Skip to content
Ads Advertisement

ဆူညံသံနဲ့ကျန်းမာရေး

အသံတွေဟာ မြန်မာတွေနဲ့ အတော်မစိမ်းတဲ့အရာပါ။ အလှူ၊ မင်္ဂလာ၊ ပွဲလမ်းသဘင်၊ ဘာသာရေးပွဲတွေ၊ ဈေးတွေ၊ ဘုရားတွေ၊ ဆယ့်နှစ်ရာသီပွဲတွေမှာ လော်စပီကာတွေ၊ ဆောင်းဘောက်တွေက မပါမဖြစ်ကဏ္ဍ တစ်ခုဖြစ်ပါတယ်။ မြို့ထဲ၊ ရွာထဲမှာတော့ ကားသံ၊ ဆိုင်ကယ်သံနဲ့အတူ အပြိုင်အဆိုင်တီးနေကြတဲ့ ဟွန်းသံတွေကလဲ ယဉ်ကျေးမှု တစ်ရပ်လိုပါဘဲ။ ဟော ခုမီးပျက်ပြန်တော့ မီးစက်သံကလည်း အလျိုလျို ပေါ်လာပြန်ရော။ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ကားဝပ်ရှော့တွေ၊ စက်ရုံတွေ အတော်များများမှာလည်း သင့်တော်တဲ့ ဆူညံသံလျှော့ချတဲ့ အစီအမံတွေ မရှိတာက ပုံမှန်လိုကို ဖြစ်နေပါတယ်။

လူတိုင်းလိုလို ဆူညံသံတွေဟာ စိတ်ရှုပ်စရာကောင်းတယ်လို့ ခံစားမိကြပါတယ်။ ဒါပေမယ့် ဆူညံသံတွေဟာ တစ်ကယ်တော့ စိတ်ရှုပ်စရာကောင်းတာထက် ပိုတဲ့ ကျန်းမာရေးပြဿနာတွေကို သယ်လာလေ့ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကြီးက ဆူညံသံတွေကြောင့် အိပ်စက်ခြင်းပြဿနာ၊ နှလုံးကျန်းမာရေးပြဿနာ၊ နားပြဿနာနဲ့ အလုပ်နဲ့ကျောင်းတွေမှာ အာရုံစူးစိုက်နိုင်မှုနည်းခြင်း စတဲ့ ရေတို၊ ရေရှည်ကျန်းမာရေးပြဿနာ မြောက်များစွာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်း လူ ၄၃၀ သန်းခန့်ဟာ နားမကြားရတဲ့ ပြဿနာကို ခံစားနေရပြီး ထိုအထဲကမှ ၁၀ သန်းခန့်ဟာ လူငယ်တွေဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ သီချင်းသံအကျယ်ကြီးနားထောင်ခြင်းလိုမျိုး ရှောင်လွှဲလို့ရတဲ့ အမူအကျင့်တွေကြောင့် တစ်သက်လုံးနားမကြားတဲ့သူတွေ ဖြစ်သွားနိုင်ခြေရှိတယ်လို့ WHO က ဖော်ပြထားပါတယ်။

အသံတိုင်းက သူ့သဘာဝအတိုင်း ဆူညံသံအနေနဲ့ ရှိနေတာ မဟုတ်ပါဘူး။ ဆူညံသံဆိုတာ ကိုယ်နားမထောင်ချင်တဲ့အရာ၊ ကျယ်လောင်လွန်းတဲ့အရာ၊ ကိုယ်မကြားချင်ပေမယ့် မကြာခဏ ဖွင့်နေတဲ့အရာတွေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အသံတွေဟာ ကိုယ့်အတွက်တော့ သာယာနာပျော်ဖွယ်ဖြစ်နေနိုင်ပေမယ့် တစ်ခြားသူတစ်ယောက်အတွက်တော့ ဆူညံသံ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဘုရားပွဲတွေ၊ အလှူတွေ၊ မင်္ဂလာတွေမှာ လော်စပီကာနဲ့ ဆောင်းဘောက်နဲ့ ဖွင့်တဲ့အသံတွေဟာ ကိုယ့်အတွက်တော့ ပျော်စရာဖြစ်နေပေမယ့် အများသူငှါအတွက်တော့ အနှောင့်အယှက် ဖြစ်နေနိုင်ပါတယ်။ Myanmar Digital News ကလည်း ဆူညံသံတွေကို မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင် ပြဿနာတစ်ရပ်အဖြစ်ဖော်ပြထားပြီး အထူးသဖြင့်တော့ လူဦးရေထူထပ်တဲ့မြို့တွေ၊ စက်တပ်ယာဉ်တွေ၊ သီချင်းသံတွေ၊ စတိတ်ရှိုးတွေနဲ့ ဘာသာရေးပွဲတွေကြောင့် အဓိက ဆူညံရတယ်လို့ ဆိုပါတယ်။

အသံတွေကို Decibels ဆိုတဲ့ အတိုင်းအတာနဲ့ တိုင်းတာလေ့ရှိပြီး decibels (dBA) မြှင့်လေလေ ကျန်းမာရေး ဆိုးကျိုးများလေလေ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(International Labour Organization) က လုပ်ငန်းခွင်မှာ ဆူညံမှုကို တိုင်းတာတဲ့အခါ ဘာတိုင်းတာစက်မှမပါဘဲ ၆ ပေအကွာလူ နှစ်ဦးကြား စကားကို အော်ပြောနေရခြင်း ရှိ/မရှိနဲ့ တိုင်းတာလို့ ရတယ်လို့ ဆိုပါတယ်။ ၆ပေလောက် အကွာအဝေးမှာတောင် အော်ပြောနေရပြီဆို အဲ့နေရာက ဆူညံနေပြီလို့ သတ်မှတ်လို့ ရပါပြီ။

မြန်မာနိုင်ငံရဲ့ အမျိုးသားပတ်ဝန်းကျင်အရည်အသွေးထိန်းသိမ်းမှု လမ်းညွှန်ချက် (Myanmar’s National Environmental Quality (Emission) Guidelines) တွေမှာတော့ လူနေရပ်ကွက်၊ အဖွဲ့အစည်းဆိုင်ရာနှင့် ပညာရေးနယ်မြေတွေမှာ အသံတွေဟာ နေ့အချိန်မှာ ၅၅ dBA နှင့် ညအချိန်မှာ ၄၅ dBA ထက်မပိုသင့်ဘူးလို့ ဖော်ပြထားပါတယ်။ စက်မှုနှင့် စီးပွားရေးနယ်မြေတွေမှာတော့ ၇၀ dBA ထက်မပိုသင့်ဘူးလို့ သတ်မှတ်ထားပါတယ်။

ဆူညံသံတွေကြောင့် တိုက်ရိုက်ထိခိုက်နိုင်တာက အကြားအာရုံပါ။ နားရဲ့အတွင်းပိုင်းမှာ သေးငယ်တဲ့ အာရုံခံဆဲလ်တွေရှိပြီး ကြားခြင်းဆိုတဲ့ အာရုံခံစားမှုကို ဖြစ်စေပါတယ်။ ဒီဆဲလ်တွေဟာ ဆူညံသံကြောင့် ပျက်စီးသွားတဲ့အခါ အသစ်ပြန်မဖြစ်ဘဲ နားမကြားရတော့တာမျိုး၊ နားအူတာမျိုး ဖြစ်လာပါတယ်။ အသံကြောင့် နားမကြားရခြင်းဟာ ဖြည်းဖြည်းချင်းဘဲ ဆိုးဝါးလာတတ်တဲ့ ဝေဒနာဖြစ်တဲ့အလျောက် လူအများစုက နားလုံးဝ မကြားရတော့မှသာ သတိထားမိလေ့ ရှိကြပါတယ်။ ကားဝပ်ရှော့၊ သစ်စက်၊ တွင်ခုံ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် စတာတွေမှာ အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေကတော့ နားထိခိုက်နိုင်ခြေ အရှိဆုံးပါ။ ဆူညံသံကို နားယဉ်သွားတယ်ဆိုတာနဲ့ နားမကြားမယ့်ဝေဒနာကနေ ကင်းလွတ်သွားတာ မဟုတ်ပါဘူး။

ညတွေမှာ အသံကျယ်ကျယ် သီချင်းဖွင့်တာ၊ စပီကာဖွင့်တာ၊ ကားဟွန်းတီးတာ၊ မီးစက်နှိုးတာ စတာတွေက အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်ပါတယ်။ အိပ်ရေးမဝခြင်းနဲ့အတူ မောတာ၊ နှုံးတာ၊ ခေါင်းကိုက်တာ၊ စိတ်ဆတ်တာ၊ အာရုံမစိုက်နိုင်တာ၊ အလုပ်လုပ်နိုင်စွမ်းလျော့တာ စတာတွေက နောက်ဆက်တွဲ လိုက်လာနိုင်ပါတယ်။ အထူးသဖြင့်တော့ ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင်တွေ နဲ့ နေမကောင်းတဲ့သူတွေက ပိုထိခိုက်နိုင်ခြေ ရှိပါတယ်။

ရုတ်တရက်ထွက်ပေါ်လာတဲ့ ဆူညံသံနဲ့ ထပ်တလဲလဲ ဖြစ်နေတဲ့ ဆူညံသံတွေက စိတ်ဖိစီးမှုကို တိုးစေနိုင်ပါတယ်။ ရေတိုမှာတော့ ပြဿနာသိပ်မရှိပေမယ့် ရေရှည်ဖြစ်လာတဲ့အခါမှာတော့ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ဟော်မုန်းတွေက အိပ်စက်မှုကို နှောင့်ယှက်နိုင်သလို သွေးတိုးတာ၊ နှလုံးရောဂါဖြစ်တာ စတာတွေဖြစ်လာနိုင်ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာ အကြောင်းအရာကတော့ ဆူညံသံတွေဟာ ကလေးတွေရဲ့ သင်ကြားသင်ယူမှု ဖြစ်စဉ်ကို နှောင့်ယှက်နိုင်တယ် ဆိုတာပါပဲ။ ကလေးတွေဟာ အာရုံစူးစိုက်နိုင်ဖို့၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ဖို့နဲ့ စာလေ့လာဖို့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်လိုအပ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) အဖွဲ့ကြီးကလည်း ဆူညံသံတွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဆူညံသံတွေဟာ အများသူငှါကို ထိခိုက်စေနိုင်တယ်လို့ ပုံမှန်အားဖြင့် တွေးလေ့ မရှိကြသလို ဆူညံသံတွေကို ထိန်းချုပ်ဖို့အတွက် အစိုးရမှာပဲ တာဝန်ရှိတယ်လို့ ခံယူထားကြတာပါ။ ဒါပေမယ့် လက်တွေ့ကျကျ ဒီဆူညံသံတွေကို လျှော့ချချင်တယ်ဆိုရင်တော့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အရပ်ထဲမှာ ညလူခြေတိတ်ချိန်တွေမှာ ဆောင်းဘောက်တွေမဖွင့်တာ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဆေးခန်းတွေနားမှာ ကားဟွန်း၊ ဆိုင်ကယ်ဟွန်းမတီးတာ စတာတွေကို သတိထားပြီး လုပ်ဆောင်ပေးရင် ရပ်ကွက်ထဲက ဆူညံသံတွေ အတော်လျော့သွားမှာပါ။ ဒါ့အပြင် လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းခွင်မှာ ဆူညံသံလျော့အောင် နားအဆို့တွေထောက်ပံ့ပေးတာ၊ အဆိုင်းနဲ့ဆင်းခိုင်းတာ၊ နားနေဖို့ အသံလုံအခန်းတွေ စီစဉ်ပေးတာ စတာတွေ ဆောင်ရွက်နိုင်ပါတယ်။ လူတစ်ဦးချင်းစီအနေနဲ့ကတော့ သီချင်းတွေ နားထောင်တဲ့အခါ အသံကို လျော့နားထောင်တာမျိုး လုပ်ဆောင်လို့ ရပါတယ်။ မြန်မာနိုင်ငံဟာ တိတ်ဆိတ်ငြိမ်သက်နေဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး ပိုပြီးစာနာပေးတဲ့၊ ကျန်းမာရေးကို ပိုပြီးဂရုစိုက်တဲ့ လူမှုဝန်းကျင်တစ်ခုတော့ လိုအပ်ပါတယ်။ မလိုအပ်တဲ့ ဆူညံသံတွေကို လျှော့ချခြင်းဟာ မိသားစုဝင်တွေ၊ အလုပ်သမားတွေ၊ ကျောင်းသားကျောင်းသူတွေ၊ လူနာတွေ၊ ရပ်ရွာလူထုတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးနိုင်တဲ့ ရိုးရှင်းပြီး အရေးကြီးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

References

[1] World Health Organization. Noise and health.

[2] World Health Organization.

[3] Guidance on environmental noise.

[4] International Labour Organization. Noise at work.

[5] UNICEF. Noise and Children’s Health.

[6] Myanmar National Environmental Quality Emission Guidelines.

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement