော့ နှစ်သိမ့်ဆွေးနွေးပညာ ပေးတာမျိုးနဲ့ စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုဖြစ်တဲ့ Cognitive Behavioural Therapy (CBT)ကို လက်တွေ့အသုံးချခြင်းအားဖြင့် စိတ်ပူပင်သောကကိုပါ လျော့ချနိုင်ပြီး စိတ်သက်သာရာရအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် သဘာဝ တရားနဲ့ အနီးစပ်ဆုံးတူညီတဲ့ ကျေးငှက်မြည်သံ၊ တောင်ကျစမ်းရေကျသံ၊ ရေတံခွန်သံအပြင် သာယာနာ ပျော်ဖွယ်ကောင်းတဲ့ သီချင်းအေးအေးလေး တွေကိုလည်း အသံကုထုံး(therapeutic sounds)အနေနဲ့ ဆူညံသံတွေကို လျော့ချပြီး နားထဲအသံမြည်တာ နားအူတာ လျော့ပါးအောင် အသုံးချလို့ရပါတယ်။
နားအူတာ ၊ နားထဲအသံမြည်တာဟာ ကျွန်တော်တို့ အားလုံးဘဝမှာ ကြုံဖူးနေကျ၊ ဖြစ်နေကျ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒီလိုကြုံတွေ့ရတာဟာ အရမ်းကြီးစိုးရိမ်စရာတော့ မဟုတ်ပေမယ့် ပေါ့ဆလို့လည်း မဖြစ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဘယ်လိုအခြေအနေတွေ ကြုံလာရင်တော့ ကုသမှုခံယူရမှာဖြစ်တယ်၊ အရေးကြီးတယ်ဆိုတာကို ဒီဆောင်းပါးလေးဖတ်ရှုပြီး ဆင်ခြင်နိုင်ကြပါစေလို့ ဆုတောင်းရင်း ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။
References
National Institute for Health and Care Excellence. Tinnitus: assessment and management (NG155). 2020. Accessed April 4, 2026.
NHS. Tinnitus. Accessed April 4, 2026.
Sherlock LP, Ballard-Hernandez J, Boudin-George A, et al. Clinical practice guideline for management of tinnitus: recommendations from the US VA/DoD Clinical Practice Guideline Work Group. JAMA Otolaryngology–Head & Neck Surgery. 2025;151(5):513-520. doi:10.1001/jamaoto.2025.0052.
US Department of Veterans Affairs and Department of Defense. VA/DoD Clinical Practice Guideline for Tinnitus. 2024.
World Health Organization. Deafness and hearing loss: Safe listening. Accessed April 4, 2026.