ဒီနေ့ – ကျွန်တော့် မနက်ခင်းဟာ ကြည်လင်တယ်၊ ပေါ့ပါးတယ်။ ဒါပေမဲ့ အလုပ်သွားရတယ်။ ဖယ်ရီကား လာတာကို စောင့်နေရင်း မနက်ခင်း ကောင်းကင်ကြီးကို မော့ကြည့်တော့ မိုးတိမ်တွေကြားမှာ ပျံသန်းနေတဲ့ ငှက်ကလေးတွေကို တွေ့တယ်။ အလုပ်စားပွဲကို ရောက်တော့ ကော်ဖီတစ်ခွက် ဘေးမှာချပြီး အီးမေးလ် (Email) ဖွင့်စစ်ကြည့်တယ်။ တနေ့တုန်းက ကျွန်တော်လုပ်ထားတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မန်နေဂျာ ပြန်ပို့ထားတဲ့ အီးမေးလ်ကို သက်ပြင်းတစ်ချက်ချပြီး ဖွင့်ကြည့်လိုက်တယ်။ ပြန်စာက တိုတိုတုတ်တုတ်ပဲ။ “ဒီနေ့အပြီး အကုန် အစအဆုံး ပြန်ပြင်ပါ” တဲ့။ ဝမ်းနည်းမှုက ရင်ထဲ လှိုက်ပြီး တက်လာတယ်။ “အခုလို ဖြစ်နေတာ တစ်ခါ၊ နှစ်ခါ မကတော့ဘူး၊ ဘာလို့ သည်းခံနေတာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်မိတော့ ဝမ်းနည်းမှုနဲ့အတူ ဒေါသမီးစလေး တက်လာတယ်။ ဒါပေမဲ့ ကိုယ့်အခြေအနေတွေကို ပြန်တွေးမိတော့ အံကို ကြိတ်၊ စိတ်ကိုတင်းပြီး ကွန်ပျူတာရှေ့ အလုပ် စရတော့တယ်။
ညနေအပြန် ဖယ်ရီပေါ်မှာ အနီရောင်ရဲနေတဲ့ ကောင်းကင်ထဲမှာ ငှက်တွေ ပျံသန်းနေကြတာကို ခံစားတယ်။ ငှက်တွေနဲ့အတူ ဝမ်းနည်းမှုတွေဟာ ပါသွားကြတယ်။
အိမ်ပြန်ရောက်တော့ မီး မလာဘူး။ မနက်က ထမင်းအကျန်ကို ဆီနဲ့ ဆားနဲ့ နယ်ပြီး ပေါ့ပေါ့ပါးပါးပဲ စားနေတုန်း ဖုန်းက အသိပေးစာ (Notification) တက်လာတာနဲ့ ကြည့်လိုက်တော့ Group Chat ထဲမှာ မန်နေဂျာက အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြောနေတယ်။ ဖွင့်ကြည့်ဖို့ အားမရှိတတော့ဘူး။ ဒါပေမဲ့ ဖွင့်ကြည့်ရတယ်။ ဝမ်းနည်းလို့ ခပ်ထုံထုံဖြစ်သွားပြီး မျက်စိတွေ ပြာသွားတယ်။ “ဟုတ်” လို့ စာတစ်လုံး ပြန်လိုက်ပြီးတာနဲ့ ကျွန်တော်ရဲ့ အသေသပ်ဆုံး အခန်းလေးထဲက အကြိုက်ဆုံးအိပ်ရာပေါ်မှာ နားကြပ်တပ် သီချင်းနားထောင်တယ်။ မျက်နှာကျက်နဲ့ စကားတွေပြောရင်း အိပ်ရာဝင်တယ်။
အဲဒီလိုနဲ့ ရက်သတ္တပတ်တွေ၊ လတွေ ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ တူညီတဲ့ ခံစားချက်တွေနဲ့ နေ့တိုင်းနီးပါး ဖြတ်သန်းရင်း မနက်တစ်ခုမှာ နိုးထတော့ အိပ်ရာနဲ့ နှလုံးသားက ကျွန်တော့်ကို ဆွဲထားတယ်။ အတင်း ရုန်းထလိုက်တော့ အိပ်ရာနဲ့ တွဲလျက် ကျခဲ့ချင်တဲ့ နှလုံးသားက “နာပြီး မောတယ်” လို့ ပြောတယ်။ ရေချိုးခန်းထဲက မှန်ရှေ့မှာ ရပ်ရင်း ကိုယ့်ပုံရိပ်ကို ပြန်မြင်ရတော့ ခပ်ထုံထဒံ ခံစားချက်ပဲ။ ဒါပေမဲ့ နောက် မိနစ်အနည်းငယ်မှာ မိုးသားမဲမဲတွေနဲ့ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးရဲ့ အောက်၊ တဖြောက်ဖြောက်နဲ့ ကျနေတဲ့ မိုးစက်အေးတွေကြား ထီးတစ်ချောင်းကို ကိုင်ထားရင်း မိုးပေါက်တွေ ကတ္တရာလမ်းနဲ့ ဝင်တိုက်တာကို ကျွန်တော် ကြည့်နေပြီး ဖယ်ရီကားအလာကို စောင့်နေတယ်။ ရုံးရောက်တော့ နေ့လယ်မှာ လုပ်မယ့် အစည်းအဝေး (Meeting) အတွက် စာရွက်စာတမ်း ပြင်ဆင်ရတယ်။ နေ့လယ်ရောက်တော့ ကျွန်တော့်ဘေးမှာ A4 စာရွက်ဖြူဖြူတွေ ပျံဝဲနေတယ်။ လက်ညှိုးငေါက်ငေါက် ထိုးပြီး အော်နေတဲ့ အသံတွေ၊ ပြီးတော့ စာနာသလို – လှောင်ရယ်သလို အပြုံးတွေနဲ့ ကြည့်နေတဲ့ လူတွေရဲ့ မျက်နှာတွေ။ အဲဒီလိုတွေကြားထဲ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေတဲ့ ကျွန်တော်။
ညနေခင်း ကောင်းကင်ကြီးကတော့ မိုးတိမ်မဲမဲတွေနဲ့ အုံ့လို့။ ရင်ဘက်ကတော့ တင်းနေတုန်းပဲ။ အဲဒီနေ့ညက အရင်လိုပဲ မျက်နှာကျက်နဲံ စကားပြောရင်း မျက်နှာကျက်က စကားပြန်ပြောတယ်။ အိပ်ခန်းပြတင်းပေါက် ကနေ အလင်းရောင်ဝင်လာတဲ့အထိ စကားပြောဖြစ်ကြတယ်။
မီးရောင်ဖြူဖြူတွေရဲ့ အောက်၊ စာရွက်တွေအပြည့်နဲ့ ဖိုင်တွေ၊ ကွန်ပျူတာတွေ တင်ထားတဲ့ စားပွဲတွေရဲ့ ကြား မျက်နှာထားတင်းတင်းနဲ့ အလုပ်လုပ်နေကြတဲ့ လူတွေ။ အခန်းတံခါးကနေ ဝင်လာပြီး မန်နေဂျာလို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်နားကို လျှောက်လာတဲ့ အသက် နှစ်ဆယ်ကျော် ကောင်မလေးတစ်ယောက်။ အနားရောက်လာတော့ “အစ်မ အလုပ်အားရဲ့လား၊ ပြောချင်တာလေး ရှိလို့ပါရှင့်” လို့ ကောင်မလေးက ပြောတယ်။ အမျိုးသမီးက တစ်ချက် မော့ကြည့်လိုက်တော့ “ကိုသူရ ရုံးမလာတာ ငါးရက်လောက် ရှိပါပြီ။ညီမတို့ ဆက်သွယ် တာ လုံးဝမရလို့ အဲဒါ HR (Human Resource Department) ဘက်က ဆက်သွယ်ပေးဖို့ ပြောချင်လို့ပါ” ဆိုပြီး ပြောပါတယ်။ အဲဒါနဲ့ အမျိုးသမီးက “Email ပို့လိုက်” လို့ ပြန်ပြောလိုက်ပြီး အရေးမကြီးတာကို ဆိုတဲ့ ပုံစံနဲ့ အလုပ်ဆက်လုပ်နေပါတယ်။
အပြင်မှာ မိုးတွေက သဲကြီးမဲကြီး ရွာနေတယ်။ မှောင်မည်းနေတဲ့ အိပ်ခန်းတစ်ခန်းထဲမှာ မလျှော်ရသေးလို့ ပုံနေတဲ့ အဝတ်တွေက အခန်းထဲမှာ အပြည့်။ ဟိုဟိုဒီဒီ ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကြားထဲမှာ ထိုးထိုးထောင် ထောင်နဲ့ ရေသန့်ဗူးခွံ အလွတ်တွေ။ ပြီးတော့ ဖရိုဖရဲဖြစ်နေတဲ့ အိပ်ရာတစ်ခုနဲ့ မီးဖိုချောင်ထဲမှာ မဆေးရသေးတဲ့ ပန်းကန်တွေ။ ရေချိုးခန်းရဲ့ မှိန်ပြပြ လင်းနေတဲ့ မီးသီးရောင်အောက်က မှန်ရှေ့မှာ မျက်ကွင်းညိုညို၊ ခံစားချက် ထုံထုံနဲ့ “ငါ ပျောက်ကွယ်သွားရင် ကောင်းမယ်” လို့ တတွတ်တွတ် ရွတ်နေတဲ့ ကိုသူရ။
ကျွန်တော်တို့တွေဟာ တခါတလေ ကိုသူရ နေ့ရက်တွေကို ဖြတ်သန်းကြပါတယ်။ ဒါပေမဲ့ မေးခွန်းတစ်ခု ပြန်မေးကြည့်ချင်တာက သင်ကော ကိုသူရ လို ဖြစ်နေပြီလား။ အဲဒီ့ဇာတ်လမ်းလေးမှာ ကိုသူရက ဝမ်းနည်းနေတာလား၊ ဒါမှမဟုတ် စိတ်ဓာတ်ကျနေတာလား။ ဇာတ်လမ်းစစချင်းကို ကိုသူရက ကြည်လင်နေတဲ့ မနက်ကလေးကို ပိုင်ဆိုင်နေခဲ့တယ်၊ ဒါပေမဲ့ ရုံးရောက်တဲ့အခါ မန်နေဂျာရဲ့ Email ကို တွေ့တဲ့အချိန် သူဟာ ဝမ်းနည်းမှုကို ခံစားရတယ်။ ခဏခဏတော့ ဖြစ်နေတယ်။ ငှက်တွေနဲ့အတူ ဝမ်းနည်းမှုတွေဟာ ပါသွားပြီး အဆင်ပြေနေပါသေး တယ်။ ဒါပေမဲ့ အချိန်တွေ ကြာလာတဲ့အခါ မနက်တွေ ထရ ခက်ခဲတာ၊ အကြောင်းအရင်းမရှိဘဲ မောပန်းနေတာ မျိုးတွေ၊ အလုပ်မှာ အာရုံမစိုက်နိုင်တော့တာ၊ တစ်နေ့တာ လုပ်ကိုင်ရတဲ့ လုပ်ငန်းတာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘဲ စိတ်ဓာတ်ကျလာခဲ့ပါတော့တယ်။ နောက်ဆုံး အပြင်းထန်ဆုံးအဆင့်မှာ နေ့စဉ် ပုံမှန်လုပ်ကိုင်နေတဲ့ အလုပ်တွေကိုတောင မလုပ်နိုင်တော့ဘဲ မိမိကိုယ်ကို အန္တရာယ်ပြုဖို့ စိတ်ကူးတွေအပြည့်ဖြစ်နေတဲ့ ပုံစံကို တွေ့ရမှာပါ။ အဲဒီလိုဆိုရင် ကျွန်တော်တို့တွေက အဲဒီလို မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။
ပထမဆုံး လက်ခံရမှာက – “ဝမ်းနည်းခြင်းကိုယ်တိုင်က ရန်သူ မဟုတ်ဘူး” ဆိုတာကိုပါ။ ဝမ်းနည်းတတ်တာဟာ လူသားဖြစ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ နေ့တိုင်း ပျော်နေဖို့ မဖြစ်နိုင်သလို ဝမ်းနည်းတဲ့နေ့တိုင်း ကိုလည်း စိတ်ဓာတ်ကျတယ်လို့ မဆိုနိုင်ပါဘူး။ အရေးကြီးဆုံးအရာက “သတိရှိခြင်း” ပါ။ ကိုသူရဲ့ ကောင်းကင်လို၊ ကိုယ့်ခံစားချက်ကို ရံဖန်ရံခါ မော့ကြည့်ပါ။ ဝမ်းနည်းမှုက ငှက်တွေနဲ့အတူ မပါသွားတော့ဘူးလား။ Trigger (လှုံ့ဆော်မှု၊ စေ့ဆော်မှု) ကုန်သွားရင်တောင် ကျန်နေသလား၊ အိပ်ဖို့ ခက်ခဲနေလား၊ ဘာမှမလုပ်ဘဲ မောနေသလို ခံစားရလား စတာတွေကို စောစော သတိထားမိတာ အကောင်းဆုံးပါ။
နောက်တစ်ခုက “ကိုယ် ရင်ဖွင့်လို့ရတဲ့ အသိမိတ်ဆွေ” ပါ။ ကိုသူရ က အမှောင်ထဲမှာ တစ်ယောက် တည်းနေခဲ့ပြီး ဘယ်သူနဲ့မှ မဆက်သွယ်ခဲ့ပါဘူး။ ခံစားချက်ကို တစ်ယောက်တည်း မထမ်းပါနဲ့။ ယုံကြည်ရတဲ့ လူတစ်ယောက်ကိုပဲ ဖြစ်ဖြစ် ပြောပြတာ၊ တစ်စုံတစ်ယောက်ကို ကိုယ့်ဘဝထဲ ဝင်ခွင့်ပေးတာက ကြီးမားတဲ့ အထောက်အကူ ဖြစ်စေပါတယ်။
တတိယက “နေ့တိုင်း လုပ်တဲ့ အခြေခံ လုပ်ငန်းဆောင်တာတွေ” ပါ။ အိပ်စက်ခြင်း၊ နေရောင်ခြည်၊ ခန္ဓာကိုယ် လှုပ်ရှားခြင်း၊ ရိုးရှင်းတဲ့ ပုံမှန် ဘဝပုံစံ။ အရာရာ လေးလံနေတဲ့အချိန်မှာ ဒီ သေးငယ်တဲ့ အလုပ်ကလေးတွေက ကျွန်တော်တို့ကို ကူညီပေးပါတယ်။ ပြီးတော့ “မကောင်းတဲ့ အတွေးတွေကိုပဲ ထပ်ခါထပ်ခါ တွေးနေတဲ့ အတွေး” တွေကို သတိထားပါ။ အဲဒီလို အတွေးတွေကို ထပ်ခါထပ်ခါ ပြန်စဉ်းစားနေတဲ့ အဲဒီ့အတွေး စက်ဝန်းက စိတ်ဓာတ်ကျမှုကို တွန်းပို့ပေးပါတယ်။ အဲဒီလို စက်ဝန်းထဲ ရောက်နေပြီဆိုတာ သိတာနဲ့ လမ်းလျှောက်ထွက်တာ၊ စာရေးတာ၊ တစ်ယောက်ယောက်ကို ပြောပြ၊ ရင်ဖွင့်တာ အစရှိတာတွေကို လုပ်ပေးရပါမယ်။
ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် စိတ်ဓာတ်ကျခြင်းက “မှန်ကန်စွာ နေထိုင်နိုင် / မနိုင်”၊ ဒါမှမဟုတ် “ခွန်အား ရှိ / မရှိ” ဆိုတဲ့ ကိစ္စ မဟုတ်ပါဘူး။ ရောဂါတစ်ခုလိုပါပဲ။ စိတ်ဓာတ်ကျနေပြီလို့ ခံစားနေရပြီး လေးလံမှုက ရက်သတ္တပတ်တွေ ဆက်ကြာနေရင်၊ နေ့စဉ်ဘဝရဲံ ပုံမှန်လုပ်ငန်းဆောင်တာတွေကို လုပ်ဖို့ ခက်ခဲနေရင် ကျွမ်းကျင်သူဆီ အကူအညီတောင်းတာဟာ အားနည်းချက် မဟုတ်ဘူး။ ရောဂါတစ်ခုအတွက် ဆရာဝန်ပြတာနဲ့ အတူတူပါပဲ။ ပြီးတော့ စိတ်ဓာတ်ကျခြင်းက ကုသလို့ ရတဲ့ ရောဂါတစ်ခုပါ။
အရေးကြီးဆုံးကတော့ မိမိကိုယ်ကို အန္တရာယ်ပြုဖို့ အတွေးတွေ နည်းနည်းလေးပဲ ဖြစ်ဖြစ် ပေါ်လာတယ်ဆိုရင် မစောင့်ပါနဲ့၊ တစ်ယောက်တည်းလည်း မနေပါနဲ့။ ကျွမ်းကျင်သူ Professional Counsellor တွေ၊ ဒါမှမဟုတ် ယုံကြည်ရသူ တစ်ဦးဦးဆီ ချက်ချင်း ဆက်သွယ်ပါ။
နောက်ဆုံးအနေနဲ့ ပြောရရင် ဟုတ်ပါတယ်။ ကျွန်တော်တို့အားလုံး တခါတရံ ကိုသူရ လို နေ့ရက်တွေကို ဖြတ်သန်းကြရတယ်။ ဒါပေမဲ့ အဲဒီလိုအချိန်မှာ အကူအညီတွေ ရှိတဲ့အတွက် တစ်ယောက်တည်း မရင်ဆိုင်ဘဲ အကောင်းဆုံး ကျော်ဖြတ်ကြရအောင်ပါ။