“စိတ်ထောင်း ကိုယ် ကြေ” ဆိုတဲ့ စကားဟာ မြန်မာ့လူ့ဘောင်မှာ သုံးလေ့သုံးထရှိတဲ့ ဆိုရိုးစကားတစ်ခုပါ။ ဒီဆိုရိုးဟာ စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ် ဆက်စပ်မှုကို ပုံဖော်ထားတာပါ။ နိစ္စဓူဝ ကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် စိတ်ဖိစီးမှုများလာရင် ခန္ဓာကိုယ်ရဲ့ ဟော်မုန်း၊ အာရုံကြောနဲ့ ခုခံအားစနစ်တွေကို ထိခိုက်စေတာကို စိတ်ထောင်းလို့ ကိုယ်ကြေဆိုပြီး သုံးနှုန်းပြောဆိုကြတာပါ။ ခန္ဓာကိုယ်ရဲ့ ဒီစနစ်တွေ ထိခိုက်လာပြီဆိုရင် လူဟာ အစာစားချင်စိတ် လျော့သွားတာ၊ အိပ်မပျော်တာ၊ ကိုယ်ခံအားကျတာတွေ ဖြစ်ပြီး ကိုယ်ခန္ဓာ ပိန်ချုံးပြီး ကျန်းမာရေးထိခိုက်လာတာမို့ “စိတ်မထောင်းမိစေနဲ့” လို့တောင် ပြောဆိုလေ့ ရှိကြတာပါ။ တစ်နည်းပြောရရင် လူကျန်းမာဖို့ စိတ်ကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ဖိစီးမှုကို စနစ်တကျ စီမံခန့်ခွဲသင့်တယ်လို့ သွန်သင်ပြောဆိုကြတာ ဖြစ်ပါတယ်။
World Happiness က ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၇ ရဲ့ ပျော်ရွှင်မှုအဆင့် အစီရင်ခံ စာကို ထုတ်ပြန်ထားပါတယ်။ ဒီလို အဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်ဖို့အတွက် Gallup, Oxford Wellbeing Research Centre နဲ့ UN Sustainable Development Solutions Network တို့ ပူးပေါင်းပြီး နိုင်ငံပေါင်း ၁၄၀ ကျော်မှာ ပြုလုပ်ထားတဲ့ သုတေသနအချက်အလက်တွေကို အခြေခံပြီး ထုတ်ပြန်တာပါ။ ဒီထဲမှာ ကျွန်တော်တို့ နေထိုင်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့် ၁၂၉ မှာရှိပြီး အရှေ့တောင်အာရှမှာဆိုရင် ပျော်ရွှင်မှုအဆင့် အနိမ့်ဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြခံရပါတယ်။ ဒီအဆင့် သတ်မှတ်ချက်တွေကို World Happiness က နှစ်စဉ် ထုတ်ပြန်ပေးလေ့လည်း ရှိပြီး ဒီအစီရင်ခံစာဟာ ဆိုရှယ်မီဒီယာအသုံးပြုမှု ဆိုင်ရာလူတွေဘဝကိုယ်တိုင် ဘယ်လောက်ကောင်းတယ်လို့ ခံစားသလဲဆိုတဲ့ Cantril Ladder life-evaluation question အချက်အလက်တွေကို အဓိကအခြေခံပြီး ဆန်းစစ်ထားတာလည်း ဖြစ်ပါတယ်။
ဒီနှစ် အစီရင်ခံစာရဲ့ အဓိကခေါင်းစဉ်တစ်ခုကတော့ ဆိုရှယ်မီဒီယာအသုံးပြုခြင်းနဲ့ ပျော်ရွှင်ခြင်းရဲ့ ဆက်စပ်မှုပါ။ ဒီအစီရင်ခံစာဖြစ်လာရေးအတွက် နိုင်ငံပေါင်း ၄၇ နိုင်ငံမှာ လုပ်ခဲ့တဲ့ Programme for International Student Assessment – PISA အချက်အလက်တွေအရ ဆိုရှယ်မီဒီယာအသုံးပြုမှုနည်းလာတဲ့အခါ ဘဝကျေနပ်မှု အမြင့်ဆုံးဖြစ်တာကို တွေ့ရပြီး အသုံးပြုမှုများလာရင်တော့ ကျဆင်းသွား တတ်ကို တွေ့ပါတယ်။ ဒါပေမဲ့ သုံးစွဲတဲ့ပုံစံကို အခြေခံပြီး အုပ်စုခွဲလေ့လာမှုအရ ဆက်သွယ်ရေး၊ သတင်း၊ သင်ယူမှုနဲ့ အကြောင်းအရာဖန်တီးမှုတွေအတွက် သုံးသူတွေအုပ်စုမှာ ဘဝအပေါ် ကျေနပ်မှု ပိုမိုမြင့်မားနေပြီး ဆိုရှယ်မီဒီယာ၊ ဂိမ်းကစားတာနဲ့ ပျော်စရာ ရလိုရငြား ရှာဖွေကြည့်ရှုသူတွေမှာတော့ ကျေနပ်မှုအဆင့်က လျော့ကျသွားတယ်လို့ World Happiness 2026 စစ်တမ်းက ဖော်ပြထားပါတယ်။ နောက်ပြီး အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကို အလွန်အမင်း သုံးတာဟာ ဘဝကျေနပ်မှုလျော့ကျခြင်းနဲ့ ဆက်စပ်နေပြီး အထူးသဖြင့် အမျိုးသမီးငယ်တွေ၊ ယူကေနဲ့ အိုင်ယာလန်လို နိုင်ငံတွေမှာ ဒီလို ဖြစ်စဉ်တွေက ပိုသိသာနေပါတယ်။ ဒီ စစ်တမ်းမှာ ဆိုရှယ်မီဒီယာသုံးတာဟာ ကလေးငယ်တွေနဲ့ ဆက်ကျော်သက်တွေအတွက် လုံခြုံမှု ရှိရဲ့လားဆိုတာကို ဆန်းစစ်ထားပြန်ပါသေးတယ်။ Sextortion နဲ့ Cyberbullying လို ကိစ္စတွေဟာ ပြင်းထန်ပြီး ကျယ်ပြန့်တဲ့ တိုက်ရိုက်ထိခိုက်မှုတွေ ရှိတယ်လို့ စစ်တမ်းပုံစံခုနစ်ခု အထောက်အထားတွေအရ တွေ့ရှိခဲ့ပါတယ်။ ဒီ့နောက်ဆက်တွဲ စိတ်ဓာတ်ကျခြင်းလို၊ စိုးရိမ်ပူပန်ရခြင်းလို စိုးရိမ်ဖွယ်ရာ သွယ်ဝိုက်ထိခိုက်မှုတွေက အားကောင်းလာတဲ့ အခြေအနေကို ဆိုက်ရောက်နေတယ်လို့လည်း World Happiness Report မှာ အခန်းခွဲတစ်ခုအနေနဲ့ကို သတိပေး ဖော်ပြထားပါတယ်။
Chronic Unhappiness/Dissatisfaction ဆိုတာ ပျော်ရွှင်မှုတွေ နည်းလာတာ ဒါမှမဟုတ် စိတ်ကျေနပ်မှု မရှိနေခြင်းကို ပြောတာပါ။ ဒီလိုမျိုး ကြုံလာပြီဆိုရင် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ် ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ဆိုးဝါးတဲ သက်ရောက်မှုတွေ ရှိလာစေပါတယ်။ ဒီ့ထက်ဆိုးတာကတော့ ဒီဖြစ်စဉ်ဟာ အမြဲတစေလို ဖြစ်လာရင် စိတ်ဖိစီးမှု မြင့်သထက် မြင့်လာမှာမို့ ဒီကတဆင့် ဖြစ်တဲ့ နာတာရှည်စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတာပါ။ အဲဒီတော့ ပျော်ရွှင်မှုနည်းလာရင် ဖြစ်တတ်တဲ့ ဆိုးဝါးတဲ့ ကျန်းမာရေးလက္ခဏာတွေကို ကြည့်ကြည့်ရအောင်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများလို့ ဆိုရင် Depression ဆိုတဲ့ စိတ်ကျရောဂါဖြစ်မှုက အရေးကြီးပါတယ်။ ဒါဟာ ပျော်ရွှင်မှု ကင်းမဲ့ရခြင်းရဲ့ အဓိက အကျဆုံးနဲ့ အဆိုးဆုံးလက္ခဏာပါ။ စိတ်ကျရော ဂါဝင်ပြီဆိုရင် မျှော်လင့်ချက် ကင်းမဲ့တာ၊ စိတ်ဝင်စားမှု လျော့ကျတာ၊ တစ်ခုခု လုပ်ဖို့ စွမ်းအားမရှိတော့တာ၊ အိပ်မပျော်တာနဲ့ အလွန်အကျွံ အိပ်တာ၊ အလွန်အကျွံ စားတာ ဒါမှမဟုတ် လုံးဝ အစားစားချင်စိတ် မရှိတာ၊ တစ်ခုခုဆို ကိုယ်ဘာသာကိုယ် အပြစ်တင်ပြီး အလွန်အကျွံဖြစ်လာရင် သေကြောင်းကြံစည်လိုစိတ်တွေ ဖြစ် ပေါ်တာတို့ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ Anxiety Disorders လို့ ဆေးပညာအရ ခေါ်တဲ့ စိုးရိမ်ပူပန်စိတ် များတာ။ စိတ်ဖိစီးမှုတွေ များလာရင် လူက အမြဲတစေ စိုးရိမ်ပူပန်နေတတ်တာ၊ ရင်တုန်တာ၊ အသက်ရှူမဝတာ၊ ချွေးထွက်များလာတာ၊ စိုးရိမ်စိတ် လွန်ကဲပြီး မစဉ်းစားဘဲ တုံ့ပြန်တတ်တဲ့ Panic Attacks လိုဟာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါနဲ့ မတူတာကတော့ Chronic Stress ဆိုတဲ့ နာတာရှည်စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုတွေက အဆက်မပြတ် ဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်တွင်း Cortisol ဟော်မုန်းထုတ်လွှင့်မှုပမာဏကို မြင့်တက်စေပြီး ဒါဟာ စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်ခဲစေပါတယ်။
ဒီလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုပါ ခေါ်ဆောင် လာနိုင်ပါတယ်။ ပျော်ရွှင်မှု နည်းပါးတဲ့သူတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံ (ဥပမာ – ဆေးလိပ် သောက်တာ၊ အရက်ကို အလွန်အကျွံသောက်တာ၊ အတိုင်းအဆမဲ့ စားသောက်တာ) တွေကို ပိုမို ပြုလုပ်တတ်ကြပါတယ်။ ဒီနေထိုင်မှုပုံစံဟာ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေကို သယ်ဆောင်လာလေ့ ရှိပါတယ်။ နာတာရှည် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှုဟာ သွေးတိုးတာ၊ နှလုံးခုန်နှုန်း မမှန်တာ၊ နှလုံးရောဂါနဲ့ လေဖြတ်တာတွေနဲ့ ဆက်စပ်နေပါတယ်။ နောက်တစ်ခုက Chronic Pain ဆိုတဲ့ နာတာရှည် နာကျင်မှုလက္ခဏာတွေ ပြတာပါ။ ပျော်ရွှင်မှု နည်းလာရင် ခန္ဓာကိုယ်မှာ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ ခါးနာတာ စတဲ့ နာတာရှည်နာကျင်မှုတွေကို ဖြစ်စေနိုင်သလို ဖြစ်ပြီးသားလူတွေမှာဆိုရင် ပိုပြီး ဆိုးရွာလာစေတတ်ပါတယ်။ နောက်တစ်ခုကတော့ ခန္ဓကိုယ်တစ်ခုလုံးအတွက် အရေးပါတဲ့ အစာ ခြေစနစ်ကို ထိခိုက်စေတာပါ။ အူယောင်တာ၊ အစာအိမ်နာတာနဲ့ အခြား အစာခြေဖျက်မှုဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုကတော့ စိတ်ဖိစီးလာရင် ဖြစ်တတ်တဲ့ အရေပြား ပြဿနာတွေပါ။ စိတ်ဖိစီးမှုတွေကြောင့် ဝက်ခြံတွေ ထွက်တာ၊ နှင်းခူပေါက်တာနဲ့ တခြားအရေပြားရောဂါတွေကို ပိုပြီး ဆိုးရွားစေပါတယ်။
ပျော်ရွှင်မှုမရှိဘဲ စိတ်ဖိစီးမှုတွေနဲ့ တူယှဉ်တွဲ နေထိုင်မိပြီဆိုရင် သိသာတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿ နာတစ်ခုကတော့ အိပ်စက်မှုပုံစံ ပြောင်းလဲတာ – Sleep Disturbances ပါ။ အိပ်မပျော်တာ၊ အိပ်ရေးမဝတာ၊ ညဘက်မှာ မကြာခဏ နိုးတာ၊ ဒါမှမဟုတ် အလွန်အကျွံ အိပ်စက်တာတွေ ဖြစ် လာတတ်ပါတယ်။ ဒါ့အပြင် အဝလွန်တာ ဒါမှမဟုတ် ကိုယ်အလေးချိန် သိသိသာသာ ထိုးကျတာတာတွေကိုပါ ဆက်ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းဟာ အစာစားချင်စိတ်ကို ပြောင်းလဲစေပြီး တချို့သူတွေဟာ အလွန်အကျွံ စားချင်စိတ် ဖြစ်ပြီး အဝလွန်တာ၊ တချို့ဆိုရင် ပြောင်းပြန်ပုံစံဖြစ်တဲ့ အစားမစားနိုင်လို့ ကိုယ်အလေးချိန် ကျလာတာတွေ ဖြစ်တတ်ပါတယ်။ ဒီ့ထက် အရေးကြီးတာကတော့ ကိုယ်ခံအားစနစ် အားနည်းသွားခြင်းပါ။ ကိုယ်တွင်းနဲ့ ပြင်ပ ရောဂါပိုးနဲ့ ဘက်တီးရီးယားပိုးရန်ကို ကာကွယ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်ပြီဆိုရင် ရောဂါပိုးတွေဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်လွယ်သွားတာ၊ အအေးမိဖျားနာတာနဲ့ တခြားသော ရောဂါအမျိုးအစားတွေကို မကြာခဏ ဖြစ်လာစေတတ်ပါတယ်။ နောက်တစ်ခုကတော့ Hormonal Imbalance လို့ ဆေးပညာအရ သုံးနှုန်းတဲ့ ဟော်မုန်းမညီမျှခြင်းပါ။ စိတ်ဖိစီးမှုတွေ များမယ်၊ စိတ်ဓာတ်ကျတာတွေကို မထိန်းနိုင်တော့ဘူးဆိုရင် ကိုယ်တွင်း ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်လာစေပြီး အမျိုးသမီးတွေဆိုရင် လစဉ် ဓမ္မတာမမှန်တာ၊ အမျိုးသားတွေမှာဆိုရင် လိင်စိတ်ဆန္ဒ လျော့ကျတာ စတဲ့လက္ခဏာတွေကို ပြတတ်ပါတယ်။
ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေပြီ၊ စိတ်ကျရောဂါ လက္ခဏာတွေ ရှိလာပြီဆိုရင် နောက်ထပ် ဆိုးကျိုး သက်ရောက်မှုတစ်ခုကတော့ Social Problems လို့ ခေါ်တဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ပြဿနာတွေပါ ဖြစ်လာတာပါ။ ပျော်ရွှင်မှုနည်းသူတွေဟာ ကိုယ့်ဘေးပတ်ဝန်းကျင် လူမှုဆက်ဆံရေးကိစ္စရပ်တွေမှာ ခက်ခဲ လာသလို အထီးကျန်ဆန်တာ၊ ရှောင်ဖယ်ခံရတာအပြင် တခြားသူတွေနဲ့ပါ အဆင်မပြေမှုတွေကို ဖြစ်လာစေပြီး ဒါကပဲ ပျော်ရွှင်မှုမရှိခြင်းကို ပိုဆိုးရွားစေတဲ့ အဆိုးကျော့သံသရာထဲ လည်သွားစေပါတယ်။ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ရခြင်းတွေကို လျှော့ချဖို့ဆိုရင် အရင်ဆုံး ပြုပြင်ရမှာက နေထိုင်မှုပုံစံ ပါ။ ဒါဟာ ဆေးဝါးမသုံးဘဲ၊ ကုထုံးမသုံးဘဲ ကုသခြင်းပါ။
ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ – ပုံမှန်လေ့ကျင့်ခန်း လုပ်တဲ့အခါ ဦးနှောက်ကနေ စိတ်ခံစားချက်ကို မြှင့် တင်ပေးတဲ့ Endorphins တွေကို ထုတ်လုပ်ပေးပါတယ်။ ဒါဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်ကို လျော့နည်း စေပြီး စိတ်ဓာတ်ကျခြင်းလက္ခဏာတွေကို သက်သာစေပါတယ်။ ဒီလို လေ့ကျင့်ခန်းလုပ်တဲ့အခါ အပြင်းအ ထန် လုပ်စရာမလိုပါဘူး။ နေ့စဉ် နာရီဝက်ကနေ တစ်နာရီလောက်အထိ လမ်းလျှေက်တာ၊ စက်ဘီးစီးတာ၊ ဒါမှမဟုတ် ကိုယ်နှစ်သက်ရာ အားကစားနည်းတစ်ခုခုကို လုပ်ပေးရုံပါပဲ။
စားသောက်မှုပုံစံ ပြောင်းပါ – ကျွန်တော်တို့ရဲ့ နေ့စဉ် စားသောက်မှုပုံစံဟာ ဦးနှောက်နဲ့ စိတ်ခံစားချက် အပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် စားသောက်တဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် တွေကို စားသုံးဖို့ လိုပြီး အာဟာရပြည့်ဝတဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ၊ အသားနဲ့ ငါးလိုမျိုး ဟာတွေကို မျှတအောင် စားသုံးရပါမယ်။ သကြားများတဲ့၊ ပြုပြင်ထားတဲ့၊ ကဖိန်းဓာတ်လွန်ကဲတဲ့ အစားအစာတွေဟာ စိတ်ခံစားချက်ကို မတည်မငြိမ် ဖြစ်စေတာမို့ ဒါတွေ စားသုံးတာကို ရှောင်ရပါမယ်။
အိပ်ရေးဝဝ အိပ်ပါ – စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ခံစားမှု မတည်မငြိမ် ဖြစ်တာတွေကို ပိုဆိုးစေတာက အိပ်ရေးဝဝ မအိပ်တာပါ။ အိပ်စက်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဟာ ဆက်စပ်နေတယ်လို့ “sleep and depression” ဆိုတဲ့ ခေါင်းစဉ်နဲ့ “Sleep Foundation” က ထုတ်ဖော်ရေးသားထားပြီး တစ်နေ့ကို ၇ နာရီကနေ ၉ နာရီအထိ အိပ်ရေးဝဝ အိပ်စက်တာဟာ ဦးနှောက်ကို အနားပေးရာ ရောက်ပြီး စွမ်းအင်ကိုလည်း ပြန်လည်ဖြည့်တင်းပေးတာမို့ စိတ်ခံစားချက်ကို တိုးတက်စေပါတယ်။
အရက်နဲ့ ဆေးလိပ်ကို ရှောင်ပါ – အရက်နဲ့ ဆေးလိပ်လို မူးယစ်စေတဲ့ အရာတွေဟာ စိတ်ကျရောဂါ လက္ခဏာတွေ ဒဏ်ကနေ ခဏတာ လွတ်ကင်းစေလေ့ ရှိပါတယ်။ ဒါပေမဲ့ ရေရှည် သုံးစွဲတာကြောင့် ရေရှည် မှာ ပိုမိုဆိုးဝါးတဲ့ စိတ်ကျရောဂါလက္ခဏာတွေကို ဖြစ်စေပြီး ဦးနှောက်တွင်း ဓာတုပစ္စည်းတွေကိုပါ ထိခိုက်စေ တာမို့ ရှောင်ကြဉ်ဖို့ လိုပါတယ်။
လူတွေနဲ့ နေပါ – တစ်ကိုယ်ရည် သီးသန့် နေထိုင်တာဟာ စိတ်မပျော်ရွှင်မှုနဲ့ စိတ်ဓာတ်ကျမှုကို ပိုဆိုး စေတဲ့ လက္ခဏာတစ်ခုထဲ ပါပါတယ်။ တစ်ယောက်တည်း အတွေးတွေနဲ့ နေထိုင်ခြင်းထက် မိသားစု ဒါမှမဟုတ် မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ် နေထိုင်ဖို့ လိုပါတယ်။ ကိုယ် ယုံကြည်ရတဲ့ သူတွေ စကား ပြောတာ၊ ခင်မင်ရတဲ့သူတွေနဲ့ ကိုယ့်ခံစားချက်တွေ ပြောပြပြီး အကူအညီတောင်းတာဟာ စိတ်ခံစားချက်ကို ပေါ့ပါးစေသလို အထောက်အပံ့လည်း ဖြစ်စေပါတယ်။
မပျော်ရွှင်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းအတွက် အခုလိုမျိုး အပြုအမူ၊ အလေ့အထ ပြင်ဆင်တာတွေနဲ့မှ မလုံလောက်ဘူးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာကုထုံးတွေ၊ ဆေးဝါးကုထုံးတွေ၊ ဦးနှောက်ကို လျှပ်စစ်စီးကြောင်း အနည်းငယ်ပို့ပေးပြီး ဦးနှောက်တွင်း ဓာတုပစ္စည်းတွေကို လှုံ့ဆော်ပေးတဲ့ ကုထုံးတွေလည်း အများကြီး ရှိပါတယ်။ လိုအပ်လို့ ဒီကုထုံးတွေကို သုံးရမယ့် အဆင့်ရောက်ပြီဆိုရင်တော့ ဘယ်ကုထုံးဟာ ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်မယ်ဆိုတာကို သိနိုင်ဖို့ စိတ်ကျန်းမာရေးပညာရှင်၊ ဒါမှမဟုတ် စိတ်ကျန်းမာရေးဆိုင်ရာ အတိုင်ပင်ခံတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ ကိုယ်က ပျော်ရွှင်မှုတွေ ရှာလို့ မတွေ့တော့ဘူး၊ စိတ်ဓာတ် တွေ ကျနေပြီဆိုတာကို ကိုယ်သာလျှင် အသိဆုံးပါ။ သိလည်း သိပြီ၊ ဖော်ပြခဲ့တဲ့ လက္ခဏာတွေလည်း ပြနေပြီ ဆိုရင် အကောင်းဆုံးကတော့ ငွေကုန်ကြေးကျလည်း မရှိ၊ ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့ အပြုအမူနဲ့ နေထိုင်မှုပုံစံတွေကို ပြောင်းပြီး ကုသခြင်းဟာ အကောင်းဆုံးပါပဲ။ “စိတ်ထောင်းလို့ ကိုယ်မကြေ” ကြဖို့ ကိုယ့်ဘာသာကိုယ် အရင်ဆုံး ကုသနိုင်ကြပါစေလို့။
ကိုးကား –