စာဖတ်သူတို့ ခြေစွယ်ငုတ်ဖူးကြပါသလား။ ခြေစွယ်ငုတ်တာဟာ အစပိုင်းမှာ နာတာလောက်ပဲ ဖြစ်လို့ သိပ်အရေးမကြီးဘူးလို့ ထင်ရပါတယ်။ နာကျင်မှု ပြင်းထန်လာရင်လည်း လူအများစုက လက်သည်းညှပ်၊ အပ်၊ ဓား စတဲ့ ပစ္စည်းတွေနဲ့ ခြေသည်းစွန်းကို ကိုယ့်ဘာသာ ကလော်ထုတ်တာ၊ ခြေသည်းဘေးက အသားကိုပါ ညှပ်ထုတ်တာမျိုး လုပ်တတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ ခြေစွယ်ငုတ်ခြင်းနဲ့ ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘာကြောင့် ခြေစွယ်ငုတ်ရတာလဲ
အဖြစ်များဆုံး အကြောင်းရင်းတစ်ခုကတော့ ခြေသည်းညှပ်ပုံ မမှန်တာ ဖြစ်ပါတယ်။ ခြေသည်းကို အရမ်းတိုအောင် ညှပ်တာ၊ ခြေသည်းထောင့်နှစ်ဖက်ကို အဝိုက်ပုံစံအတိုင်း လိုက်ညှပ်တာကြောင့် ချွန်ထက်တဲ့ ခြေသည်းစွန်းလေး ကျန်နေတတ်ပါတယ်။ ခြေသည်း ပြန်ရှည်လာတဲ့အခါ အဲဒီအစွန်းက အသားထဲကို တဖြည်းဖြည်း ထိုးဝင်လာနိုင်ပါတယ်။
ဒါ့အပြင် ကျပ်လွန်းတဲ့ဖိနပ်၊ ထိပ်ချွန်ဖိနပ်၊ ခြေချောင်းတွေကို အမြဲဖိထားတဲ့ အလုပ်ဖိနပ်မျိုး စီးတာကလည်း ခြေသည်းကို အသားထဲ ပိုမိုဖိသွင်းသလို ဖြစ်နိုင်ပါတယ်။ ခြေသည်းထူတာ၊ ခြေသည်းမှာ ထိခိုက်ဒဏ်ရာရဖူးတာနဲ့ ခြေသည်းမှိုစွဲတာတွေကလည်း ခြေစွယ်ငုတ်ဖို့ အခွင့်အလမ်း ပိုများစေပါတယ်။
ခြေစွယ်ငုတ်စမှာ ဘာလုပ်လို့ရလဲ
နာကျင်မှု မပြင်းထန်သေးဘဲ ပြည်လည်း မတည်သေးဘူးဆိုရင် ခြေထောက်ကို ရေနွေးနွေးလေးထဲ ခဏစိမ်ပြီး ခြောက်သွေ့အောင် ပြန်သုတ်ထားနိုင်ပါတယ်။ ခြေချောင်းတွေကို မဖိမိစေမယ့် သက်တောင့်သက်သာရှိတဲ့ ဖိနပ် ဒါမှမဟုတ် ခြေချောင်းလွတ်တဲ့ ဖိနပ်မျိုးကို ပြောင်းစီးသင့်ပါတယ်။
အရေးကြီးတာကတော့ နာလို့ဆိုပြီး ခြေသည်းစွန်းကို အပ်၊ ဓားနဲ့ လိုက်ကလော်တာ၊ အသားကို ညှပ်ထုတ်တာ၊ အတင်းညှစ်တာမျိုး မလုပ်ဖို့ ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ ပစ္စည်းတွေနဲ့ ထိုးကလော်တာက ပိုးဝင်နိုင်ခြေ ပိုများစေသလို ခြေသည်းအမြစ်နဲ့ အနီးအနားအသားတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရက်ပြန်အပြင်းစားတွေ၊ အရေပြားကို လောင်ကျွမ်းစေနိုင်တဲ့ ဆေးရည်တွေကိုလည်း ကိုယ့်ဘာသာ မလိမ်းသင့်ပါဘူး။
ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ
ခြေသည်းဘေးမှာ ပြည်တည်လာတာ၊ နာကျင်ရောင်ရမ်းမှု တဖြည်းဖြည်း ပိုဆိုးလာတာ၊ ခြေမတစ်ချောင်းလုံး နီရဲရောင်ရမ်းလာတာ ဒါမှမဟုတ် အဖျားတက်လာတာမျိုးရှိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ခြေစွယ်ငုတ်တဲ့အခါ တချို့အခြေအနေတွေမှာ စိုက်ဝင်နေတဲ့ ခြေသည်းအစွန်းကို ထုံဆေးပေးပြီး တစ်စိတ်တစ်ပိုင်း ဖယ်ရှားပေးဖို့ လိုအပ်နိုင်ပါတယ်။ ခြေစွယ်ခဏခဏ ပြန်ငုတ်သူတွေမှာတော့ ပြန်မဖြစ်အောင် ခြေသည်းအမြစ်ရဲ့ ပြဿနာဖြစ်စေတဲ့ အပိုင်းကိုပါ ကုသပေးနိုင်ပါတယ်။
ဒါပေမယ့် ပိုးဝင်ပြီဆိုတိုင်း ပဋိဇီဝဆေး (Antibiotics) သောက်ဖို့တော့ မလိုပါဘူး။ ပြည်တည်နေတဲ့အခါ လိုအပ်သလို ပြည်ဖောက်ထုတ်ပေးခြင်းနဲ့ စိုက်ဝင်နေတဲ့ ခြေသည်းအစွန်းကို ကုသပေးခြင်းက အဓိက ဖြစ်ပါတယ်။ ပဋိဇီဝဆေး လို၊ မလိုကိုတော့ ရောင်ရမ်းမှုအခြေအနေ၊ အဖျားရှိ၊ မရှိနဲ့ လူနာရဲ့ ကျန်းမာရေးအခြေအနေအပေါ် မူတည်ပြီး ဆရာဝန်က ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
ဆီးချိုရှိသူတွေ ပိုဂရုစိုက်ဖို့လို
ဆီးချိုရောဂါရှိသူတချို့မှာ ခြေထောက်အာရုံခံစားမှု လျော့နည်းတာနဲ့ သွေးလှည့်ပတ်မှု မကောင်းတာတွေကြောင့် ဒဏ်ရာရတာကို နောက်ကျမှ သတိထားမိနိုင်ပြီး အနာကျက်တာလည်း နှေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ၊ ခြေထောက်သွေးလှည့်ပတ်မှု မကောင်းသူတွေမှာ ခြေစွယ်ငုတ်လာရင် ကိုယ့်ဘာသာ ကလော်ထုတ်၊ ညှပ်ထုတ်တာ မလုပ်ဘဲ ဆရာဝန်နဲ့ စောစောပြသတာက ပိုကောင်းပါတယ်။
မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
ခြေသည်းကို ဖြောင့်ဖြောင့် (Straight across) ညှပ်ပြီး ထောင့်နှစ်ဖက်ကို အတွင်းထဲထိ အဝိုက်ပုံစံ မညှပ်ဖို့ အရေးကြီးပါတယ်။ ခြေသည်းကိုလည်း အသားနဲ့ကပ်ပြီး အရမ်းတိုအောင် မညှပ်သင့်ပါဘူး။
ဖိနပ်ရွေးတဲ့အခါ ခြေချောင်းတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရမယ့် ဖိနပ်မျိုးကို ရွေးချယ်သင့်ပြီး လက်သည်း၊ ခြေသည်းညှပ်တွေကိုလည်း သန့်သန့်ရှင်းရှင်း ထားရှိအသုံးပြုသင့်ပါတယ်။
ခြေစွယ်ငုတ်တာက အစပိုင်းမှာ အသေးအဖွဲ ပြဿနာတစ်ခုလို ထင်ရပေမယ့် မကြာခဏ ကလော်တာ၊ ညှစ်တာနဲ့ ပိုးဝင်နေတဲ့အခြေအနေကို လျစ်လျူရှုထားတာတွေကြောင့် ပိုဆိုးလာနိုင်ပါတယ်။ ခြေသည်းကို မှန်မှန်ကန်ကန် ညှပ်ခြင်း၊ သင့်တော်တဲ့ ဖိနပ်စီးခြင်းနဲ့ လိုအပ်ချိန်မှာ ဆရာဝန်နဲ့ အချိန်မီ ပြသခြင်းက ခြေစွယ်ငုတ်ခြင်းကို ကာကွယ်၊ ထိန်းချုပ်ရာမှာ အရေးကြီးပါတယ်။
References
National Health Service (NHS). Ingrown toenail.
DermNet New Zealand. Paronychia.
Chabchoub I, Litaiem N. Ingrown Toenails. StatPearls Publishing.
Leggit JC. Acute and Chronic Paronychia. American Family Physician.