Skip to content
Ads Advertisement

ဂျိန်းဖော မေမေ၊ ဖေဖေတို့ရဲ့ သားသမီးဆိုင်ရာ ရိုးရာဓလေ့

မြန်မာပြည် မြောက်ဖျား၊ မေခ-မလိခ ဆုံပြီး ဧရာဝတီမြစ်ကြီး စတင်တဲ့ မနောမြေမှာ နေထိုင်ကြတဲ့ ကချင်တိုင်းရင်းသားမျိုးနွယ်စုခွဲပေါင်း ခြောက်ခုတောင် ရှိပါတယ်။ တိဗက်-ဗမာအနွယ်ဝင်တွေ ဖြစ်တယ်လို့ သမိုင်းမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုးရာ နတ်ကိုးကွယ်မှုဓလေ့တွေ ရှိခဲ့ပေမယ့် မျိုးနွယ်စုအတော်များများဟာ အခုဆိုရင် ခရစ်ယာန်၊ ဗုဒ္ဓဘာသာ စသဖြင့် ကိုးကွယ်မှုပုံစံတွေ ကွဲပြားကြပါတယ်။ သို့သော် ရိုးရာဓလေ့တွေဟာလည်း ဒီကနေ့အထိ ပျောက်ဆုံးသွားတာတော့ မဟုတ်ဘဲ လူမှုရေးနဲ့ ကျန်းမာရေးနဲ့ တခြားသော သက်ဆိုင်တဲ့ကဏ္ဍတွေမှာ ပုံစံမျိုးစုံနဲ့ အမြစ်တွယ်နေကြဆဲ ဖြစ်ပါတယ်။ ခေတ်မီဆေးဝါးနဲ့ ကုသမှု နည်းနာတွေ ဘယ်လိုပဲ တိုးတက်ပြောင်းလဲပါစေ၊ တချို့သော ရိုးရာဓလေ့နဲ့ အယူအဆတွေကတော့ ဒီကနေ့အချိန်အထိ မနောမြေမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

ကချင်တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့၊ အယူအဆတွေဟာ အမျိုးသား ဒါမှမဟုတ် အမျိုးသမီး ဖြစ်မှုအပေါ်မှာ မူတည်ပါတယ်။ အထူးသဖြင့် အမျိုးသမီးဖြစ်လို့ ကိုယ်ဝန်ဆောင်ထားချိန်၊ သားဖွားပြီးစ အချိန်တွေဆို မိခင်ဖြစ်တော့မှာ၊ ဖြစ်နေပြီမို့ လိုက်နာကြရတဲ့၊ လုပ်ကြရတဲ့ ရိုးရာထုံးတမ်းတွေကလည်း တစ်ကြောင်း၊ တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို ကွဲပြားတတ်ကြပါတယ်။ သမိုင်းမှတ်တမ်းတွေအရ ရိုးရာထုံးတမ်းတွေကို မှတ်တမ်းတင်ထားကြတဲ့နေရာမှာ ဂျိန်းဖောမျိုးနွယ်စုတွေကိုသာ အခြေခံပြီး ပြုစုထားတာတွေ များတဲ့အတွက်မို့ အခု ဖော်ပြမယ့်အကြောင်းအရာတွေဟာ ဂျိန်းဖော ဖေဖေ၊ မေမေတို့အတွက် အဓိက ရည်ရွယ်ပါတယ်။

  • ကိုယ်ဝန်ဆောင်ရင် –
    • မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်ထားရင် ပျားရည်၊ ဖြူသား၊ ဝံပုလွေသားနဲ့ မျောက်သားကို ရှောင်ရမယ်လို့ ဓလေ့ထုံးတမ်းတွေမှာ ရှိပါတယ်။ ဒါတွေကို စားမိရင် ကိုယ်ဝန်ပျက်တတ်သလို မွေးဖွားတဲ့အခါမှာလည်း မွေးရခက်တတ်တာမျိုး ရှိတယ်လို့ အယူ ရှိပါတယ်။ ဒါ့အပြင် တက်စာ ဖြစ်တဲ့ အစားအစာတွေ မစားဖို့ လိုသလို မြစ်ချောင်းတွေကို မကူးဖြတ်ရပါဘူး။ ကိုယ်ပိုင် အဝတ်တန်ဆာတွေကို သူတစ်ပါးကို မပေးရသလို မင်္ဂလာဆောင်လိုမျိုး ရှိရင် လက်ဖွဲ့ မပေးရဘူးလို့ ကချင်ရိုးရာဓလေ့ အယူ ရှိပါတယ်။
    • ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်ထားရင် ခင်ပွန်း (ဖခင်လောင်း) ဟာ ခရီးဝေးသွားတာ၊ မြစ်ချောင်းကူးတာမျိုးကို ရှောင်ကြဉ်ရပြီး နေအိမ်မှာဆိုရင် ဓားရိုးသပ်တာ၊ ဓားရိုးထဲ သပ်ကျပ်ကျပ်ထည့်တာတွေကိုပါ ရှောင်ကြဉ်ရမယ်လို့ အယူ ရှိပါတယ်။

အခု အချက်အလက်တွေဟာ မြန်မာနိုင်ငံ တိုင်းရင်းဆေးပညာဦးစီးဌာနက စုစည်းထားတဲ့ အချက်အလက်တွေ ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လတုန်းက “မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဆေးပညာအစဉ်အလာနှင့် ဓလေ့များကို လျှပ်တပြက် လေ့လာခြင်း” အမည်နဲ့ ထုတ်ပြန်ထားတဲ့ စစ်တမ်းထဲက ဆိုင်ရာဆိုင်ရာအလိုက် ကောက်နုတ်ထားတာဖြစ်ပြီး များသောအားဖြင့် ကချင်တိုင်းရင်းသားတစ်မျိုးဖြစ်တဲ့ ဂျိန်းဖောမျိုးနွယ်စုအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ တကယ်တော့ ကချင်မှာဆိုရင် အဓိကကျတဲ့ မျိုးနွယ်စုခြောက်ခုရှိပြီး ဂျိန်းဖော၊ ဇိုင်ဝါး၊ လော်ဝေါ်၊ လာချိဒ်၊ ရဝမ်နဲ့ လီဆူတို့ ဖြစ်ပါတယ်။ ဒီမျိုးနွယ်စုတွေရဲ့ တူညီတဲ့ ဘုံယဉ်ကျေးမှု စုစည်းမှုဟာ မနောပွဲသာ ဖြစ်ပြီး ကိုယ်ပိုင်ဘာသာစကား၊ စာပေနဲ့ ထူးခြားတဲ့ မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ကိုယ်စီ ရှိကြပြန်ပါတယ်။

  • သားဖွားဖို့ နီးလာတဲ့အခါ –
    • မိခင်လောင်း ကိုယ်ဝန်လွယ်ထားရတာ လရင့်လာပြီ၊ မွေးဖွားဖို့ နီးလာပြီဆိုရင် ကချင်တိုင်းရင်းသား မေမေ၊ ဖေဖေတို့ လုပ်ရတာက အိမ်မှာ အမဲခြောက်၊ ဂျင်း (ချင်း) စတာတွေကို စုဆောင်းထားကြရသလို ရိုးရာ ခေါင်ရည်အိုးကို စပြီး တည်ရပါတယ်။ ဒါတွေဟာ မီးနေသည် ဖြစ်လာမယ့် မိခင်လောင်းအတွက် ကြိုတင်ပြင်ဆင်တာဖြစ်ပြီး မီးဖွားပြီးပြီဆိုရင် မိခင်ကို ကြက်ဥကစော်နဲ့ သစ်ကြားသီးဆီ ဒါမှမဟုတ် ဝက်ဝံဆီ ဒါမှမဟုတ် ကျွဲအဆီတို့နဲ့ ကြော်ကျွေးရတဲ့ အယူ ရှိပါတယ်။
  • သားဖွားတဲ့အခါ –
    • ကိုယ်ဝန်ဆောင်မိခင်ဟာ နေ့စေ့လို့ မီးဖွားတော့မယ်ဆိုရင် အိမ်က မီးဖိုခန်း ဒါမှမဟုတ် မီးဖိုခန်းနားမှာပဲ မွေးဖွားရပါတယ်။ ဒါဟာ ကာလအတော်များများမှာ အေးနေတဲ့ ဒီဒေသမှာ မီးဖွားမယ့်သူအတွက် နွေးထွေးမှု ရှိစေဖို့အတွက်လို့ အယူရှိပါတယ်။ မွေးခါနီးအချိန်မှာလည်း သွေးလည်ပတ်မှုကို အဟန့်အတား ဖြစ်စေနိုင်တဲ့ ရေအေးတိုက်တာ၊ အအေးဓာတ်ကဲတဲ့ အစာကျွေးတာတွေကို မပြုရပါဘူး။
    • ကိုယ်ဝန်သည်က ကလေး မီးဖွားပြီးပြီဆိုတာနဲ့ ချက်ကြိုးမဖြုတ်မီ ကလေးနာမည် ချက်ချင်းပေးရတဲ့ အလေ့အထရှိပြီး ကလေးဟာ မွေးပြီး တစ်ပတ်အတွင်း ရိုးရာနတ်တွေကသာ ပိုင်ဆိုင်ပြီး လူသားအဖြစ် သတ်မှတ်လို့ မရသေးဘူးလို့ ယုံကြည်တဲ့အတွက် ဒီလို နာမည်ချက်ချင်း ပေးကြတာလို့လည်း ရှေး ကချင်ဘိုးဘွားတွေက ဆိုကြပါတယ်။
  • မီးဖွားပြီးရင် –
    • မီးဖွားပြီးတဲ့ မိခင်ဟာ မွေးပြီး တစ်ပတ်အတွင်း မီးနေခန်းက မထွက်ရသလို မီးနေခန်းထဲကိုလည်း ဘယ်ဧည့်သည်ကိုမှ မဝင်ဖို့ တားမြစ်တတ်ကြပါတယ်။
    • ကလေးကို တစ်ပတ်အတွင်း ရိုးရာနတ် ပိုင်တယ်ဆိုတဲ့ အယူအဆကြောင့် မွေးပြီး နောက်တစ်ရက်မှာ ဝက်သတ်ပြီး နတ်ဆရာနဲ့ ရွာစောင့်နတ်ကို ပူဇော်ပသတဲ့ ဓလေ့ ရှိပြီး ဒါဟာ ရွာစောင့်နတ်ကောင်းချီးပေးမှုနဲ့ ကလေးအသက်ကို လက်ခံရရှိတယ်လို့ ယုံကြည်ကြတာကြောင့်ပါ။ ဆုတောင်းတဲ့အခါ “ရွာကို ဒုက္ခမပေးဘဲ စောင့်ရှောက်ဖို့၊ ကလေးကို ကောင်းချီးမင်္ဂလာပေးပြီး အနာရောဂါ မကျရောက်စေဖို့” ကို ဆုတောင်းကြလေ့ ရှိပါတယ်။
    • မီးဖွားပြီးကတည်းက ကလေးကို မိခင်နို့ရည်ကိုသာ အဓိက တိုက်ကျွေးရလေ့ရှိပြီး ကလေး နှစ်နှစ်နီးပါး အရွယ်ရောက်လို့ နို့ဖြတ်ပြီဆိုမှ ထမင်း စကျွေးလေ့ရှိပါတယ်။
    • ကလေး ချက်ကြွေတဲ့အခါ အခြောက်ကို သိမ်းဆည်းထားလေ့ ရှိပြီး ကလေး အအေးမိတာ၊ နှာစေးချောင်းဆိုးဖြစ်တာ၊ ဖျားနာတာမျိုးဖြစ်ရင် လည်ပင်းမှာ အဲဒီချက်ကြိုးအခြောက်ကို ဆွဲပေးလိုက်ရင် ပျောက်တယ်လို့ အယုံအကြည် ရှိကြသလို ဝမ်းရောဂါဖြစ်လို့ ဆေးဖော်ရင်လည်း ဆေးဖက်ဝင်တယ်လို့ ယုံကြည်ကြပြန်ပါတယ်။

ကချင်တိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်တဲ့ ဂျိန်းဖောမိသားစုထဲမှာ မိသားစုဝင် တစ်ဦး တိုးလာတော့မယ်ဆိုရင် ကလေး ကိုယ်ဝန်ဆောင်စဉ်ကတည်းက မွေးဖွားချိန်အထိ ရိုးရာဓလေ့ထုံးတမ်းတွေအရ မိခင်၊ ဖခင်ဖြစ်သူအပါအဝင် တခြားသော မိသားစုဝင်တွေပါ လိုက်နာရတဲ့ အရာတွေက အများကြီးပါ။ တချို့အရာတွေဟာ ဒီကနေ့ခေတ် အယူအဆတွေ၊ ဆေးပညာရှုထောင့်တွေက ကြည့်ရင် လက်သင့်မခံနိုင်စရာတွေ ရှိနိုင်ပေမယ့် ဒါတွေဟာ တကယ်ပဲ ရှိခဲ့တဲ့ ရိုးရာဓလေ့၊ ယုံကြည်သက်ဝင်မှု ဆိုတာကိုတော့ လက်ခံကြရမှာ ဖြစ်ပါတယ်။

#ကချင်
#ကိုယ်ဝန်ဆောင်
#ချက်ကြိုး
#ဂျိန်းဖော

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement