Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (၂၊မေလ၊၂၀၂၆- ၈၊မေလ၊၂၀၂၆)

• ကျောက်ကပ် သွေးသန့်စင်တာတွေကို အခမဲ့ ပြုလုပ်ပေးဖို့အတွက် စက်အလုံးရေ (၁၆) လုံး ထပ်မံရောက်ရှိနေပြီဖြစ်လို့ တပ်ဆင်ပြီးရင် စက်အလုံးရေ (၂၀) နဲ့ တစ်ပတ်ကို လူနာ (၁၂၀) အထိ ကုသမှုပေးသွားမယ်လို့ KBZ Center Mandalay ကနေ သိရပါတယ်။

• ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်က ကရုဏာပါလ ကျောက်ကပ်သွေးသန့်စင် ကုသစင်တာကို ကျောက်ကပ်ဆေးစက် ငါးလုံးနဲ့ စတင်လည်ပတ်နေပြီး တစ်ရက်ကို ၃၀ ဦးအထိ ဆေးပေးမှာဖြစ်ကာ လုံးဝမတတ်နိုင်သူများအတွက် အခမဲ့ဖြစ်ပြီး ငွေကြေးတတ်နိုင်သူတွေကိုတော့ ပြန်လည်ထည့်ဝင်လှူဒါန်းမှုအဖြစ် ကျပ် ၈၀,၀၀၀ ကျပ်နှုန်းနဲ့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

• အသည်းရောင်ရောဂါ ကာကွယ်၊ ကုသမှုလုပ်ငန်း အောင်မြင်တိုးတက်မှုအဖြစ် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ့ဆေးရုံ ၃၆ ရုံမှာ အသည်းရောင်ရောဂါ​ (စီ) ပိုး အခမဲ့ ကုသမှုကို တိုးချဲ့နိုင်ခဲ့ပြီး ပြည်သူလူထုနဲ့ ပိုမိုနီးကပ်တဲ့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။ ဝန်ကြီးဌာနအနေနဲ့ လူတိုင်းလက်လှမ်းမီ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့ အလေးထားဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။​

• ပါကစ္စတန်နှင့် မြန်မာအကြား ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဆေးပညာရှင်တွေ အပြန်အလှန်စေလွှတ်ပြီး အတွေ့အကြုံဖလှယ်ရေးနဲ့ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ဆေးတက္ကသိုလ်တွေအကြား ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွေအပြင် ပါကစ္စတန်က ဆေးဝါးနဲ့ ခွဲစိတ်ခန်းသုံးပစ္စည်း တင်သွင်းနေမှု၊ မြန်မာနိုင်ငံမှာ ဆေးဝါးစက်ရုံ တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံနိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

• ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝက်သက်ရောဂါလက္ခဏာတွေနဲ့ မေလ ၃ ရက်က ကလေးငယ် ၁၀ ဦး ထပ်မံသေဆုံးခဲ့ပြီး မတ် ၁၅ ရက်နေ မေ ၃ ရက်အထိ တစ်လကျော်အတွင်း သေဆုံးသူ စုစုပေါင်း ၂၉၄ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။​

• အာဂျင်တီးနားက ထွက်လာတဲ့ MV Hondius ကမ္ဘာလှည့်ခရီးသည်တင်သင်္ဘောပေါ်မှာ သေစေနိုင်တဲ့ ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှု ဖြစ်ပွားပြီးနောက် အဲဒီသင်္ဘောဟာ စပိန်ပိုင် ကနေရီကျွန်းစုဘက်ကို ဦးတည်ခုတ်မောင်းနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

• ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွေ နိုင်ငံထဲမှာ များလာပြီး ဒါဟာ ခရီးသည်တင်သင်္ဘောပေါ်က သေဆုံးမှုတွေနဲ့ ဆက်စပ်နေမလားဆိုတာကို အာဂျင်တီးနား အာဏာပိုင်တွေက အပူတပြင်း စုံစမ်းနေပါတယ်။ အတ္တလန္တိတ်သမ္ုဒ္ဒရာထဲက ခရီးသည်တင်သင်္ဘောမှာ လူသေဆုံးမှုအထိ ဖြစ်နေတဲ့ ဗိုင်းရပ်စ် ကူးစက်မှုရဲ့ အဓိကရင်းမြစ်က သူတို့ နိုင်ငံ ဖြစ်နေမလားဆိုတဲ့ သံသယနဲ့ နိုင်ငံရဲ့ တာဝန်ရှိသူတွေနဲ့ ပညာရှင်တွေက စုံစမ်းနေကြတာ ဖြစ်ပါတယ်။​

• ဟန်တာဗိုင်းရပ်စ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကူးစက်နိုင်ခြေနိမ့်တဲ့အဆင့်ပဲ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားပြီး ထိုင်းနိုင်ငံမှာတော့ ပြည်တွင်းကူးစက်မှုတွေ မရှိသေးပေမယ့် စောင့်ကြည့်ထိန်းချုပ်မှုတွေကိုတော့ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

• အလွန်အကျွံ ပြုပြင်ထားတဲ့ အစားအသောက်တွေကို စားသုံးတာဟာ ပျမ်းမျှ ကိုယ်အလေးချိန် တက်လာတာနဲ့ ဆက်နွှယ်နေတယ်လို့ BBC သတင်းက ထုတ်ဖော်ရေးသားထားပါတယ်။ နိုင်ငံအတော်များများက လူတွေရဲ့ ပျမ်းမျှကိုယ်အလေးချိန်တွေဟာ တဖြည်းဖြည်း မြင့်တက်လာနေတယ်လို့ သတိပေးထားပြီး အစားအစာ ထုပ်ပိုးရာမှာ သုံးတဲ့ စာသားတွေ၊ ဒီဇိုင်းတွေဟာ လူတွေအပေါ် သက်ရောက်မှု ရှိနေပြီး မစားဘဲ မနေနိုင်မအောင် ဆွဲဆောင်နေတယ်လို့လည်း သတင်းထဲမှာ ရေးသားထားပါတယ်။

• မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါတွေ (NCDs) ကြောင့် ထိုင်းနိုင်ငံမှာ သေဆုံးမှုနှုန်းမြင့်တက်နေပြီး စုစုပေါင်း သေဆုံးမှုရဲ့ ၇၀ ရာခိုင်နှုန်းအထိ ရှိသလို စီးပွားရေးအရလည်း ထိုင်းဘတ်ငွေ ၁ ဒသမ ၆ ထရီလီယံအထိ ဆုံးရှုံးနေတယ်လို့ The National သတင်းက ဖော်ပြထားပါတယ်။​ ဒါကြောင့် ထိုင်းအာဏာပိုင်တွေကလည်း “Active Citizens” လို့ ခေါ်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်တဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်လာအောင် မြှင့်တင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။​

• ဆွီဒင်သိပ္ပံပညာရှင်တွေဟာ ဆီးချိုရောဂါ (Type 1) အတွက် လူ့ stem cell တွေကနေ အင်ဆူလင်ထုတ်ပေးနိုင်တဲ့ cell တွေကို ပိုမိုတိကျယုံကြည်စိတ်ချရတဲ့ နည်းလမ်းနဲ့ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်တယ်လို့ Science Daily သတင်းက ဖော်ပြပါတယ်။ ဓာတ်ခွဲခန်းထဲ ဖန်တီးထားတဲ့ ဒီဆဲလ်တွေဟာ သကြားဓာတ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ရုံသာမက ဆီးချိုရှိတဲ့ ကြွက်တွေထဲ အစားထိုး ထည့်သွင်းစမ်းသပ်ရာမှာလည် သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတိုင်း ပြန်ထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။​

• အဝလွန်ခြင်းဟာ အမျိုးသားနဲ့ အမျိုးသမီးတွေကို မထင်ထားလောက်အောင် ကွဲပြားတဲ့ပုံစံနဲ့ သက်ရောက်မှုရှိနေတယ်လို့ သုတေသန လေ့လာဆန်းစစ်မှုတစ်ခုကို ကိုးကားပြီး Science Daily သတင်းက ဖော်ပြထားပါတယ်။​ အဝလွန်ခြင်းကြောင့် အမျိုးသားတွေမှာတော့ ဝမ်းဗိုက်ပိုင်းမှာ အန္တရာယ်ရှိအဆီတွေ ပိုများလာနိုင်ခြေရှိကာ အသည်းအပေါ် ဖိအားများစေတဲ့လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေမှာတော့ ရောင်ရမ်းတာနဲ့ ကိုလက်စထရောပမာဏ ပိုမြင့်နေတတ်တယ်လို့ ဆိုထားပြီး ဒီကွာခြားချက်အရ အမျိုးသားနဲ့ အမျိုးသမီးအကြား ကျန်းမာရေးအန္တရာယ် ဘာကြောင့် မတူညီသလဲဆိုတာကို ရှင်းပြနိုင်ဖို့ အထောက်အကူဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒါ့အပြင် အဝလွန်တာကို ကုသရာမှာလည်း လူတစ်ဦးချင်းအလိုက် ပိုပြီးကိုက်ညီတဲ့ ကုသနည်းတွေကို ဖန်တီးနိုင်ဖို့ အခွင့်အလမ်းတွေ ရှိလာနိုင်တယ်လို့လည်း ဆိုထားပါတယ်။​

#ကျောက်ကပ်

#အသည်း

#ဟန်တာဗိုင်းရပ်စ်

#ဆီးချိုရောဂါ

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement